အာဆီယံအထူးကိုယ်စားလှယ်ကို အမြန်ဆုံးလက်ခံဖို့ စစ်ကောင်စီကို လူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews

အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့်ပြုဖို့ မြန်မာ စစ်တပ် အကြီးအကဲကို ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အာဆီယံရဲ့ မြန်မာ့ အရေး အထူးအစည်းအဝေး ဘုံသဘောတူညီချက်မှာ အာဆီယံ ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာ့ နိုင်ငံရေး အကြပ်အတည်း ဆွေးနွေးရေး ကြားဝင် ဆောင်ရွက်နိုင်ဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

စစ်တပ် အကြီးအကဲ ကိုယ်တိုင် တက်ရောက် သဘောတူခဲ့တယ်လို့ ဆိုတဲ့ အာဆီယံရဲ့ မြန်မာ့ အရေး အထူးစည်းဝေးပွဲရလဒ် ဘုံသဘောတူညီချက်မှာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ ပါရှိပြီး ဒါဟာဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်ကြောင့် လူပေါင်း ၇၅၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တဲ့ ပြဿနာကြီးကို အဆုံးသတ်နိုင်ရေး အရေးကြီးတဲ့ ပထမ ခြေလှမ်း တရပ် ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews က အင်္ဂါနေ့မှာ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဒီ ကတိကဝတ်ကို လေးစားလိုက်နာဖို့ ရည်ရွယ်ထားသလားဆိုတာကို ဒီမိုကရေစီ ပြန်လည် ကျင့်သုံးရေး နိုင်ငံတဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြန်မာ လူထုကို အသိပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာ စစ်ခေါင်းဆောင်ထံ အင်္ဂါနေ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

မြန်မာ လက်နက်ကိုင် တပ်ဖွဲ့တွေကြောင့် အသက်ဆုံးရှုံးရမယ့်အရေး၊ ဒဏ်ရာ ရမယ့် အရေးနဲ့ တရားဥပဒေမဲ့ ဖမ်းခံရမယ့် အရေး စိုးရိမ်စရာ မလိုဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှု အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ဆိုတဲ့ မြန်မာ လူထုရဲ့ အခြေခံ လူ့အခွင့်အရေးကို လေးစားလိုက်နာပါမယ်ဆိုတဲ့ ကတိကဝတ်မျိုး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူသိရှင်ကြား ပေးအပ်ဖို့လည်း အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။

စစ်တပ် အကြီးအကဲ ထိန်းချုပ်တဲ့ တပ်ဖွဲ့တွေက တိုက်ခိုက်မယ့် အရေး စိုးရိမ်စရာ မလိုဘဲ အခြေခံ လူ့အခွင့်အရေးကို လွတ်လပ်စွာ ကျင့်သုံးခွင့် ရလာနိုင်ပြီလို့ ယုံကြည်နေကြသူတွေ အတွက် ဒီ ကတိကဝတ်က သေရေး ရှင်ရေး တမျှ အရေးကြီးနေတယ်လို့လည်း ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်က ပြောဆိုထားပါတယ်။ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လေးစား လိုက်နာမယ်လို့ မပြောသေးပါဘူး။ နိုင်ငံတွင်း တည်ငြိမ်မှု၊ နိုင်ငံ အကျိုးစီးပွား အပေါ်မှာ အခြေခံပြီးမှ အာဆီယံ ခေါင်းဆောင်တွေရဲ့ အကြံပြုချက်ကို စဉ်းစားမယ်လို့ သူ ဦးဆောင်တဲ့ စစ်ကောင်စီက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာပါ။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/asean-tom-andrews-/5869076.html

အာဆီယံအထူးကိုယ်စားလှယ်ကို အမြန်ဆုံးလက်ခံဖို့ စစ်ကောင်စီကို လူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း အာဆီယံအထူးကိုယ်စားလှယ်ကို အမြန်ဆုံးလက်ခံဖို့ စစ်ကောင်စီကို လူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.