စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဆွေးနွေး

KNU တပ်ဖွဲ့ဝင်များ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ထောက်ခံကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က ပြောကြားလိုက်တာကြောင့် စစ်တပ်နဲ့ ကာလတာရှည် တိုက်ပွဲဆင်နွှဲနေတဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ပိုကြီးမားလာမှာကို စိုးရိမ်လာကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဟာ စနေနေ့မှာ အွန်လိုင်းကနေ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး စစ်တပ်က ဆန္ဒပြပြည်သူတွေ အပေါ် ကျည်အစစ်တွေနဲ့ ပစ်ခတ်တာ အပါအဝင် အကြမ်းဖက်ဖြိုခွင်းတဲ့ လုပ်ရပ်အပေါ်မှာလည်း ပြစ်တင်ရှုတ်ချခဲ့ကြတာပါ။

စစ်တပ်ကအာဏာသိမ်းပြီး ၂ လအကြာမှာ ဆန္ဒပြသူ ၅၅၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာစစ်တပ်က တလတာ အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပေမယ့် လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားကို ထိပါးသူတွေအတွက် မပါဘူးလို့ ကြေညာခဲ့တာပါ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကဗိုလ်ချုပ်ကြီး ယွတ်ဆက်ကတော့ အကြမ်းဖက်ဖြိုခွဲတဲ့ လုပ်ရပ်တွေအတွက် အာဏာသိမ်းစစ်ကာင်စီက တာဝန်ခံမှုရှိရမှာ ဖြစ်ကြောင်းနဲ့ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းနေတာတွေ အပါအဝင် အကြမ်းဖက်လုပ်ရပ်တွေ အားလုံးကို ရပ်တန့်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

NLD အစိုးရလက်ထက် ရရှိထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူညီချက် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ အနေနဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်း ဒီ NCA ကို ပြန်သုံးသပ်ခဲ့ကြ တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ အာဏာရှင်စံနစ်ကျဆုံးဖို့ တောင်းဆိုတဲ့ ပြည်သူတွေနဲ့အတူ တသားထည်း ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွတ်ဆက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU က တပ်မဟာ ၅ နယ်မြေမှာ မြန်မာတပ်စခန်းတခုကို ဝင်ရောက် သိမ်းပိုက်ခဲ့တဲ့ အတွက် တပ်ကမတော်က လေကြောင်းကနေပါ တုန့်ပြန် တိုက်ခိုက်နေသလို ကချင်ပြည်နယ်ဘက်မှာလည်း KIA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေတိုးလာနေ ချိန်မှာပဲအခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/eaos-discuss-to-against-military-coup/5839937.html

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဆွေးနွေး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဆွေးနွေး Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.