မြန်မာ အကြမ်းဖက်မှုရပ်ပြီး အကူအညီပေးခွင့်ပြုဖို့ အာဆီယံတိုက်တွန်းဖွယ်ရှိ

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ စာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ပေးအပ်ခွင့်ပြုဖို့ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်တွေ မနက်ဖြန်ကျင်းပမယ့် ညီလာခံမှာ တိုက်တွန်းကြလိမ့်မယ်လို့ သံတမန်တွေကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ဒီညီလာခံဟာ မြန်မာ့အကြပ်အတည်းကို နိုင်ငံတကာက ဝိုင်းဝန်းဖြေရှင်းဖို့ ပထမဆုံးအခိုင်အမာကြိုးပမ်းတဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးနိုင်ဖို့ အစည်းအဝေးကို တံခါးပိတ်ကျင်းပမယ်လို့လည်း သံတမန် နှစ်ယောက်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

အာဆီယံအဖွဲ့က အဆိုပြု ကြိုးပမ်းမယ့်ထဲမှာ မြန်မာနိုင်ငံတွင်း ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ပေးပို့နိုင်ရေး အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဖို့၊ စစ်ကောင်စီနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့ကြားတွေ့ဆုံဆွေးနွေးရေး အားပေးတိုက်တွန်းဖို့ အထူးကိုယ်စားလှယ်တဦး ခန့်ထားရေးတို့ ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေတော့ ဒီအစည်းအဝေးမှာ မပါဝင်ပါဘူး။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က အဖွဲ့ဝင်နိုင်ငံတချို့က ကိုယ်စားလှယ်တွေနဲ့ အစည်းအဝေးပြင်ပမှာ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

CRPH က ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြောဆိုတာတွေ ရှိခဲ့တယ်လို့ NUG ပြောခွင့်ရတဦးကပြောပေမယ့် ထိပ်သီးအစည်ညးအဝေးတက်ရောက်ဖို့ တရားဝင်ဖိတ်ကြားတာတော့ ရှိမထားသေးဘူးလို့ ရိုက်တာသတင်းဌာနကိုပြောပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/asian-leaders-to-press-junta-to-end-violence-/5864314.html

မြန်မာ အကြမ်းဖက်မှုရပ်ပြီး အကူအညီပေးခွင့်ပြုဖို့ အာဆီယံတိုက်တွန်းဖွယ်ရှိ မြန်မာ အကြမ်းဖက်မှုရပ်ပြီး အကူအညီပေးခွင့်ပြုဖို့ အာဆီယံတိုက်တွန်းဖွယ်ရှိ Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.