စစ်ရေးတင်းမာနေတဲ့ နမ္မတူ မန်ဆာရွာမှာ ထွက်ပြေးရသူ နှစ်ထောင်ကျော်ရှိ



နေအိမ် ဆယ်လုံးကျော် မီးလောင်ခဲ့တဲ့ မန်ဆာကျေးရွာဟာ နမ္မတူ-သီပေါလမ်းပိုင်းမှာ ရှိတာဖြစ်ပါတယ်။ မနေ့က ညပိုင်းမှာ နေအိမ်တွေ မီးလောင်တယ်ဆိုလို့ ဒီမနက်မှာ ရွာသားတွေက သွားရောက်ကြည့်ရှု့ကြချိန် တိုက်အိမ်တွေ၊ နှစ်ထပ်ပျဉ်ထောင်အိမ်တွေအပါအဝင် နေအိမ် ဆယ့်နှစ်လုံးအထိ မီးလောင်နေတာကို တွေ့ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန်ဆာကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

မနေ့က မီးလောင်ခဲ့တဲ့ မန်ဆာကျေးရွာက ရွာသားတွေကတော့ အခုလ ငါးရက်နေ့တည်းကနေ နမ္မတူမြို့နယ် မန်စံကျေးရွာ၊ ကောင်းဟုန်းရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြတာပါ။ မန်ဆာကျေးရွာ၊ ပန်လုံရွာတွေရဲ့ အနီးတစ်ဝိုက်မှာ RCSS တပ်ဖွဲ့တွေ လှုပ်ရှားနေတာဖြစ်ပြီး တစ်မိုင်နီးပါးဝေးတဲ့ ကောင်းဟုန်းကျေးရွာ အနီးတစ်ဝိုက်မှာတော့ SSPP/TNLA ပူးပေါင်းအဖွဲ့တွေ လှုပ်ရှားနေတာပါ။ မနေ့ကတော့ ကျေးရွာတွေအနီး တိုက်ပွဲဖြစ်တာမရှိဘူးလို့ ရွာသားတွေက ပြောပါတယ်။

ဧပြီလ လေးရက်နေ့က နေအိမ် အလုံးနှစ်ဆယ်ကျော် မီးလောင်ခဲ့တဲ့ ပန်လုံကျေးရွာအုပ်စုထဲက မန်ကျန်းရွာမှာ နေအိမ် ဆယ်လုံးကျော်၊ ပန်လုံရွာမှာ နေအိမ် သုံးလုံး ထပ်မံမီးလောင်ခဲ့တယ်လို့ မန်ဆာကျေးရွာသားက ပြောပါ တယ်။

