သံဃာတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ စည်းရုံးနေ



အာဏာသိမ်း စစ်ကောင်စီဟာ မဟန ဆရာတော်ကြီးတွေရဲ့ ကြေညာချက်ထွက်လာပြီးနောက်ပိုင်းမှာ သံဃာတွေရဲ့ဖယ်ကြဉ်မှုကို ပိုမိုရင်ဆိုင်နေရတဲ့အတွက် သံဃာတွေကို စည်းရုံးဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မဟနအဖွဲ့ကြီးကိုပါ ပြင်ဆင်ဖွဲ့စည်းဖို့ ကြံစည်နေတယ်လို့လည်း သတင်းထွက်ပါတယ်။

အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မဟန ဆရာတော်ကြီးတွေက မကြာခင်က ကြေညာချက်ထုတ်ပြန် တားမြစ်ခဲ့တဲ့အတွက် စစ်ကောင်စီဟာ သူတို့သြဇာခံမယ့် ဆရာတော် သံဃာတော်တွေကို လိုက်လံစည်းရုံးနေတယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေဆောင်ရွက်ရာမှာ YMBA အဖွဲ့ကိုလည်း အသုံးချနေတယ်လို့ ဘားအံမြို့ရှိ ဆရာတော် မင်းသုည က RFA ကို မိန့်ကြားပါတယ်။

“YMBA က မြို့နယ်တိုင်းမှာ သူတို့ အသင်းတွေ လိုက်ထောင်နေတယ် ၊ ထောင်တဲ့အခါမှာ သံဃာ့နာယကတွေကို ဖိအားပေးတာပေါ့။ အဲဒီ YMBA မှာ ဥက္ကဋ္ဌ လုပ်ပေးဖို့ပေါ့။ အရင်က မဘသ ဖွဲ့သလိုမျိုးပေါ့။ အသင်းတွေကို လူလည်းဖွဲ့ ဘုန်းကြီးလည်းဖွဲ့ အဲသလို လိုက်လုပ်နေတယ်။ ဦးဇင်းတပါးဆိုရင် သူတို့ အဲဒီဆရာတော်မသိဘဲနဲ့ ဇွတ်အတင်း အဓမ္မ နာမည်ထဲ ထည့်ထားတာပေါ့။ နောက်ပိုင်း ဆရာတော်က သူမသိဘဲ သူ့နာမည်ထည့်ထားတယ် သူ မပါပါဘူးဆိုပြီး စာတောင် ထွက်လိုက်သေးတယ်။ ဟိုနေ့က ရန်ကုန်က ဦးဇင်းသူငယ်ချင်းတပါးက ပြောတယ်- သူတို့ ဘုရားတွေ စဖွင့်တော့တဲ့ ဘုရားလုံခြုံရေး တရားစည်ပင်ရေးအတွက်ဆိုပြီး ဘုန်းကြီးတွေနဲ့ လူတွေနဲ့ လိုက်ဖွဲ့တယ်တဲ့။ တချို့ကလည်း ရိုးရိုး ဘုရားစောင့်ရှောက်တာပဲလေ ဆိုပြီး စာရင်းပေးကြတာပေါ့ ဘုန်းကြီးတွေ။ နောက်လဲကျရော အတွင်းထဲက သတင်းရတာပေါ့။ စစ်တပ်ထောက်ခံပွဲလုပ်ရမယ် ဒီကိုယ်တော်တွေကနေ ဆိုလို့ တချို့ရှောင်ကုန်ကြတာပေါ့- အဲဒါဆို မပါဘူးဆိုပြီးတော့။ ဘုန်းကြီးတွေက သူတို့ကိုထောက်ခံပါတယ်ဆိုတာကို ဒီ အသင်းတွေလုပ်ပြီး ပြချင်ပုံရပါတယ်။”

ဒီအတောအတွင်းမှာပဲ မဟန အဖွဲ့ကြီးကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ကြံစည်နေကြောင်း ကြားသိရတယ်လို့ မန္တလေးရှိ သပိတ်တိုက်ပွဲဝင် ဆရာတော်တပါးက မိန့်ပါတယ်။

