အာဆီယံဘုံသဘောတူညီချက် နိုင်ငံပိုင်သတင်းစာတွေမှာ မဖော်ပြ

အာဆီယံဘုံသဘောတူညီချက် နိုင်ငံပိုင်သတင်းစာတွေမှာ မဖော်ပြ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ၂၀၂၁ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကန့်ကွက်ဆန္ဒပြစဉ်။ via Reuters

ဧပြီ ၂၄ ရက် မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ငါးချက်ကို အာဆီယံအသင်းက အဲဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပေမယ့် ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေ၊ အကြမ်းဖက် ဖြိုခွဲမှုတွေ၊ ရာနဲ့ချီတဲ့ပြည်သူတွေ သတ်ဖြတ်ခံရပြီး ထောင်နဲ့ချီပြီး အဖမ်းခံနေရတာတွေကြောင့် အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် အစည်းအဝေးမှာ မြန်မာ့အရေး ဘာတွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို နိုင်ငံတွင်းမှာ လုံးဝ သတင်းမှောင်ချထားတာ တွေ့ရပါတယ်။

မြန်မာ့အရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ ရှေ့ဆက်လုပ်မယ့်လုပ်ငန်းစဉ်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးခဲ့တယ်လို့သာ သတင်းစာတွေမှာ ရေးထားပါတယ်။

သူက ဘယ်လိုအချက်တွေ ဆွေးနွေးခဲ့ပြီး တခြားအာဆီယံ ခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘာတွေ ပြောဆို ဆွေးနွေးခဲ့သလဲ ဆိုတဲ့အချက်တွေကို မြန်မာသတင်းစာတွေက မဖော်ပြပါဘူး။

မြန်မာ့အရေး အာဆီယံအသင်းရဲ့ ဘုံသဘောတူညီချက် ငါးချက်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မြန်မာ ပြည်သူတွေရဲ့ အကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရေးအတွက် သက်ဆိုင်ရာအင်အားစု အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးဖို့၊ ဒီဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေးအတွက် အာဆီယံအသင်းဥက္ကဋ္ဌရဲ့ အထူးသံတမန်က ကြားဝင်ကူညီပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အာဆီယံက ပေးဖို့နဲ့၊ အာဆီယံအသင်းရဲ့ အထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာပြီး မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ သက်ဆိုင်တဲ့ အင်အားစု အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့ ဆိုတာတွေ ပါဝင်တယ်လို့ အာဆီယံအသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာ့အရေး အာဆီယံအစည်းအဝေး ထုတ်ပြန်ချက် (မူကြမ်း) မှာ "နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ရေး" ကို ဘုံသဘောတူညီချက် တစ်ရပ်အဖြစ် မူလက ထည့်သွင်းထားပေမယ့် တရားဝင် အစည်းအဝေးကြေညာချက် ထုတ်ပြန်တဲ့အခါမှာ ပြောင်းလဲသွားတယ်လို့ ရိုက်တာသတင်းဌာနက ဧပြီလ ၂၅ ရက်နေ့က ဖော်ပြလိုက်ပါတယ်။

အာဆီယံသဘာပတိရဲ့ အပြီးသတ်ထုတ်ပြန်ချက်မှာ အဲဒီကိစ္စကို ပြုပြင်ရေးသားထားတာ တွေ့လိုက်ရတဲ့အတွက် အင်မတန် အံ့အားသင့်မိတယ်လို့ မူကြမ်းဖတ်ရှုခဲ့ရတဲ့ အမည်မဖော်လိုသူ ပုဂ္ဂိုလ်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အချိန်မှာ ဘယ်ပုံဘယ်နည်း ပြောင်းလဲသွားတာလဲ ဆိုတာကိုတော့ ထုတ်ဖော်မပြောပါဘူး။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟိရှမ်မဒ်ဒင် ဟူစိန်ကလည်း… မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ရေးအတွက် အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ် ဆိုပြီး တနင်္ဂနွေနေ့က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တရားဝင် ရေးသားထားပါတယ်။

အာဆီယံ အလှည့်ကျသဘာပတိ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ရိုက်တာသတင်းဌာနက ဒီကိစ္စ စုံစမ်းမေးမြန်းထားပေမယ့် လောလောဆယ် အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/asean-concensus-newspaper-04252021141153.html

အာဆီယံဘုံသဘောတူညီချက် နိုင်ငံပိုင်သတင်းစာတွေမှာ မဖော်ပြ အာဆီယံဘုံသဘောတူညီချက် နိုင်ငံပိုင်သတင်းစာတွေမှာ မဖော်ပြ Reviewed by THITHTOOLWIN on 06:19 Rating: 5

No comments:

Powered by Blogger.