ဂြိုဟ်တုစလောင်းတွေ လိုက်သိမ်းပြီး လုံးဝသတင်းအမှောင်ချဖို့ စစ်ကောင်စီလုပ်နေ

ဂြိုဟ်တုစလောင်းတွေ လိုက်သိမ်းပြီး လုံးဝသတင်းအမှောင်ချဖို့ စစ်ကောင်စီလုပ်နေ ရန်ကုန်မြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က MWD နဲ့ MRTV သတင်းလိမ်နေကြောင်း ပြည်သူတွေ ဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့စဉ် / Photo: RFA

အာဏာသိမ်းပြီးနောက် ကလေးရော လူကြီးပါမချန် ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးမှာ ဖုန်းအင်တာနက်လိုင်းတွေရော၊ ဝိုင်ဖိုင်အင်တာနက်လိုင်းတွေကိုပါ ပိတ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံထုတ် PSI ဂြိုဟ်တုစလောင်းကနေ လွတ်လပ်တဲ့သတင်းဌာနတွေဖြစ်တဲ့ Mizzima DVB တို့လို သတင်းတွေကို ပြည်သူတွေ ကြည့်ရူခွင့်ရခဲ့တာဖြစ်ပေမယ့် မနေ့ကစပြီး ဒီ PSI စလောင်းမှာ လွှင့်နေတဲ့ အဲဒီသတင်းဌာနလိုင်းတွေကိုလည်း ကြည့်ရူခွင့်ပိတ်ပင်လိုက်တာပါ။

ဒီလို ပိတ်လိုက်တာဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပျက်နေတဲ့ မြောက်ကိုးရီးယားနိုင်ငံလို မြန်မာနိုင်ငံကို လုံးဝသတင်းအမှောင်ချဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာလို့ စစ်ကိုင်းတိုင်း မုံရွာမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"PSI စလောင်းတွေ မရတော့ဘူးဆိုတော့ အခုတော့ VOA တို့ RFA တို့ BBC တို့ပဲ ရေဒီယိုကနေ ပြန်နား ထောင်ရတော့မယ်၊ သတင်းမှန်သိပြီး ခက်ခဲသွားပြီ၊ အခုတော့ မြောက်ကိုးရီးယားလို ကျနော်တို့ နိုင်ငံကြီးဖြစ်နေပြီ၊ MRTV တို့ MWD တို့ကတော့ စစ်ကောင်စီက အထောက်အပံ့နဲ့ လွှင့်တော့ ပြည်သူ တွေကြားမှာ ဘယ်သူမှလည်း ယုံကြည်မှုရှိမှာ မဟုတ်ဘူး"

ရန်ကုန်အပါအဝင် မြို့ကြီးတော်တော်များများမှာ စစ်ကောင်စီတပ်တွေဟာ ဒီ PSI စလောင်းတွေကို လိုက်လံ ဖြုတ်သိမ်းနေတယ်လို့လည်း ဒေသခံတွေက RFA ကို ပြောကြပါတယ်။ အခုဆိုရင် ပြည်သူတွေဟာ သတင်း တွေကို ရေဒီယိုကို အားကိုးပြီးရယူနေရသလို အချင်းချင်းဖုန်းဆက်ပြီး သတင်းဖလှယ်နေကြတယ်လို့ ပဲခူးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မိုဘိုင်းအင်တာနက် ဖြတ်လိုက်ကတည်းက မျက်စိပိတ်နားပိတ်နဲ့ သတင်းတွေ မသိရတော့ဘူး၊ ရန်ကုန်မှာ ဘာဖြစ်နေလဲ မြို့ကြီးတွေမှာ ဘာဖြစ်နေလဲ ဘာမှမသိရဘူး၊ မြို့ကြီးတွေမှာနေတဲ့ အမျိုးတွေကို ဖုန်းဆက်ပြီးမေးရတယ်၊ အဲဒီလိုမေးပြီးရင် အစ်မတို့က နီးစပ်ရာ ကိုယ့်ရပ်ကွက်ထဲ ပြန်ဖြန့်နေရတယ်"

စစ်အာဏာစသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက အချိန်အပိုင်းအခြားအလိုက် ဖြတ်တောက်ခဲ့တာဖြစ်ပြီး မတ်လ ၁၅ ရက်နေ့ကစပြီးတော့ တစ်နိုင်ငံလုံးကို မိုဘိုင်းဖုန်းအင်တာနက်တွေ ဖြတ်တောက်ထားတာဖြစ်ပါတယ်။

အဲဒီနောက် မတ်လ ၃၁ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အင်တာနက်တွေ ဖြတ်တောက် ထားတာဟာ နိုင်ငံကို အဘက်ဘက်က နစ်နာစေတာကြောင့် အင်တာနက်တွေ အကြာကြီးပိတ်ထားလို့ မရဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒီလိုပြောဆိုချက်ကြောင့် အင်တာနက်လိုင်းတွေ ပြန်ဖွင့်တော့မလားဆိုတဲ့ မျှော်လင့်ချက်တွေရှိခဲ့ပေမယ့် နောက်တစ်နေ့မှာပဲ ဝိုင်ဖိုင်အင်တာနက်လိုင်းတွေကိုပါ ထပ်ဖြတ်လိုက်တာဖြစ်ပါတယ်။

လက်ရှိ ဖိုက်ဘာကြိုး အင်တာနက်လိုင်းတွေပဲ အကန့်အသတ်နဲ့ ဆက်သုံးလို့ရနေပေမယ့် နယ်မြို့တော်တော် များများမှာတော့ ဖိုက်ဘာကြိုးလိုင်းတွေ မရှိပါဘူး။

