ငွေအပိုယူပြီး ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုသစ် ပေါ်နေ

မြန်မာ ပလာဇာမှာ အေတီအမ်က ‌‌ငွေထုတ်ဖို့ တန်းစီနေကြစဉ်

စစ်ကောင်စီ အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ ဘဏ်တွေကနေ ‌‌ ငွေထုတ်ဖို့ အခက်အခဲတွေ ရှိလာနေရာမှာ ‌ငွေသားလက်ငင်း လိုချင်ရင် ၃ ရာခိုင်နှုန်း ပိုပေးရတဲ့ ငွေလွှဲပြောင်းမှု ဝန်ဆောင်မှုသစ် တစ်ခု ပေါ်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အရေးပေါ် ငွေပေးချေစရာ ရှိတဲ့သူတွေဟာ အဲဒီ ငွေလွှဲပြောင်းမှုနဲ့ အလုပ်လုပ်နေကြရတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

‌‌သင်္ကြန်ကာလ ဘဏ်ပိတ်ရက်တွေ ရှိတာကြောင့် ‌‌‌‌အခုရက်ပိုင်းမှာ ဘဏ်တွေကနေ ငွေထုတ်လိုသူတွေ အရင်ကထက် ပိုများနေတယ်လို့လည်း သိရပါတယ်။

"ကိုယ်‌ငွေစာရင်းထဲက ပိုက်ဆံကို ဘဏ်ကနေ ငွေထုတ်ဖို့ တိုကင်မရဖြစ်၊ အေတီအမ် ကလည်း တစ်ရက် ၂ သိန်းပဲ ထုတ်လို့ရတော့ ဝန်ဆောင်မှုပေးတဲ့သူနဲ့ပဲ ထုတ်လိုက်တယ်၊ ၁၀၃ သိန်း စာရင်းလွှဲပေးလိုက်ရင် ကိုယ့်ကို ငွေသား သိန်း၁၀၀ ချက်ချင်း ထုတ်ပေးတယ်၊ အဲဒီအတွက် ၃ သိန်း ပိုပေးရတယ်"လို့ အခုရက်ပိုင်း ‌ ငွေစာရင်း လွှဲပြောင်းပြီး အရောင်းအဝယ် လုပ်ခဲ့သူ တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ဘဏ်တွေကနေ ငွေထုတ်ရတာ အခက်အခဲ ရှိလာတာနဲ့ အရေးပေါ်ငွေလိုတာကြောင့် ဘဏ်စာရင်းကို ငွေလွှဲပြောင်းပြီး အခုလိုလုပ်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးက ကမ္ဘောဇဘဏ်တချို့မှာ တစ်ရက်ကို တိုကင် ၈၀ ခန့်အထိ ထုတ်ပေးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊

ဒါပေမဲ့ တချို့ဘဏ်တွေမှာတော့ တစ်ရက်ကို တိုကင် ၃၀ လောက်သာ လက်ခံတယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။

မန္တလေးက ကမ္ဘောဇဘဏ်မှာ ဧပြီလ ၇ ရက်နေ့ တန်းစီခဲ့သူတွေရဲ့ အပြောအရ ဘဏ်က ငွေထုတ်ဖို့ တိုကင်ပေးတဲ့ ရက်ဟာ လာမယ့် ဧပြီလ ၂၄ ရက်နေ့အထိ ကုန်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း သင်္ဃန်းကျွန်း ဧရာဝတီဘဏ်မှာ ‌ငွေထုတ်ခဲ့သူတစ်ဦးကတော့ မနက် ၄ နာရီခွဲ ကတည်းက တန်းစီတာ တိုကင် အမှတ် ၁၉ ရခဲ့ပြီး မနက် ၉ နာရီခွဲ ဘဏ်ဖွင့်ပြီးချိန်မှ စာအုပ်နဲ့ မှတ်ပုံတင်ထပ်ပြီး ငွေထုတ်ခဲ့ရပုံကို ပြန်ပြောပြပါတယ်။

ပင်စင်စားတွေ အများစုနေထိုင်တဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းက အစိုးရ မြန့်မာစီးပွားရေး ဘဏ်ကလည်း ပင်စင်စားတွေကို လာမယ့် ဧပြီလ ၂၁ ရက်နေ့ နောက်ပိုင်းမှ ‌‌ငွေလာထုတ်ကြဖို့ ထုတ်ပြန်ထားပါတယ်။

