မြန်မာ့အရေး ဂျပန်အစိုးရ ပိုလုပ်ပေးဖို့ ဂျပန်ရောက် မြန်မာတွေ ကြိုးပမ်း

ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများ။

အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဂျပန်လုပ်ငန်းတွေ စီးပွားရေးလုပ်နေတာ ရပ်ထားဖို့ အပါအဝင် မြန်မာ့အရေးကို ဂျပန်အစိုးရက တိုက်တိုက်တွန်းတွန်းလုပ်ဖို့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ ကြိုးစားနေကြပါတယ်။ ဂျပန်ပြည်သူတွေက မြန်မာ့နိုင်ငံက အခြေအနေကို စိတ်ဝင်စားပေမဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေဘက်က မြန်မာ့အရေးအတွက် ပိုပြီး လုပ်ဖို့လိုတယ်လို့ သူတို့ကပြောပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ဂျပန်နိုင်ငံမှာ ကြိုးစားနေကြတဲ့အကြောင်း ကိုငြိမ်းချမ်းက ဆက်ပြီးတင်ပြပါမယ်။

မြန်မာ့အရေးကို တွန်းတွန်းတိုက်တိုက်ပြောဆို ဆောင်ရွက်အောင် ဂျပန်ဝန်ကြီးချုပ်ကို တောင်းဆိုထားတဲ့ ပန်ကြားလွှာတွေမှာ လက်မှတ်တွေကို ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ လိုက်ခံကောက်ခံနေပါတယ်။ အဲဒီလက်မှတ်တွေကို စုဆောင်းပြီး ဂျပန်ဝန်ကြီးချုပ်ဆီ ပေးပို့တာအပြင် အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ စီးပွားရေးလုပ်တာ ရပ်ထားဖို့၊ ဂျပန်မှာ ရှိနေတဲ့ နစက စစ်ကောင်စီရဲ့ မိသားစုဝင်တွေ၊ ဆက်နွယ်ပတ်သက်နေသူတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို လုပ်နေကြတာပါ။ ဂျပန်အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ ဥပဒေအရ အတားအဆီးတွေရှိတယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများအသင်း ဥက္ကဋ္ဌ ဦးသန်းဆွေက ဗွီအိုအေကို ပြောပါတယ်။

“လူ့အခွင့်အရေး ကိစ္စတွေမှာ ဂျပန်နိုင်ငံမှာ အားနည်းနေတဲ့ ကိစ္စရပ်တွေ ရှိသလို နိုင်ငံတကာမှာ ဖြစ်နေတဲ့ အရေးအခင်း ကိစ္စတွေနဲ့ ပတ်သက်လို့ ဂျပန်က ပါဝင်ပတ်သက်နိုင်မှု အနေအထားကို ဟန့်တားနေတဲ့ ဥပဒေတွေ ရှိပါတယ်။ အဲဒါတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ကိုလည်း ဂျပန်လွှတ်တော် အမတ်တွေကနေ ကြိုးစားနေတဲ့အခါမှာ ... ဥပမာအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံကိစ္စ၊ ဟောင်ကောင် ဒီမိုကရေစီကိစ္စ၊ နောက် တရုတ်ထဲမှာ ရှိတဲ့ ဝီဂါဘာသာရေး လူမျိုးပေါ့လေ အဲဒီကိစ္စတွေကလည်း ကျနော်တို့နဲ့ လာပြီးပူးပေါင်း ဆောင်ရွက်နေပါတယ်။ နောက်တိဗက်တို့ပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ လှုပ်ရှားမှုက နည်းနည်းလေးပိုပြီး advanced ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့တွေက ကျနော်တို့ကို လာရောက် အင်အားပူးပေါင်းပြီး global လုံးဆိုင်ရာ လှုပ်ရှားမှုတွေကတဆင့် ဂျပန်နိုင်ငံရဲ့ ဥပဒေတွေ ပြောင်းလဲသွားဖို့အတွက် ကျနော်တို့ အဓိကထား လုပ်ဆောင်နေပါတယ်။”