ယင်းမာပင်မြို့နယ်က ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက " ပြည်သူတွေအပေါ် စစ်ကောင်စီက ဖိနှိပ်သတ်ဖြတ်နေတာတွေကို အင်တာနက်လိုင်း ဖြတ်လိုက်တော့ နိုင်ငံတကာက သိဖို့ခက်ခဲသွားပြီ၊ ကျမတို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားပြီ" လို့ ပြောပါတယ်။

နယ်ဘက်တွေမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ရှိနေသလို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွဲမှုတွေ ရှိနေပေမယ့်လည်း အင်တာနက်လိုင်း မရတာကြောင့် သတင်းတွေ မဖော်ပြနိုင်ဘူးလို့ ဆိုပါတယ်။

ဖိုင်ဘာကြိုးလိုင်း အင်တာနက်ရတဲ့နေရာကို ရောက်အောင်သွားပြီး သတင်းတွေပို့နေရတယ်လို့ ဒေါ်အောင်မေရီက ပြောပါတယ်။

“ဓာတ်ပုံ၊ ဗီဒီယိုရိုက်ပြီးရင် အင်တာနက်ကြိုးရှိတဲ့ မြို့ပေါ်ကိုပြေးကြရပြီ၊ ဒါလည်းပြေးလို့ရတဲ့ အနေ အထားရှိမှပါ၊ လမ်းမှာ စစ်ကောင်စီတပ်တွေက ကျမတို့ ဖုန်းတွေကို ယူစစ်၊ ဘာဗီဒီယိုတွေပါတယ်၊ ဘယ်သူနဲ့ ပြောထားတယ်ဆိုပြီး စောင့်ဖမ်းစစ်တော့၊ အဲလိုတွေပါရင် ဖမ်းပြန်ရော၊ အဲဒါကြောင့် အင်တာနက်ရဖို့ နေရာသွားဖို့လည်း ခက်ခဲတယ်”

ရေဦးမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေးက " သတင်းလုံးဝ အမှောင်ကျသွားပြီ၊ ဒီထက်ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်မလားလို့ စိုးရိမ်တယ်၊ အခုဆို ဖုန်းလိုင်းတစ်လိုင်းပဲကျန်တယ်၊ ကလေးတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သူတို့က အမှောင်ချထားချင်တာ၊ ဒါနိုင်ငံရေးအရတော့ သက်သက်ယုတ်မာတာပဲ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခံရတာကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ တန့်ဆည်မြို့က ဒေသခံတစ်ဦးက " အကြောက်တရားရအောင် လုပ်နေတာ၊ လူမဆန်စွာ ပြုမှုနေ တာတွေကို ကမ္ဘာက သိမှာစိုးလို့ အများပြည်သူ သိမှာစိုးလို့ ဒီလိုလုပ်တယ်လို့ပဲ ကျနော် မှတ်ယူတယ်၊ ပိတ်ထားတဲ့ အိမ်တွေကိုလည်း သူတို့က အတင်းရိုက်ခွဲ ဖြိုခွဲနေတယ်" လို့ ပြောပါတယ်။

ဒီ PSI စလောင်းမှာ ထုတ်လွှင့်နေတဲ့ Mizzima နဲ့ DVB သတင်းလိုင်းတွေ ဖြတ်တောက်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ သတင်းဌာနတွေကို RFA ကတော့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

Mizzima သတင်းဌာနကတော့ စစ်ကောင်စီက PSI စလောင်းတွေကို လိုက်လံသိမ်းဆည်းခဲ့ပြီး မနေ့က ညနေ ၄ နာရီခွဲကစလို့ ကြည့်ရူလို့ မရတော့ဘူးလို့သာ သိရှိထားကြောင်း အကြောင်းပြန်ပါတယ်။

PSI မြန်မာ ဂြိုဟ်တုစလောင်း မြန်မာဆိုတဲ့ Facebook စာမျက်နှာကတော့ DVB နဲ့ Mizzima ရုပ်သံလိုင်း တွေကို ပြည်သူတွေလုံခြုံရေးအတွက် ထုတ်လွှင့်တာ ခေတ္တရပ်နားထားမယ်လို့ မနေ့က ကြေညာပါတယ်။

ဒီ DVB နဲ့ Mizzima ရုပ်သံလိုင်းတွေကို စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်ထားပေမယ့် သူတို့တွေဟာ အင်တာနက်အွန်လိုင်းကနေ ဆက်လက်သတင်းတွေ ထုတ်လွှင့်နေကြတာပါ။

ဒီရုပ်သံလိုင်းတွေ ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်ပြီး PSI ရုံးချုပ်ကိုတော့ RFA က ဆက်သွယ်လို့ မရသေးပါဘူး။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်တပ်နဲ့ ရဲရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးတဲ့သူ ၆၀၀ နီးပါးရှိသွားပါပြီ။


RFA Burmese

https://www.rfa.org/burmese/news/psi-satellite-bowls-closed-04092021070848.html

ဂြိုဟ်တုစလောင်းတွေ လိုက်သိမ်းပြီး လုံးဝသတင်းအမှောင်ချဖို့ စစ်ကောင်စီလုပ်နေ  ဂြိုဟ်တုစလောင်းတွေ လိုက်သိမ်းပြီး လုံးဝသတင်းအမှောင်ချဖို့ စစ်ကောင်စီလုပ်နေ Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.