ယင်းမာပင်နဲ့ ကနီမြို့ကြား ကျေးရွာတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ

ကလေးမြို့ က စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြ လမ်းခံတပ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားမှာရှိတဲ့ ရွာတွေက ရွာသားတွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။ မြင်းခြံနဲ့ မိုးကုတ်မြို့တွေမှာလည်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာမှာ ပါဝင်သူတွေကို ဖမ်းဆီးနေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

ကနီမြို့နားနဲ့ပိုနီးတဲ့ မုံရွာ-ယာကြီး-ကလေးဝနဲ့ မုံရွာ-အလောင်းတော် ကဿပလမ်းကြားက ရွာတွေမှာ စစ်တပ်နဲ့ဒေသခံရွာသားတွေ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ကြလို့ နှစ်ဘက်လုံးမှာ သေဆုံးဒဏ်ရာရတာတွ ရှိခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ စစ်တပ်က မုံရွာ၊ အလောင်းတော်-ကဿပလမ်းက ကျေးရွာတွေမှာ ရွာသားတွေကို ဖမ်းဆီးနေတယ်လို့ ယာကြီးကျေးရွာသားတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ စစ်သားတွေ စစ်တပ်တွေကတော့ ရွာတွေထဲ လိုက်မွှေနေတုန်းပဲ။ ရွာတွေကလည်း စစ်သားတွေလာပြီဆိုရင် ကြောက်လန့်ပြီးထွက်ပြေးကြပေါ့။ ယာကြီးဘက်ဆိုရင် ပြန်ညှိတယ် ထွက်မပြေးဖို့ လာဖို့ပြန်ညှိတယ်။ သူတို့က အဲ့လိုပြောလို့ ကပိုင်က ထွက်ပြေးတဲ့သူတွေ နွားတွေတိရစ္ဆာန်တွေ လာကျွေးတော့ ဖမ်းပြန်ကော။ ရွာကလူတွေကလည်း ကြောက်ပြီးတော့ ရွာနားကို မကပ်ရဲဘူး ပြေးနေကြရတယ်။ ကလေးသူငယ်တွေကော အကုန်လုံး။ အဓိက ပြေးနေရတာက ကပိုင်ရယ် သီးကုန်းရယ် တလောက် ဝင်းကုန်း အဲ့ရွာတွေကပေါ့။ လက်ရှိစစ်တပ်က အဲ့နားရောက်နေတာဆိုတော့ ရွာထဲမှာရှိသမျှ လူကုန်ထွက်ပြေးနေရတာပဲ။ အခက်အခဲကရှိတယ် ပြေးတာက ရွာလုံးကျွတ်တွေ ပြေးရတာဆိုတော့ စားရေး သောက်ရေးတွေ ခက်ခဲတာပေါ့ ။ ဒါပေမယ့် ကျနော်တို့ဆီက တောစပ်တွေနီးတာဆိုတော့ တောထဲတွေ ပြေးရတာဆိုတော့ တောတွေထဲနေနေရတာလေ။ သူတို့တွေ ဆက်ရှိနေဦးမယ်ဆိုရင် တောထဲ ဒီတိုင်း ဒုက္ခခံပြီး နေရအုံးမှာ။ ပြန်လာလို့တော့ မရသေးဘူး။ သူတို့က မယုံရတာဆိုတော့။”

ဧပြီ ၁၉ ရက်ညပိုင်းက ယင်းမာပင်နဲ့ ကနီမြို့နယ်စပ် မုံရွာယာကြီးလမ်းမှာ တာဝါတိုင်စောင့်တဲ့ စစ်သားတွေကို ဒေသခံတွေက ပစ်ခတ်တာကြောင့် စစ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဧပြီ ၂၀ ရက်ညပိုင်းမှာတော့ မုံရွာ ယာကြီးလမ်း တလောက်ရွာအနီးမှာ ဒေသခံကျေးရွာသားတွေနဲ့ စစ်တပ်တို့ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားပြီး ရွာသားတွေဘက်က ၆ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီဒေသဖက်က ရွာသားတွေဟာ စစ်တပ်ကို လက်လုပ်လက်နက်တွေနဲ့ ခုခံပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေမှာ စုစုပေါင်း ရွာသား ၁၀ ဦးထက်မနည်း သေဆုံးသလို စစ်တပ်ဖက်က ခန့်မှန်းခြေ ၃၀ လောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအရေအတွက်ကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကနေ့မှာတော့ ဒေသခံကျေးရွာသားတွေနဲ့ ပစ်ခတ်မှုမရှိပေမဲ့ စစ်တပ်က မုံရွာ ယာကြီး ကလေးဝ မုံရွာ -အလောင်းတော်ကဿပလမ်းက ရွာတွေဘက်မှာ လိုက်လံရှာဖွေတာတွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ စောင့်ကြည့်တာတွေ လုပ်ခဲ့သလို ကျေးရွာထဲမှာရှိတဲ့ လက်နက်တွေ လာအပ်ဖို့လည်း စစ်တပ်က ပြောနေပါတယ်။