“ဒီ မဟန ကိုတောင်မှ အသစ်ပြန်ဖွဲ့မယ်ဆိုတဲ့ သတင်းမျိုးကြားနေရတယ်။ ဒါပေမဲ့ တိတိကျကျတော့ မသိရသေဘူး။ ပြန်ဖွဲ့မယ်ဆိုရင်တော့ သူတို့စိတ်တိုင်းကျ မ.ဘ.သ အဖွဲ့ကြီးရှိတယ်ဗျာ။”

မန္တလေးမြို့ရှိ တခြားကျောင်းတိုက်က ဆရာတော်တပါးကတော့ အဲဒီလို မဟန ကိုပြင်ဆင်ဖွဲ့စည်းဖို့ အခက်အခဲ အများကြီး ရှိနိုင်ပါတယ်လို့ ဝေဖန်မိန့်ကြားပါတယ်။

“မဟန ၄၇ ပါးဆိုရင် ၃ဝ ကျော်လောက်ကတော့ များသောအားဖြင့် လုံးဝမကြိုက်တဲ့ ဆရာတော်တွေရှိသလို သူတို့ကို ကြိုက်တဲ့ဆရာတော်တွေလဲ ရှိတယ်။ အဲဒီ ကြိုက်တဲ့ဆရာတော်တွေကို သူတို့က ဆွဲတင်ပြီး ထုတ်ရင်တော့ နောက်ပြီး ဘေးက စာသင်တိုက်ကဆရာတော်တွေ တချို့ရှိလိမ့်မယ် အဲဒါကို ထပ်ပြီး အားဖြည့်ပြီး ၄၇ ပါး ပြန်လုပ်ရင် လုပ်လိမ့်မယ်။ ဒါပေမဲ့ အဲလိုဖြစ်ဖို့ဆိုရင်တော့ ဒီ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က ရောကောသောကော လုပ်လို့မရဘူး။ ဦးဇင်းတို့ ဒီမဟန အဖွဲ့အစည်းဆိုတာက များသောအားဖြင့် အသက်အရှိန်အဝါ နဲ့ ဂုဏ်အရှိန်အဝါနဲ့ လုပ်ရသေးတာ။ ဂုဏ်အားဖြင့်လည်း ပရိယတ္တိစာသင်သားအများစုရဲ့ ဘုန်းကြီးလောကရဲ့ လေးစားတဲ့သူ ဖြစ်ရမယ် စာသင်တိုက်တွေ တကယ်ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်လဲ ဖြစ်ရမယ်။ ဘွဲ့ ဒီဂရီအားဖြင့်လည်း တကယ်လေးစားတဲ့ ပုဂ္ဂိုလ်ကြီးတွေဖြစ်ရမယ်။ အဲလို ပုဂ္ဂိုလ်တွေက ဘေးမှာ မရှိဘူးလားဆိုရင် ရှိတော့ ရှိတယ်၊ ပြန်ဆွဲထည့်မယ်ဆိုရင်လဲ အဲဒီဆရာတော်တွေက နာမည်ပျက်ခံပြီးတော့ ဝင်မယ့်ပုံ မရှိဘူး။ တကယ်ကို လုံးလုံးလျားလျား ရာထူးမက်တယ်ဆရာတော်တွေဆိုရင်တော့ မသိဘူး။ များသောအားဖြင့် ဝင်မယ်လို့ မထင်ဘူး။ မရမက သူတို့ရှိတာနဲ့ ဆွဲဖွဲ့မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်သွားနိုင်တယ် ဒါပေမဲ့ အရင်လိုတော့ စနစ်ကျတဲ့ မဟနအဖွဲ့အစည်းတော့ မဖြစ်နိုင်ဘူး။ ကသောင်းကနင်းပဲ ဖြစ်မှာပဲ။ မဘသ ဆရာတော်တွေထဲမှာလည်း မှန်ကန်တဲ့ ဆရာတော်တွေရှိတယ် သူတို့ အတင်းအဓမ္မဖွဲ့ရင်လဲ ဒီဆရာတော်တွေ ကိုခေါ်မှာဘဲ။”