ဘဏ်တချို့ ဖွင့်ထားပေမယ့် ‌‌ငွေထုတ်လို့ မရသလို ငွေစာရင်းလွှဲပြောင်းတာသာ လုပ်ပေးနေတဲ့ ဘဏ်တွေရှိတယ်လို့လည်း ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပုဂ္ဂလိက ဘဏ်တွေတင်သာ မကဘဲ အစိုးရ မြန့်မာစီးပွားရေးဘဏ်တွေမှာ ငွေအပ်ထားသူတွေလည်း ထုတ်ယူရတာ အခက်အခဲ ရှိနေတယ်လို့ ‌ငွေစာရင်း ဖွင့်ထားသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်က ဆင်ခြေဖုံးမြို့နယ်တွေမှာ ဘဏ်တွေ မဖွင့်တာကြောင့် ဘဏ်ဖွင့်တဲ့ မြို့နယ်တွေကို သွားပြီး ငွေထုတ်နေရတဲ့ အတွက် လိုအပ်တဲ့အခါ အွန်လိုင်းပေါ်က တွေ့တဲ့ အရေးပေါ်ငွေလွှဲတဲ့ ဝန်ဆောင်မှု တွေကို သုံးနေရတယ်လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပြပါတယ်။

မြောက်ဒဂုံ မြန်မာ့စီးပွားရေးဘဏ်က ထုတ်ပြန်ထားတဲ့ ကြေညာချက်

"ငွေတော့ ထုတ်လို့ရတယ်၊ လူ တစ်ဦး ၅ သိန်းပဲ ထုတ်လို့ရခဲ့တယ်၊ ဗဟိုဘဏ်ပြောသလိုတော့ လူတစ်ဦး၊ စာအုပ် တစ်အုပ်ကို သိန်း ၂၀ တော့ ထုတ်လို့ မရခဲ့ဘူး"လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဘဏ်တစ်ခုနဲ့ တစ်ခုလွှဲဖို့ ငွေလွှဲဝန်‌ဆောင်မှုကို ကန့်သတ်လိုက်တဲ့အတွက် ငွေလွှဲရာမှာလည်း အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဘဏ်တွေ‌ကနေ ငွေထုတ်မှု ကန့်သတ်အပြီး ဘဏ်စာရင်းငွေလွှဲ အရောင်းအဝယ် စျေးကွက်သစ် ပေါ်လာခဲ့ရာမှာ ကိုယ်တိုင် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ လုံခြုံစိတ်ချရတဲ့ အပိုင်းမှာတော့ ဘဏ်တွေလောက် စိတ်မချရတဲ့ အတွက် စိုးရိမ်မှုတွေ ရှိတယ်လို့ ငွေလွှဲသူတွေက ပြောပါတယ်။

အေတီအမ်တွေမှာ ငွေထုတ်ဖို့ တန်းစီနေသူတွေ များပြား

လက်ရှိအခြေအနေအရ လူတွေဟာ ဘဏ်တွေမှာ ငွေထုတ်တာထက် အေတီအမ်တွေမှာ ထုတ်တာ များနေကြောင်း၊ အေတီအမ်တွေမှာ လူတန်းရှည် တန်းစီပြီး စောင့်ကာ ငွေထုတ်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အေတီအမ်တွေမှာ ငွေထုတ်ယူမှုကို အာဏာသိမ်း စစ်ကောင်စီက စတင် ကန့်သတ်ခဲ့ပြီးနောက်ပိုင်း လောလောဆယ် အေတီအမ်တွေမှာ တစ်ရက်ကို ကျပ်နှစ်သိန်းပဲ ထုတ်ယူနိုင်တော့တယ်လို့ ရန်ကုန်မြို့က ငွေထုတ်ခဲ့သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစပြီး စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ အမိန့်အရ အေတီအမ် ဘဏ်ကတ်တွေကို တစ်ရက် ငွေကျပ် ၅ သိန်း ထုတ်ယူနိုင်ခဲ့ရာကနေ ထပ်မံလျှော့ချပြီး ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ တရားဝင် စာမျက်နှာမှာတော့ အေတီအမ်တွေကနေ တစ်ရက် အများဆုံး ၂ သိန်း ထုတ်နိုင်ကြောင်းနဲ့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေသား ထုတ်ယူနိုင်တဲ့ ကန့်သတ်ချက် ပမာဏမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက် တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၂၀)နဲ့ ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၂၀၀) ဖြစ်တယ်လို့ ဧပြီလဆန်းတုန်းက ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ဘက်ကတော့ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ကမ္ဘောဇဘဏ်က အေတီအမ်ကဒ်တွေကို ဗဟိုဘဏ် ညွှန်ကြားချက်အရ တစ်ရက် နှစ်သိန်းပဲ ထုတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ခဲ့တာဟာ မှားယွင်း ထုတ်ပြန်တာလို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်များ ကြီးကြပ်ရေးဌာန ခေတ္တညွှန်ချုပ် ဦးရဲအောင်က ဘီဘီစီကို ပြောခဲ့ပါတယ်။



BBC Burmese

https://www.bbc.com/burmese/burma-56666516

ငွေအပိုယူပြီး ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုသစ် ပေါ်နေ  ငွေအပိုယူပြီး ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုသစ် ပေါ်နေ Reviewed by THITHTOOLWIN on 04:10 Rating: 5

No comments:

Powered by Blogger.