တမူးမြို့မှာ ခုခံတိုက်ခိုက်သူတွေကိုရှာမတွေ့ပေမဲ့ ပစ်ခတ်မှုတွေဖြစ်ပွား


ထမင်းစားနေစဥ်မှာ ပစ်ခတ်မှုတွေကြောင့် အခုလို ထမင်းစားဖြောင့်ဖြောင့်မစားရပဲ ကျည်ကွယ်၊ မျက်ကွယ်ရှာရ

တမူးမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားတွေ ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ အရေအတွက် တော်တော်များများ ရောက်လာပါတယ်။ တမူးမြို့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကတော့ သူတို့ရဲ့တွက်ချက်ခန့်မှန်းမှုတွေအရ အရင်မြို့မှာရှိနေတဲ့ အင်အားကိုပါထည့်တွက်ရင် စုစုပေါင်း စစ်သား ၉၇၀ လောက်ရှိမယ်လို့ ခန့်မှန်းတွက်ချက်ထားကြောင်းပြောပါတယ်။

အရင်ရက်တွေအတွင်း တမူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီဘက်က လုံခြုံရေးတပ်ဖွဲ့တွေအထိနာခဲ့တာကြောင့် အင်အားသုံးဖြိုခွဲဖို့ တခြားမြို့တွေဆီကနေ တပ်ကူရောက်လာကြတာဖြစ်နိုင်တယ်လို့ တမူးကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူက ယူဆကြောင်းပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ နှိမ်နင်းမဲ့အချိန်မှာ တမူးမြို့ကာကွယ်ရေးအဖွဲ့ဆိုသူတွေဟာ ရှာဖွေလို့မရဘဲ ပျောက်ခြင်းမလှပျောက်ကွယ်နေကြပါတယ်။ အရင်ရက်တွေတုန်းက တူးမီးသေနတ်၊ ဓာတ်ငွေ့သေနတ်တွေ ကိုင်ဆောင်တိုက်ခိုက်ခဲ့ကြတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေကို ရှာမရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မနက် ၆ နာရီ အချိန်မှာ အာရှလမ်းမကြီးတလျှောက် လမ်းဘေးနေအိမ်တွေကို လိုက်လံပစ်ခတ်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

တမူးမြို့ပြည်သူတွေကို ကလေးမြို့က မီးထွန်းဆုတောင်းအားပေး

ရပ်ကွက်တွေကိုစီး၊ ခံတပ်တွေကိုဖြို

မြို့ခံတယောက်ဖြစ်တဲ့ ကိုမောင်မောင်က ပစ်ခတ်မှုတွေ စတင်ခဲ့ပုံကို ပြောပြပါတယ်။

“မနက် ၆ နာရီလောက်မှာ စပစ်ပါတယ်။ တချက်တချက်မှာ ခဏနားပါတယ်။ စန္ဒကူးရပ်ကွက်၊ စျေးတန်းရပ်ကွက် ပြီးတော့ စော်ဘွား ရပ်ကွက်၊ ရပ်ကွက်ကြီး ၃ ရပ်ကွက်ကို သူတို့စပစ်တာပေါ့နော်။ နေ့လယ် ၁ နာရီခွဲလောက်မှာ ပစ်ခတ်မှုတွေ ရပ်သွားပါတယ်။ တမူးမြို့မှာ ရပ်ကွက်ကြီး လေးခုရှိတဲ့အနက် ၃ ခုကို အကြီးအကျယ်ပစ်ပြီး နောက်ထပ်ရပ်ကွက်တခုဖြစ်တဲ့ မြို့မရပ်ကွက်မှာတော့ ပစ်ခတ်မှုမရှိပါဘူး။ မြို့မရပ်ကွက်မှာတောင် မြို့နဲ့ ၁ မိုင် ၂ မိုင်လောက်ဝေးတဲ့ နန့်ဖာလုံရွာမှာတော့ ပစ်ခတ်မှုရှိပါတယ်။ နန့်ဖာလုံက မြို့မရပ်ကွက်ပါပဲ၊ ဒါပေမဲ့ နန့်ဖာလုံရွာလို့ပဲ ခေါ်ကြပါတယ်။”