ဒါတွေ အောင်မြင်သွားရင်တော့ မြန့်မာ့အရေးမှာ ဂျပန်အစိုးရ ပါဝင်ပတ်သက်မှုက ပိုအားကောင်းလာမယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ကိစ္စအပေါ် ဂျပန်လူမျိုးတွေ ပိုမိုသိရှိနားလည်ပြီး ဂျပန်အစိုးရကို နားချ တိုက်တွန်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ကြိုးစားနေကြပါတယ်။ ဂျပန်ပြည်သူတွေကြား မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို အရင်ကထက် ပိုစိတ်ဝင်စားလာကြပေမဲ့ ဂျပန်အစိုးရနဲ့ ဂျပန်လုပ်ငန်းရှင်တွေရဲ့ ပူးပေါင်း ပါဝင်လာဖို့က လိုနေသေးကြောင်း ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မသန္တာညွန့်က ပြောပါတယ်။

“အစိုးရက မလှုပ်တာက ဘာဖြစ်လို့လဲဆိုတော့ enterprise တွေ စီးပွားရေးသမားတွေက မလှုပ်ကြလို့၊ တဘက်ကကြတော့လည်း စီးပွားရေးသမားတွေက ဘာလို့ မလှုပ်လဲဆိုတော့ အစိုးရက မလှုပ်လို့၊ အဲဒီလိုပဲ နောက်ဆုံးကျတော့ အခြေအနေက ဘယ်လိုဖြစ်သွားလဲဆိုတော့ ဂျပန်က မလှုပ်ဘူးပေါ့။ ဂျပန်က အသံထွက်လာလို့ရှိရင် တခြားနိုင်ငံတွေကလည်း အာဆီယံနိုင်ငံတွေကလည်း မထွက်လာလို့ မရတော့တဲ့ အခြေအနေဖြစ်မှာမို့ ဂျပန်က အရေးကြီးသလားဆိုရင် အရေးကြီးတယ်လို့ မြင်ပါတယ်။”

မြန်မာ့ဒီမိုကရေစီရေးထောက်ခံအားပေးတဲ့ ဂျပန်လွှတ်တော်အမတ်တချို့နဲ့ မြန်မာ့အရေးလှုပ်ရှားသူတချို့ တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့တာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတာတွေက ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်နိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေသလို မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ဂျပန်နဲ့ အင်ဒိုနီးရှား ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိပါတယ်။ ဒေသတွင်း တည်ငြိမ်ဖို့ ဒီလိုဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။ ခုလို မြန်မာ့အရေးအတွက် ဂျပန်နိုင်ငံမှာသာမက Australia နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတို့မှာလည်း ကြိုးပမ်းဆောင်ရွက်မှုတွေရှိပါတယ်။ ဒီနေ့မှာပဲ Australia နိုင်ငံ လွှတ်တော် ၂ ရပ်ပေါင်း နိုင်ငံခြားရေးရာ ဆပ်ကော်မတီတခုမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကြားနာ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက ဒေသတွင်းမှာ ဘယ်လို ဂယက်ရိုက်နိုင်သလဲဆိုတာကို ဆွေးနွေး ပြောကြားခဲ့ကြပါတယ်။ တောင်ကိုရီယားမှာလည်း မြန်မာအရေးလှုပ်ရှားသူတွေက အစီအစဉ်မျိုးစုံနဲ့ စည်းရုံး လှုံ့ဆော်နေကြပါတယ်။ 


ငြိမ်းချမ်း/ VOA Burmese

https://burmese.voanews.com/a/myanmar-japan-mm-military-coup/5851123.html

မြန်မာ့အရေး ဂျပန်အစိုးရ ပိုလုပ်ပေးဖို့ ဂျပန်ရောက် မြန်မာတွေ ကြိုးပမ်း မြန်မာ့အရေး ဂျပန်အစိုးရ ပိုလုပ်ပေးဖို့ ဂျပန်ရောက် မြန်မာတွေ ကြိုးပမ်း Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.