ထိန်းသိမ်းခံ ဆန္ဒပြသူတွေ ဥပဒေကြောင်းအခွင့်အရေး ဆုံးရှုံးနေ



Share/Bookmark
Police arrest people in Yangon on February 27, 2021, as protesters were taking part in a demonstration against the military coup. (Photo by Ye Aung THU / AFP)

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာပါဝင်လို့ ထိန်းသိမ်းခံရသူတွေထဲမှာ တည်ဆဲဥပဒေနဲ့အညီ ရသင့်တဲ့ အခွင့်အရေးမရဘဲ ဆုံးရှုံးနေသူတွေရှိသလို ဥပဒေကြောင်းအရ ခုခံချေပခွင့် မရသူတွေလည်း တော်တော်များများ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၂ လ ကျော်သွားချိန်မှာ အာဏာရှုင်စနစ် ဆန့်ကျင် ဆန္ဒပြလို့ ဖမ်းဆီးခံရသူ ၂၇၀၀ ထက်မနည်းရှိနေပါပြီ။ ဆန္ဒပြပွဲ ဦးဆောင်သူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားသူတွေကို သေဒဏ်အထိပေးနိုင်တဲ့ နိုင်ငံတော်ပုန်ကန်မှုလို ပြစ်မှုမျိုးအထိတပ်ပြီး ဖမ်းဆီး တရားဆွဲထားပါတယ်။ အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ တည်ဆဲ ဥပဒေနဲ့အညီ ရသင့်တဲ့ အခွင့်အရေး တွေ ဆုံးရှုံးနေသလို ဥပဒေကြောင်းအရ ခုခံချေပခွင့်တွေ မရနိုင်ဘူးဖြစ်နေတဲ့ အခြေအနေကို အမည်မဖော်လိုတဲ့ ရှေ့နေတယောက်က ခုလို ပြောပြပါတယ်။

" မိဘနဲ့ဆက်သွယ်ခွင့်ရရမယ့်ဟာတွေ ပြီးရင်ဥပဒေကြောင်းအရ ဥပဒေအခွင့်အရေးရရမယ့်ဟာ ပြီးတော့သူတို့အခြေအနေတွေပြောပြနိုင်ဖို့ နောက်ချုပ်သင့်တာထက်ပိုချုပ်တာ မလိုလားအပ်ဘဲ အချိန်ကြာဖမ်းထားတာ။ တချို့ကျတော့ သို့လော သို့လောနဲ့ ပုဒ်မတပ်မှာလား ဘာလုပ်မှာလဲ။ အဲဒါမျိုးတွေကြုံနေရတယ်။ လက်ရှိအဲဒါတွေကတော့ ကြူံတွေ့နေရတာပါဘူး"

ဒါကတော့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့်ဖမ်းခံရသူတွေကို ဥပဒေကြောင်းအရ ကူညီပေးနေတဲ့ ရှေ့နေတယောက်က လက်ရှိကြုံနေရတဲ့ အခြေအနေအခက်အခဲကို ဗွီအိုအေကို ပြောပြတာပါ။

ဖမ်းခံရတဲ့အထဲမှာ အသက် မပြည့်တဲ့ ကလေးတွေလည်းပါဝင်နေပါတယ်။ တည်ဆဲဥပဒေတွေအ ရဖမ်းဆီးခံရတဲ့ သူတယောက်ဟာ အသက် ၁၆ နှစ် မပြည့်သေးရင် ရက်ရှည်ချုပ်ထားပိုင်ခွင့်မရှိသလို ပြစ်မှုမြောက်တယ်လို့ ဆုံးဖြတ်ရင်တောင် လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာသာ ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အသက်မပြည့်သေးသူတွေ ဖမ်းခံရတဲ့အခါ အခွင့်အရေးဆုံးရှုံးနေတဲ့ အခြေအနေကို ရှေ့နေက ရှင်းကြပါတယ်။