သံဃာတွေကို စစ်ကောင်စီက ဘယ်လိုစည်းရုံးနေပါသလဲ။

“Covid 19 ကာကွယ်ဆေးတွေ လိုက်ထိုးပေးတာရှိမယ်။ သူတို့နဲ့ သဟဇာတဖြစ်တဲ့ ကျောင်းတွေဆိုရင် ဆွမ်းလိုက်ကပ်တာတို့၊ ဆေးပစ္စည်းလိုက်လှူတာတို့၊ လိုက်ကန်တော့တာတို့ အဲဒါတွေ ရှိပါတယ်။ ဦးဇင်းတို့ တိုက်ကြီးအနေနဲ့ သံဃာအများဆုံးရှိတဲ့ ခုလောလောဆည် မန္တလေးတိုက်ကြီးအနေနဲ့ လက်မခံဘူးပေါ့နော်။ Covid 19 ဆေးထိုးပါဆိုရင် ဦးဇင်းတို့ တိုက်တွေဆိုရင် အထိုးမခံကြဘူး၊ ထိုးဖို့ အကြိမ်ကြိမ် လျှောက်တာ ရှိတယ်။ ပြည်သူ့မျက်နှာ ကြည့်ပြီးတော့လေ။ ကျောင်းတိုက်ဆရာတော်ကြီးကအစ လက်မခံကြတာ။ တချို့တွေ မြို့သေးတွေက ကျောင်းတွေ စာသင်တိုက်တွေ ထိုးကြတာတော့ တွေ့ရတယ်။ သူတို့ကလဲ အကုန်လုံးကို မယုံဘူး။ ကိုယ်တွေကလဲ သူတို့ကို မယုံဘူး အဲလိုဖြစ်ကုန်ပါပြီ အခုက”

တဆက်တည်းမှာပဲ သူတို့ မန္တလေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြသံဃာ နှစ်ပါးကို အိုးဘိုထောင်ပို့ထားပြီး ဆက်သွယ်လို့မရသလို အစားအစာနဲ့ ဆေးဝါးတွေလည်း ပေးခွင့်မရတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

“အဲဒီ မြတောင်စစ်ကြောင်းမှာပဲ လွန်ခဲ့တဲ့ နှစ်လ လောက်က ဦးဇင်းတပါး၊ လွန်ခဲ့တဲ့ နှစ်ပတ်က ကိုရင်တပါး ပါသွားတယ်။ သူတို့ကို ပစ္စည်းတွေ စားစရာသောက်စရာတွေ ပို့လို့မရဘူး။ အထက်နဲ့ပဲ ညှိနှိုင်းပါလို့ သူတို့က ပြောနေတာပေါ့နော်။ မေတ္တာရပ်ခံစာကတော့ ဆရာတော်ကြီးတံဆိပ်နဲ့ ပို့ထားတယ်၊ မန္တလေး နန်းတွင်းကို ပို့ထားတယ် တိုင်းမှူးဆီ။ အကြောင်းကတော့ တစက်မှမပြန်ဘူး။ ပြန်လွတ်လမ်းတော့မရှိဘူး။”

ဒီအတွင်းမှာပဲ ရန်ကုန်မြို့ခံတဦးကတော့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ မဘသ ဆရာတော်တွေကို လူထုက ဖယ်ကြဉ်ထားကြတယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ရပ်ကွက်ထဲက မဘသ ကျောင်းရှိတယ် ဇေယျမင်္ဂလာ၊ ဟိုဘက်ကဆို တပ်တွင်းတို့။ သူတို့ ဆွမ်းခံကြွလဲ ဆွမ်းဘယ်သူမှ မလောင်းကြဘူး။ တန်ခူးလပြည့်နေ့က ရပ်ကွက်တွေကို ဖိတ်တာပေါ့။ သူတို့ဆီမှာ ကျောင်းအလှူလုပ်လို့ ဖိတ်တာတောင် ဘယ်သူမှ မသွားကြဘူး။”

အာဏာသိမ်းစစ်ကောင်စီဟာ မဘသ ဆရာတော်တွေကို လူထုက အခုလို ဝိုင်းကြဉ်နေကြတဲ့အတွက် တခြား ဆရာတော်တွေကို အရင်ကထက် လိုက်လံစည်းရုံးနေတာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

RFA Burmese



သံဃာတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ စည်းရုံးနေ သံဃာတွေကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ စည်းရုံးနေ Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.