တမူးနဲ့ မြင်းခြံအနီး စစ်တပ်နဲ့ ဒေသခံအပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွား

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြင်းခြံမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၈၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြတဲ့အထဲ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မနေ့ကညက စစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ စစ်သားတဦး သေဆုံးခဲ့ပါတယ်။ အလားတူ မြင်းခြံမြို့အနီးမှာလည်း စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း မန္တလေးကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မနေ့ဧပြီ ၂၇ ရက်ညပိုင်းက တမူးမြို့လုံခြုံရေးအဖွဲ့နဲ့ စစ်တပ်တို့ ၂ ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာမှာ CDM လုပ်ပြီး တမူးလုံခြံုရေးအဖွဲ့နဲ့ ပူးပေါင်းထားတဲ့ စစ်သားတဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး သတ်လိုက်တယ်လို့ တမူးလုံခြံုရေးတပ်ဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီဘက်က မနေ့က ကိုးသောင်းဆိုတဲ့ ရွာလေးကို တက်လာခဲ့တယ်ပေါ့။ အဲ့ဒီကနေ စပစ်ကြတာ။ ကျနော်တို့ အဖွဲ့ကနေပြီး အဲ့ရွာရဲ့တဝိုက်မှာပေါ့နော် အဲ့ကနေပစ်ခတ်ကြတာပေါ့။ ကျနော်တို့ တမူးလုံခြုံရေး အဖွဲ့တွေနဲ့ အဲ့ဒီမှာ CDM ဝင်ထားတဲ့ စစ်သားတယောက်ပေါ့နော်။ ကျနော်တို့ အဖွဲ့သားပါပဲ။ ကျနော်တို့နဲ့ ပူးပေါင်းလာတယ်။ CDM စစ်သားဖြစ်တယ်။ သူကကျတော့ အဲ့ဒီမှာ ဖမ်းခေါ်သွားတာပေါ့။ တိုက်ရင်းခိုက်ရင်းနဲ့ သူ့ကို မိသွားပြီးတော့ သူ့ကို ဖမ်းခေါ်သွားကြတယ်။ စစ်ကောင်စီဘက်က ဖမ်းခေါ်ပြီးကျတော့မှပဲ သူ့ကိုချက်ချင်းပဲ တခါတည်း သတ်လိုက်တယ်လို့ပြောလို့ရပါတယ်။ ညတွင်းချင်းပါပဲ။”

ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း တမူးမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် သေဆုံး၊ ဒဏ်ရာရသူ အတော်များများ ရှိခဲ့သလို ဆန္ဒပြသူတွေဘက်က ရရာလက်နက်နဲ့ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်လည်း သေဆုံးသူတွေ ရှိခဲ့တာပါ။

အဲဒီနောက် လက်နက်ကိုင်တပ်ဖွဲ့တွေက ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို လိုက်လံ ဖမ်းဆီးမှုတွေ ရှိနေတဲ့အတွက် ဒေသခံအတော်များများလည်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်တာတွေ ရှိနေပါတယ်။

အလားတူပဲ မြင်းခြံမြို့အနီးက တလုတ်ရွာမှာဆိုရင်လည်း စစ်တပ်နဲ့ ကျေးရွာသားတွေ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်လို့ ရွာသား တဦးက အခုလိုပြောပါတယ်။

“သူတို့က ၃ နာရီမတ်တင်းလောက်ရောက်လာတာလေ။ ဘယ်လိုတွေလည်းဆိုတော့ သေနတ်တချက်ပစ်ပြီးတော့ ဒီဘက်ကို ဝင်ချလာတာ။ အဲ့ဒီမှာရွာသားတွေက ပြန်လည်ပြီးခုခံတာနဲ့ပေါ့ဗျာ။ တချို့ရွာတွေကိုတော့ ဝင်ပြီးပြီ။ ဒီဘက်ကိုလာတဲ့အနေအထားက အုပ်ချုပ်ရေးတင်ချင်တဲ့သဘောလည်း ရှိတယ်။ အမှန်တော့ တင်ချင်လို့ရောက်လာတဲ့အနေအထားပေါ့။ လောလောဆယ်ရွာက ကားထွက်လာတယ်ဆိုရင် ရွာဘက်က ညီညီညာညာနဲ့ အပြင်ဘက်မှာ စောင့်နေတဲ့အပိုင်းတော့ရှိတယ်။”

၂ ဘက်အပြန်အလှန် ပစ်ခတ်မှုမှာ သေဆုံးဒဏ်ရာရတာမရှိဘဲ ကျေးရွာရဲ့နေအိမ်အချို့ကို ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေကိုလည်း ယူဆောင်သွားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်သူတွေအပေါ် လက်နက်နဲ့ အနိုင်ကျင့်တာကို မခံနိုင်တဲ့ ဒေသခံတွေက ရရာလက်နက်တွေနဲ့ ပြန်လည် ခုခံ တိုက်ခိုက်နေကြတာကြောင့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အတော်များများလည်း သေဆုံး ဒဏ်ရာရမှုတွေ နေရာအတော်များများမှာ ဖြစ်ပေါ်နေပါတယ်။ 


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest-myint-gyan-and-ta-muu/5869869.html

တမူးနဲ့ မြင်းခြံအနီး စစ်တပ်နဲ့ ဒေသခံအပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွား တမူးနဲ့ မြင်းခြံအနီး စစ်တပ်နဲ့ ဒေသခံအပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွား Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.