မြို့မရပ်ကွက်မှာ စစ်တပ်ကိုလိုလားတဲ့ပါတီကလူတွေအများအပြားနေထိုင်ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

စစ်တပ်က လမ်းပေါ်မှာ သပိတ်အဖွဲ့တွေလုပ်ထားတဲ့ အတားအဆီးတွေကို ဖျက်ဆီးဖယ်ရှားခဲ့ကြပါတယ်။ အလောင်းဘုရားလမ်းပေါ်မှာရှိတဲ့ အမှတ် ၅ ခံတပ်နဲ့ ဂရေ့စ်ပုဂ္ဂလိက ဆေးရုံနားက ခံတပ်တွေကိုဖြိုရာမှာ RPG ဗုံးသီးလောင်ချာစတဲ့လက်နက်ကြီးတွေအပါအဝင် ဘူဒိုဇာတွေပါ အသုံးပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနက် ၇ နာရီအချိန်လောက်မှာတော့ အာရှလမ်းမကြီးတလျှောက်လုံးကို စီးနင်းသိမ်းပိုက်မိသွားပြီး လမ်မကြီးပေါ်နေရာအနှံ့မှာ နေရာယူထားကြပါတယ်။

“လမ်းပေါ်မှာ ကားတွေရော ခြေလျင်ရော စစ်သားအင်အားတော့ တော်တော်များတယ်ဗျ။ ကျွန်တော်တို့ကတော့ သူတို့ကိုကြောက်လို့ အိမ်ထဲကနေ မရဲတရဲချောင်းကြည့်ရတာဆိုတော့ အရေအတွက် အတိအကျတော့ မမှန်းတတ်ဘူးဗျ။ ဒါပေမဲ့ တော်တော်လေးတော့များတယ်ဗျ။ မန္တလေး၊ ရန်ကုန်မှာလုပ်သလိုပါပဲ၊ ရပ်ကွက်ထဲဝင်လာတာနဲ့ မည်းမည်းမြင်ရာပစ်တော့တာပါပဲ။” လို့ နောက်ထပ် တမူးမြို့ခံတယောက်ဖြစ်တဲ့ ကိုမြင့်စိုးက ဘီဘီစီကို ပြောပါတယ်။

“မနက်စောစော ၆ နာရီမထိုးခင်တုန်းကတော့ စျေးဖွင့်ပါတယ်။ လူသွားလူလာလည်း ရှိပါသေးတယ်။ စန္ဒကူးဘက်ကနေ မနက် ၆ နာရီလောက်မှာ သေနတ်ပစ်ခတ်သံ စကြားတာနဲ့ စျေးလည်းသိမ်းပြီး လူတွေလည်း အိမ်ထဲဝင်ပြေးကြပါတယ်။ ကျွန်တော်ဆိုရင် မနက်အဆာပြေစားစရာထွက်ဝယ်တာတောင် ပြည့်စုံအောင် မဝယ်နိုင်ဘဲ ရသလောက်နဲ့ အိမ်ပြန်ပြေးခဲ့ရပါတယ်။ ဘယ်သူမှ လမ်းပေါ်မထွက်ရဲကြတော့ပါဘူး။ လမ်းပေါ်ထွက်ရင် လိုက်ပစ်ပါတယ်။ ဂေါ်ရခါးလူငယ်တယောက်ဆိုရင် အိမ်ပြတင်းပေါက်ကနေ ခေါင်းပြူထွက်ကြည့်မိတာနဲ့ ဖမ်းခေါ်သွားပြီး ဓာတ်တိုင်မှာ ကြိုးနဲ့ချည်ထားပါတယ်။”လို့လည်း ကိုမြင့်စိုးကပြောပါတယ်။