ပစ်ခတ်တာတွေမရှိဘဲ ငြိမ်နေပေမယ့် စစ်တပ်ဘက်က ကျေးရွာတွေနဲ့ နီးတဲ့နေရာတွေမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရွာခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့တပတ်က ပစ်ခတ်မှုတွေရှိခဲ့တဲ့ မြင်းခြံမြို့မှာတော့ ငြိမ်နေပါတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ အမှတ် ၆ ရပ်ကွက်ကို စစ်တပ်က အခု လုံခြုံရေးယူထားပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးကို ဒီကနေ့မနက်အစောပိုင်းမှာ ဖမ်းသွားတယ်လို့ မြင်းခြံ မြို့ခံ တစ်ဦးက ပြောပါတယ်။

“ဒီနေ့ကတော ပစ်ခတ်မှုမရှိဘူး။ အရင်က ခံတပ်မှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အမှတ် ၆ ရပ်ကွက်မှာတော့ ကား ၃ စီးနဲ့ စစ်အင်အား ၅၀ လောက်က ရှိနေတယ်။ မနက် ၅ နာရီခွဲ ၆ နာရီလောက်မှာ အိမ်ကနေ လဖက်ရည်ဆိုင်အသွားမှာ အရပ်ဝတ်နဲ့တယောက်က သူ့ကို ဂုတ်ဆွဲပြီးတော့ ခေါ်သွားတယ်။ နောက်မှာ စစ်သား အင်အား အနည်းငယ်ပါတယ်ပြောတယ်။”

မြင်းခြံမြို့မှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ ၅၀ ကျော် ရှိပြီး စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် သေဆုံးသူ ၃၀ နီးပါးအထိ ရှိပါတယ်။

အလားတူ မိုးကုတ်မြို့မှာ ရေပူကျောင်းဘုန်းကြီးကျောင်းက ဆရာတော် ဦးရေဝတကို စစ်တပ်နဲ့ရဲက မနေ့ ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးသွားပါတယ်။ ဆရာတော် ဦးရေဝတဟာ လူဝတ်ဘဝက အောက်မြန်မာပြည် ဗကသဥက္ကဋ္ဌဟောင်း ရဲရင့်ပိုင်မှူးဖြစ်ပြီး မိုးကုတ်မြို့ ရေပူကျောင်းမှာ သင်္ကန်းဝတ်နေတာ ၅ ဝါ ရနေပြီဖြစ်တဲ့ ဆရာတော်တပါးဖြစ်ပါတယ်။

စစ်ကောင်စီက အဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး ဦးရေဝတဟာ မိုးကုတ်မြို့စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေမှာ ဦးဆောင်တဲ့အတွက် အခုလို ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးပြီးနောက် သူ့ကို အာဏာပိုင်တွေက လူဝတ်လဲထားတယ်လို့ ရေပူကျောင်းက ဆရာတော်တပါးက ပြောပါတယ်။

“ဘာမှမပြောမဆိုဘဲ ရဲကောစစ်သားကော ဝင်လာတာပြီးတာနဲ့ တပြိုင်နက်တည်း ဦးဇင်းရဲရင့်ပိုင်မှူးပေါ့နော် ဦးဇင်းရေဝတကို အုပ်ချုပ်ရေးမှူးနဲ့ ၂ ယောက်ဝင်လာပြီးတော့မှ သူတို့တခါတည်းဖမ်းသွားတာ ၃ နာရီနဲ့ ၈ မိနစ်လောက်မှာ ဖမ်းသွားတာ။ ရဲစခန်းမှာထားတာ အဲ့ဒါကနေ ထောင်ကြီးချုပ်ကိုပို့ပြီးမှ ရမာန်ယူဘာညာလုပ်ပြီးမှ အမှုဆင် အမှုဆင်ပြီးတာနဲ့ တပြိုင်နက်တည်း ထောင်ချ ထောင်ချပြီးတာနဲ့ မန္တလေး အိုးဘိုထောင်ကိုပို့ မိုးကုတ်က အဲ့လိုမျိုးဖြစ်တာလေ။ သူ့ကို အဲ့လိုပို့ထားတာလေ။ မနကက သွားကြည့်တော့ သူ့ကို လူဝတ်လဲလိုက်ပြီလို့ အဲ့လိုပြောတယ်။”

မိုးကုတ် ရေပူကျောင်းထိုင်ဆရာတော်ကိုလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားပြီး ထောင်ဒဏ်ချမှတ်ထားပါတယ်။

မိုးကုတ်မြို့မှာ အခုလို ဖမ်းဆီးထောင်ချတာတွေနဲ့ သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေရှိနေပေမယ့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး သပိတ်တွေကတော့ နေ့တိုင်းဆက်ပြီး ရှိနေပါတယ်။


ကျော်ကျော်သိန်း/ VOA Burmese

https://burmese.voanews.com/a/monywa-area-villagers-and-military-council-troop-fighting/5863087.html

ယင်းမာပင်နဲ့ ကနီမြို့ကြား ကျေးရွာတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ ယင်းမာပင်နဲ့ ကနီမြို့ကြား ကျေးရွာတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ Reviewed by THITHTOOLWIN on 23:19 Rating: 5

No comments:

Powered by Blogger.