သျှမ်းပြည်သူများ ဘဏ်ငွေထုတ်ယူရန် ပိုပြီးခက်ခဲလာသျှမ်းသံတော်ဆင့်



Share/Bookmark

ဧပြီ ၂၈ရက် ၂၀၂၁

သျှမ်းပြည်အတွင်း ဘဏ်ငွေထုတ်ယူမှု တနေ့ထက် တနေ့ ပိုပြီးခက်ခဲလာပြီး၊ မနက် အစောကြီးထကာ သွားရောက်တန်းစီ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်မြန်မာတဝှမ်းတွင် (၈)နာရီ မှ မနက် (၄)နာရီ ထိ အပြင်မထွက်ရ အမိန့်ထုတ်ထားသည့်ကြားက သျှမ်းပြည်လူထုများသည် ဘဏ်ထဲရှိငွေများထုတ်ယူရန် အတွက် မနက် (၄)နာရီကျော်မှ စတင်ကာသွားရောက် တန်းစီ စောင့်ဆိုင်းထုတ်ယူနေရကြောင်း သိရသည်။

“မနက်အစောကြီး မိုးထဲရေထဲ မှာ တိုကင်ရဖို့အတွက် သွားတန်းစီစောင့်ရတယ်။ ဘဏ်ဝန်ထမ်းတွေ  (၇) နာရီခွဲကျော်လောက်မှ တိုကင် လာပေးတယ်။ တရက်ကို လူ (၂၀၀)ပဲ တိုကင်ပေးပါတယ် ” ဟု ယနေ့ မနက်ပိုင်း ဘဏ်တွင် ငွေသွားထုတ်ရန်အတွက် သွားရောက်စောင့်ဆိုင်းခဲ့သည့် မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့ ကမ္ဘောဇဘဏ်တွင် စစ်အာဏာသိမ်းပြီးနောက် တရက်လျှင် လူအယောက် (၂၀၀)သာ ငွေထုတ်ပေး နေသည့်အတွက် ငွေထုတ်ရန် အလွန်ပင် ခက်ခဲနေကြောင်း၊ ငွေပမာဏ (၅)သိန်းအထက် ပိုထုတ်မည်ဆိုပါက လူငှားပြီးထုတ်ရကြောင်း  မူဆယ် ဒေသခံများက လက်ရှိ ဘဏ်တွင် ငွေထုတ်ယူမှုနှင့် ပတ်သက်ပြီး ပြောပြလာသည်။

“ငွေ က တရက်ကို (၅)သိန်းပဲထုတ်လို့ရတယ်။ ငွေများကြီးထုတ်မယ်ဆိုရင် လူငှားထုတ်ရတယ်။  ၅ သိန်း ထုတ်ပေးရင် ငှားခ (၁၀၀၀၀)ပေးရတယ်” မူဆယ်ဒေသခံက ပြောသည်။

နိုင်ငံတော် ဗဟိုဘဏ်မှ ငွေကို တစ်ပတ်လျှင် သိန်း (၂၀) သာ ထုတ်ယူခွင့်ပြုမည်ဆိုသည့် သတင်းထုတ်ပြန် ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်းရှိ ATM စက်များ ဘဏ်များ နေ့စဉ်နှင့်အမျှ အလုအယက် ထုတ်ယူသည်။

သျှမ်းပြည်ရှိ ဘဏ်များရှေ့တွင်နေ့စဉ် နှင့်အမျှ ငွေထုတ်ယူရန် စောင့်ဆိုင်းနေကြပြီး၊ တချို့ရက်များတွင် ATM စက်တွင် ငွေသားမရှိသည့်အတွက် ပြန်လှည့်လာရကြောင်းလည်း တောင်ကြီး ဒေသခံတဦးက ပြောသည်။

“ ကမ္ဘောဇဘဏ်ရှေ့မှာဆိုရင် လူတွေ တန်းစီတယ်။ ATM စက်မှာ ဘယ်ချိန်သွားထုတ်ထုတ် ငွေမရခဲ့ဘူး။ ညနေ (၃)နာရီငွေဖြည်မယ်ပြောတော့လည်း သွားကြည့်တယ် ငွေကမရှိပြန်။ မနက် (၁၀)နာရီပြောလည်း သွားကြည့်တယ် မရှိပြန်။ တန်းစီပြီး ငွေမရတဲ့ရက်တွေ က အရမ်းများတယ်။ ငွေတွေထုတ်ရခက်တော့ စိတ်တော့ ညစ်တယ်” ဟု တောင်ကြီး ဒေသခံ အမျိုးသမီး တဦး က ဆိုသည်။

တချို့ရက်တွင် ATM စက်၌ ငွေမရှိ၊ တချို့ရက်တွင်  ATM စက်ရှေ့ တွင် စစ်တပ်မှ လာရောက်စောင့်နေသဖြင့် ငွေထုတ်ရန် ကြောက်နေရကြောင်းလည်း  သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ ဘဏ်ငွေလည်ပတ်မှု စနစ် များရပ်တန့်ခဲ့ပြီး၊ ငွေသွင်းသူမရှိဘဲ ငွေထုတ်ယူသူသာ ရှိသည့်အတွက် ရေရှည် ဘဏ်ရပ်တည်မှု ခက်ခဲလာနိုင်သည်။

ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်သူများ ဘဏ်တွင်း အပ်နှံထားသည့် ငွေများကို အလုံးအရင်း ထုတ်ယူခဲ့ကြသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