အဖမ်းခံရသူ ဂေါ်ရခါးလူငယ်ဟာ ကိုပရာကတ်ရှ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။ သူ့ကို မောနင်းစတား အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အနီးက ဓာတ်တိုင်မှာကြိုးနဲ့ချည်ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။ ကိုပရာကတ်ရှ်အပြင် နောက်ထပ် စန္ဒကူးရပ်ကွက်ထဲက ဂေါ်ရခါးလူငယ်တဦးလည်းအဖမ်းခံရသလို မြို့လယ်မှာလည်း တခြားဂေါ်ရခါး လူငယ်တဦးအဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ စုစုပေါင်း ဂေါ်ရခါး လူငယ်သုံးဦးအဖမ်းဆီးခံထားရကြောင်း တမူးမြို့ကာကွယ်ရေးအဖွဲ့က ကိုကဘော်ချစ်က အတည်ပြုပြောဆိုပါတယ်။

“ဒီနေ့ဆိုရင် စိတ်မကောင်းစရာတခုက စျေးဝယ်သွားတဲ့ ၇ နှစ်သမီးအရွယ်ကလေးတယောက် စျေးတောင်ဘက်မှာ အပစ်ခံလိုက်ရတယ်လို့ သိရပါတယ်ဗျ။” လို့ကိုမြင့်စိုးက ဘီဘီစီကိုပြောပါတယ်။ ၇ နှစ်သမီးလေး သေဆုံးကြောင်းကို သတင်းဌာန ၂ ခုမှာ သတင်းရေးသားခဲ့ကြပါတယ်။ ဘီဘီစီက ဆက်သွယ်ခွင့်ရခဲ့တဲ့ တမူးမြို့သား ၃ ဦးကလည်း ၇ နှစ်သမီးငယ်လေး အပစ်ခတ်ခံရကြောင်း ပြောဆိုကြပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်မျက်မြင်တွေ့ရှိသူနဲ့ ဘီဘီစီနဲ့ ဆက်သွယ်ပြောဆိုပြီး သီးခြားအတည်ပြုချက်မရယူနိုင်ခဲ့ပါဘူး။

ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲဝင်ရောက်ပစ်ခတ်မှုကြောင့်ပုန်းအောင်နေခဲ့ရ

ဘုရားကျောင်း၊ ဆေးရုံ၊ လူနေရပ်ကွက် နေရာတိုင်းမှာ ပစ်ခတ်

တမူးမြို့ မက်သဒစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ဒိစတြိတ်ဂိုဏ်းချုပ်ဆရာတော်နေအိမ်နဲ့ ရုံးခန်းကိုလည်း ဝင်ရောက်သွားပြီး မိုဘိုင်းဖုန်းနဲ့ ငွေသားအချို့ ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဂရေ့စ် ပုဂ္ဂလိက ဆေးရုံကိုလည်း ဝင်ရောက်စီးနင်းပြီး သူနာပြုဆရာမတချို့ကို ရိုက်တာတွေ၊ ပစ္စည်းတွေကို ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ဆေးရုံထဲမှာရှိတဲ့ တခြားလူတွေကိုလည်း ထောင်သားတွေလို ပုံစံထိုင်ခိုင်းထားခဲ့တယ်လို့ဆိုပါတယ်။ ဂရေ့စ်ပုဂ္ဂလိကဆေးခန်းနဲ့ မျက်စောင်းထိုးမှာရှိတဲ့ ဆိုင်တဆိုင်အပေါ်ထပ်မှာလည်း စနိုက်ပါသေနတ်သမားတွေ နေရာယူထားတယ်လို့ ဆိုပါတယ်။

စော်ဘွားရပ်ကွက်ထဲမှာ ပစ်ခတ်မှုအများအပြားဖြစ်ပွားခဲ့ပါတယ်။ အရင်ရက်တွေကတည်းက ပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း ကလေးမြို့ကာကွယ်ရေးမှာပါဝင် ဆောင်ရွက်နေတဲ့ ကိုကဘော်ချစ်က ပြောပါတယ်။ ဧပြီလ ၁၁ ရက်နေ့က ခြင်္သေ့လေးကောင်ရုံးလို့ခေါ်ကြတဲ့ ခရိုင်ရဲရုံးရှေ့မှာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ဆိုင်ကယ်အတူတူစီးလာရာမှာ သေနတ်နဲ့အပစ်ခံရပြီးအမျိုးသားသေဆုံးခဲ့ပါတယ်။ ဧကရာဇ်လက်ဖက်ရည်ဆိုင်ရှေ့မှာ သေဆုံးခဲ့တာလို့ ကိုကဘော်ချစ်ကဆိုပါတယ်။