"ကလေးတွေကိုကာကွယ်ပေးရမယ့်အစား အကာအကွယ်မရဘဲ အကြမ်းဖက်ခံနေရတယ်။ ကလေးတွေဟာ ဖမ်းခံရချိန်မှာ အလွယ်တကူဖမ်းခံရတာရှိတယ်။ ဒီလိုအချိန်မှာ ထုထောင်းရိုက်နှက်တာရှိတယ်။ တချို့ကလေးတွေဆိုရင် ရာဘာကျည်နဲ့ပစ်ခတ်ခံရတာရှိတယ်။ အဲဒါဆေးကုသခွင့်ရဖို့ကြာနေတာရှိတယ်။ တချို့ဆို နေ့စဉ်အကျဉ်းထောင်ထဲ သွားထားတာရှိတယ်။ အဲဒါတွေက ကလေးသူငယ်အခွင့်အရေးကိုယတိပြတ်ချိုးဖောက်ခံနေရတာကိုတွေ့ရတာပေါ့လေ။ အကျဉ်းထောင်ရောက်ရင်ဖြစ်နိုင်သမျှကလေးတွေကို မထိန်းသိမ်းဖို့လို့လိုတယ်။ ဒါကမလုပ်ရမယ့်ဟာပေါ့ ဒါမယ့်ခုကျတော့ ထိန်းသိမ်းတာခံရတယ်။ ဘယ်သူ့အခြေအနေနဲ့ ဆုံးဖြတ်နေမှန်းမသိဘူး။ အဲဒါတွေကလက်ရှိမှာ ချိူးဖောက်ခံရတာတွေ့နေရတယ်"

လက်ရှိမှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အင်းစိန် အကျဉ်းထောင်၊ ရွှေပြည်သာစစ်ကြောရေးစခန်းနဲ့ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတို့မှာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။ လက်ရှိမှာ ရန်ကုန်တိုင်းထဲက မြို့နယ် ၆ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးအနေနဲ့ ကြေငြာထားတာကြောင့် ဒီကြေငြာထားတဲ့ နေရာတွေကနေ ဖမ်းဆီးခံရသူ တွေဟာ စစ်ခုံရုံးတင်စစ်ဆေးခံရမယ့် အခြေအနေဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြင်ပရှေ့နေတွေဆီက အကူအညီရယူခွင့် ခုခံချေပပိုင်ခွင့်လဲမရကြပါဘူး။ ဒီမြို့နယ် ၆ ခုကဖမ်းခံထားရသူတွေနဲ့ပတ်သတ်လို့ ဘယ်နှစ်ယောက်ကို ဘယ်လိုပုဒ်မတွေနဲ့ အရေးယူမလဲ ယူထားသလဲဆိုတာ မသိရသလို ဘယ်နှယောက်ကို ပြစ်ဒဏ်ချ အရေးယူပြီး ပြီလဲဆိုတာတောင် စာရင်းမသိနိုင်ဘူးလို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ ရှေ့နေကပြောပါတယ်။ မျက်ကွယ်စစ်ဆေးမှု တွေနဲ့ တဖက်သတ် စီရင်ချက်ချခံရမှုတွေကို ခုခံပေးနိုင်ဖို့ ကာကွယ်ပေးနိုင်ဖို့ အတော်လေးခက်ခဲနေတယ်လို့ ကူညီပေးနေတဲ့ ရှေ့နေကပြောပါတယ်။

လတ်တလောမှာ ဖမ်းဆီးခံရသူစာရင်းဟာ ၂၇၀၀ ထက်မနည်းရှိနေပေမယ့် စာရင်းတိကျရနိုင်ဖို့ အတော်လေးကြိုးစား လုပ်ဆောင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B က ကိုဆန်းမင်းကပြောပါတယ်။ မြေပြင်အခြေအနေအရ စာရင်းကောက်ခံနိုင်တာ ခက်ခဲနေသလို အင်တာနက်ဖြတ်တောက်တာတွေနဲ့ တခြားဆက်သွယ်ရေးဖြတ်တောက်တာတွေကြောင့် နယ်မြို့တွေဘက်က စာရင်းကောက်ယူဖို့ ပိုအခက်တွေ့နေတယ်လို့ သူကပြောပါတယ်။


စုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/peoples-protest-against-military-coup-they-do-not-have-legal-rights/5838480.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