မနေ့က မီးလောင်သွာတဲ့ မန်ဆာရွာက အိမ်တွေထဲမှာ RCSS တပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ အသက် ၃၂ နှစ်အရွယ် ဦးချစ်မောင်လေး ဆိုသူရဲ့အိမ်လည်း ပါပါတယ်။ မန်ဆာရွာက အသက် ၃၂ နှစ်အရွယ် ဦးချစ်မောင်လေးနဲ့ အသက် ငါးဆယ်ကျော်အရွယ် ဦးအိုက်ငင်း တို့ကို မတ်လ ၂၈ရက်နေ့ ညနေပိုင်းမှာ RCSS တပ်ဖွဲ့က မေးစရာ ရှိလို့ဆိုပြီး ခေါ် သွားခဲ့ရာကနေ ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ ဦးချစ်မောင်လေး ရဲ့ မိသားစုဝင် နန်းမွေလျန်က ပြောပါတယ်။ သူတို့နေအိမ် မီးလောင်ပျက်စီးသွားရင်တောင် အစ်ကိုဖြစ်သူ ပြန်လာရင် ကျေနပ်တယ်လို့ သူက ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့ ညပိုင်းမှာ နမ္မတူ-နမ့်ဆန်လမ်းပိုင်းပေါ်က ရေအိုး ရွာသူကြီး ဦးကြာယုံနဲ့ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မိုင်းနေလင်းစွာ၊ အသက် ၂၀ အရွယ် မိုင်းနေလင်းဦး တို့ကို RCSS တပ်ဖွဲ့က ခေါ် ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကို လုံး၀ အဆက်အသွယ်မရဘူး ဖြစ်နေကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အခုလ ဧပြီ လေးရက်နေ့ နောက်ပိုင်း နမ္မတူမြို့နယ် နဲ့ သီပေါမြို့နယ်ကြားက ကျေးရွာတွေမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြန်ပြင်းထန်လာခဲ့ပြီး နမ္မတူမြို့နယ်အတွင်းက ပန်လုံရွာ၊ မန်ကျန်းရွာမှာ လက်နက်ကြီးကျလို့ လူနေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားတွေဟာ မန်စံကျေးရွာနဲ့ ကောင်းဟုန်းရွာတွေကို ထွက်ပြေးနေကြရပါတယ်။ အလားတူ နမ္မတူမြို့နယ် မန်လီရွာ မှာလည်း နေအိမ် လေးလုံး မီးရှို့ခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။ ဒါ့ကြောင့် အခုလအတွင်းမှာပဲ နမ္မတူမြို့နယ်အတွင်းက ပန်လုံရွာ၊ မန်ကျန်းရွာ၊ မန်ဆာရွာတွေက အရပ်သား နေအိမ် ငါးဆယ်နီးပါး မီးလောင်ခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ ကျေးရွာသားတွေ အဖမ်းခံထားရတဲ့အပေါ် RCSS ပြောခွင့်ရသူတွေကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရပါဘူး။ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် ကတော့ ဧပြီ ၂၁ ရက်နေ့မှာ ပန်လုံမန်ဟောင်ရွာဘက် တိုက်ပွဲဖြစ်တာရှိပေမယ့် နေအိမ်မီးလောင်မှု အခြေအနေတွေကို အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ဧပြီလဆန်းပိုင်းထဲကနေ နမ္မတူနဲ့ သီပေါမြို့နယ်ကြား ပန်လုံ၊ မန်ကျန်း၊ မန်ဆာ ကျေးရွာတွေမှာ တိုင်းရင်းသား အချင်းချင်း တိုက်ပွဲကြောင့် သီပေါ -နမ့်လန်လမ်းပိုင်းက မန်လီရွာမှာ လူဦးရေ သုံးရာ၊ သီပေါမြို့က ဘိုးတော်ကျောင်းမှာ လူဦးရေ နှစ်ရာကျော်၊ စားသုံးသူရေးရာ ဂိုထောင်မှာတော့ လူဦးရေ နှစ်ရာ့ငါးဆယ် ရှိနေပါတယ်။ သီပေါ ရေဟော်ကျောင်းမှာ ရေအိုး၊ မန်ကျန်း၊ ပန်လုံ စတဲ့ရွာတွေက ထွက်ပြေးလာသူ ငါးရာကျော်ကို လက်ခံထားရတဲ့အတွက် သီပေါမြို့က နေရာ လေးခုမှာ စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင် နဲ့ နမ္မတူမြို့နယ်က ပန်သပြေရွာမှာ လူဦးရေ ငါးရာကျော် မန်စံကျေးရွာက နေရာ နှစ်ခုမှာ လူဦးရေ သုံးရာကျော် နဲ့ ကောင်းဟုန်းရွာမှာ တစ်ရာကျော်ရှိတဲ့အတွက် စစ်ရှောင်စခန်း လေးခုမှာ လူဦးရေ တစ်ထောင်လောက် ရှိနေပါတယ်။

စစ်ရှောင်တွေအတွက် စေတနာရှင်တွေက လတ်တလော ကူညီနေပေမယ့် ရေရှည်ဆိုရင် အခက်အခဲ ရှိနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။ သီပေါနဲ့ နမ္မတူ လမ်းပိုင်းက ပန်လုံအုပ်စု၊ ချောင်းဆာအုပ်စုအတွင်းက ကျေးရွာတွေဟာ စစ်ရေးအရ အရေးပါတာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နယ်မြေစိုမိုးရေးအကြောင်းပြချက်နဲ့ ၂၀၁၆ ထဲက တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။ တိုက်ပွဲကြောင့် အရပ်သား သေဆုံး၊ ထိခိုက်မှုတွေများလို့ ဒေသခံတွေ အရပ်ဖက်အဖွဲ့တွေနဲ့ ဆရာတော်တွေက တွေ့ဆုံဆွေးနွေးရေးကို တွန်းအားပေးခဲ့ကြပေမယ့် လက်နက်ကိုင်အဖွဲ့တွေကြား ထိရောက်တဲ့ ဆွေးနွေမှု ရလဒ်တေ့ာ မရသေးပါဘူး။ တိုင်းရင်းသားအရေး လေ့လာသူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိ ကာလ တိုင်းရင်းသားအချင်းချင်း ဖြစ်နေတဲ့ နယ်မြေလုတိုက်ပွဲ အခင်းအကျင်းဟာ ရေရှည်မှာ ဒေသခံတွေကို ပိုမိုထိခိုက်စေလို့ တွေ့ဆုံဆွေးနွေကြဖို့ကိုသာ တိုက်တွန်းလိုတယ်လို့ ပြောပါတယ်။

RFA Burmese



စစ်ရေးတင်းမာနေတဲ့ နမ္မတူ မန်ဆာရွာမှာ ထွက်ပြေးရသူ နှစ်ထောင်ကျော်ရှိ စစ်ရေးတင်းမာနေတဲ့ နမ္မတူ မန်ဆာရွာမှာ ထွက်ပြေးရသူ နှစ်ထောင်ကျော်ရှိ Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.