ခမိတ်ရွာကလူငယ်တဦးလည်း ဧပြီလ ၁၁ ရက်နေ့လမ်းပေါ်ထွက်ရာမှာ သေနတ်နဲ့ အပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ကိုမြင့်စိုးကဆိုပါတယ်။

ရန်ကုန်က ပြည်သူတွေက သူတို့ မလုံခြုံ သလို ခံစားနေရ

စစ်တပ်လိုလားသူအမျိုးသမီးတယောက်က လိုက်လံပြသတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ရာအိမ်မှူးတယောက်ရဲ့အိမ်ကိုဝင်ရောက်ပြီး ဆိုင်ကယ်ကို ရိုက်ချိုးဖျက်ဆီးသွားတယ်လို့ဆိုပါတယ်။

ရုပ်မြင်သံကြားကြည့်ရှုတဲ့ ပီအက်စ်အိုင် စလောင်းတွေကိုလည်း သေနတ်နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် စလောင်းရှိသူတွေက သေနတ်နဲ့ပစ်မှာကြောက်ပြီး မိမိဘာသာဖြုတ်ထားကြရတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် မှောင်လာပါပြီ။ လမ်းတွေတော်တော်များများမှာ ကင်းပုန်းတွေချထားပါတယ်။ ဆိုက်ဝါးလားတော့ မသိဘူး။ ထွက်ရင်ပစ်မယ်လို့လည်း သတင်းဖြန့်ထားပါတယ်။ တကယ်လည်း ပစ်နေတော့ ဘယ်သူမှ မထွက်ရဲပါဘူး။” လို့ တမူးမြို့ခံကိုမောင်မောင်ကလည်း ဘီဘီစီကို ပြောပါတယ်။

တမူးမြို့ပေါ်မှာ လွန်ခဲ့တဲ့ ၂ ရက်လောက်က ဒရုမ်းလို့ခေါ်တဲ လူမဲ့လေယာဥ် ၄ စင်း ညဘက်မှာ ပျံသန်းခဲ့ပါတယ်။ ညဘက်မှာ ဒရုမ်းလေယာဥ်တွေဟာ မီးအဖြူရောင်လင်းပြီး အသံမကြားရဘူးလို့ဆိုပါတယ်။ ဒရုမ်းအများဆုံးပျံသန်းခဲ့တဲ့နေရာက စစ်သားနဲ့ရဲတွေ အများဆုံးအတိုက်အခိုက်ခံရတဲ့ စျေးတန်း ၁၀ ရပ်ကွက်နဲ့ ၁၁ ရပ်ကွက်အကြား၊ စျေးတန်း ၇ ရပ်ကွက်နဲ့ စျေးတန်း ၈ ရပ်ကွက်အကြားနေရာတွေ ဖြစ်တယ်လို့ဆိုပါတယ်။

တမူးမြို့ပေါ်မှာ လူတွေဟာ လမ်းပေါ်မထွက်ရဲကြပါဘူး။ အိမ်နီးနားချင်းအိမ်ကိုသွားဖို့တောင် အရိပ်အခြည်ကို ကြည့်ပြီး မြန်မြန်ပြေးရတယ်လို့ဆိုပါတယ်။ ပျဥ်ထောင်အိမ်နဲ့နေတဲ့သူတွေတောင် သေနတ်နဲ့ပစ်ရင် မလုံခြုံလို့ အုတ်ခံအိမ်၊ တိုက်အိမ်တွေဆီ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ဆိုပါတယ်။ လူငယ်အများအပြားလည်း အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56726292

တမူးမြို့မှာ ခုခံတိုက်ခိုက်သူတွေကိုရှာမတွေ့ပေမဲ့ ပစ်ခတ်မှုတွေဖြစ်ပွား  တမူးမြို့မှာ ခုခံတိုက်ခိုက်သူတွေကိုရှာမတွေ့ပေမဲ့ ပစ်ခတ်မှုတွေဖြစ်ပွား Reviewed by THITHTOOLWIN on 06:03 Rating: 5

No comments:

Powered by Blogger.