အာဆီယံခေါင်းဆောင်များ အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက်

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ဖို့ ဂျကာတာကို ရောက်ရှိလာတဲ့ ဘရူနိုင်းဘုရင် (လယ်)။ (ဧပြီ ၂၄၊ ၂၀၂၁)

မြန်မာလူထုရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတခု ရရှိရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား အချက် ၅ ချက်ပါ သဘောတူညီချက်တခု ရခဲ့တယ်လို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအချက်တွေကတော့ အကြမ်းဖက်လုပ်ရပ်တွေအားလုံး ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူအားလုံး အနေနဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်ကြဖို့၊ လူထုရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတခု ရရှိရေး သက်ဆိုင်သူအားလုံး အနေနဲ့ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့၊ ဒီဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို အာဆီယံ အတွင်းရေးမှူးချုပ်က အထောက်အကူပြုပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်တဦးက ကမကထပြု ဖော်ဆောင်ပေးဖို့၊ အာဆီယံ လူသားစာနာမှု အကူအညီပေးရေး ဌာနကနေတဆင့် အာဆီယံအနေနဲ့ လူသားစာနာမှု အကူအညီပေးဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး အထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့တို့ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်က အာဆီယံရုံးချုပ်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ဒီသဘောတူညီချက်တွေ ရတာပါ။

မြန်မာနိုင်ငံမှာ သေဆုံးမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ အရှိန်မြင့်လာတာ အပါအဝင် တိုင်းပြည်အခြေအနေအပေါ် အထူးစိုးရိမ်တဲ့အကြောင်းလည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းဖို့ ဆက်ပြီး ကြိုးပမ်းလုပ်ဆောင်မှု အရေးကြီးတယ်ဆိုတာ အလေးထား ပြောဆိုခဲ့ကြတယ်လို့လည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီခေါင်းဆောင်ကို တိုက်တွန်းပြောဆိုခဲ့တယ်ဆိုတာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူ ခေါင်းဆောင်တွေက သီးခြားစီ ထုတ်ပြန် ပြောဆိုခဲ့ကြပေမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်နဲ့ သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ထဲမှာတော့ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ကိစ္စ မပါဝင်ပါဘူး။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/asean-chair-statement/5865434.html

အာဆီယံခေါင်းဆောင်များ အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက် အာဆီယံခေါင်းဆောင်များ အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက် Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.