သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးခံရ

သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးခံရ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုမှာတွေ့ရတဲ့ မော်လ်ဒယ် သရုပ်ဆောင် ပိုင်တံခွန်။  Photo: Paing Takhon/Facebook

မော်လ်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ဒီနေ့ နံနက်အစောပိုင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ အမဖြစ်သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ပိုင်တံခွန်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို အမှုဖွင့်ထားကြောင်း မနေ့ညက စစ်တပ်ပိုင်မြဝတီသတင်းဌာနကနေ ကြေညာပြီးနောက် ဒီနေ့ နံနက် အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

"ဒီနေ့ မနက် ၅နာရီမှာ ရဲနဲ့စစ်သား ကား  ၈ စီးနဲ့ ၊ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ၊ မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ၊ Speak Out များများလေး လုပ်ပေးကြပါ၊ ကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ" လို့ အမဖြစ်သူ မေချစ်သွေးက Facebook မှာ ရေးထားပါတယ်။

"ကျနော် ကျန်းမာရေး မကောင်းဖြစ်နေတာ ရက်တော်တော်ကြာပါပြီ၊ မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှုတွေရပြီး ကျန်းမာပါစေလို့၊ ကျနော် ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေပါတယ်ခင်ဗျာ၊ အားနာစွာနဲ့ပဲ ကျနော့်ကိုလည်း ကျန်းမာရေး အမြန်ဆုံးကောင်းအောင် ဆုတောင်းပေးပါခင်ဗျာ" လို့ အဖမ်းမခံရခင် ပိုင်တံခွန်က သူ့ Facebook မှာရေးသားခဲ့ပါတယ်။

တိမ်းရှောင်နေရာကနေ နေထိုင်မကောင်းလို့ အိမ်ကိုခေတ္တပြန်ရောက်နေတဲ့အချိန်မှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းမပေါ်ထွက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အနုပညာရှင်တွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ဆက်တိုက်တရားစွဲဆိုနေပြီး လိုက်လံဖမ်းဆီးနေပါတယ်။ လက်ရှိ တရားစွဲခံရသူ အယောက် ၁၂၀ ကျော် ရှိနေပြီး၊ ဖမ်းဆီးခံရသူက ၁ဝ ဦးခန့် ရှိပါပြီ။

လက်ရှိဖမ်းဆီးခံနေရသူတွေထဲမှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာလူမင်း၊ စာရေးဆရာ မောင်သာချို၊ လူရွှင်တော်ဇာဂနာ၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် စောဖိုးခွားနဲ့ ဖေ့စ်ဘွတ်မှာ နာမည်ကြီးတဲ့ ဘလော့ဂါ ဝင်းမင်းသန်း စသူတွေပါဝင်ပါတယ်။

အနုပညာရှင်အများအပြားက ဖမ်းဆီးခြင်း မခံရအောင် အခု ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/famous-celebrity-got-arrested-04072021205151.html

သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးခံရ  သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 08:46 Rating: 5

No comments:

Powered by Blogger.