ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ရုရှားကို အမေရိကန်က ပိတ်ဆို့အရေးယူတုံ့ပြန်မယ်

ကြာသပတေးနေ့မှာ ဒီပိတ်ဆို့မှုတွေကို ကြေညာမယ်လို့ ခန့်မှန်းထားကြပါတယ်

အမေရိကန် အစိုးရက ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။

၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ခြေရှုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအဝင် အမေရိကန်ပြည်ထောင်စုကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ တုံ့ပြန်တဲ့ သဘောဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ ဒီပိတ်ဆို့မှုတွေကို ကြေညာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါတွေကို ရုရှားနဲ့ ပတ်သက်တဲ့ ပစ်မှတ် ၃၀ ကျော်အပေါ် ချမှတ်သွားမှာဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုထဲ ရောက်နေပြီးသူ ၁၀ ဦးကိုလည်း နှင်ထုတ်ဖို့ ရှိတယ်၊ သံတမန်တချို့တောင် ပါတယ်လို့ သိရပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရကလည်း လာမယ့် ဇွန်လက စပြီး အမေရိကန်က ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းကြီးတွေကို ရူဘဲလ်ငွေနဲ့ ထုတ်ထားတဲ့ ငွေစုစာချုပ်တွေ ဝယ်ယူမှု မလုပ်ဖို့ တားမြစ်မိန့်ထုတ်မယ်လို့ ဘီဘီစီရဲ့ တွဲဘက် စီဘီအက်စ် နယူးစ် သတင်းဌာနက သတင်းရရှိထားပါတယ်။

အမေရိကန် ရုရှား ဆက်ဆံရေးတွေ တင်းမာနေချိန်မှာ အခုလို ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ဖြစ်လာတာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း မစ္စတာ ဘိုင်ဒန်က သမ္မတ ဗလာဒီမီယာ ပူတင်ကို ဖုန်းနဲ့ ဆက်သွယ်ပြောကြားစဥ်မှာ အမေရိကန်အနေနဲ့ အမျိုးသား အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ကြားနိုင်ငံတစ်ခုမှာ တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို လက်ခံစဥ်းစားနေတယ်လို့ဆို

မစ္စတာ ဘိုင်ဒန်က မစ္စတာ ပူတင်နဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဘယ်လို ကိစ္စတွေမှာ လက်တွဲ ဆောင်ရွက်လို့ ရမလဲ ဆိုတာ အဖြေရှာဖို့ ကြားနိုင်ငံ တခုမှာ တွေ့ဆုံဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ လ က ရုပ်မြင်သံကြားမှာ ပြသခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ မစ္စတာ ပူတင်ကို လူသတ်သမား တယောက်အဖြစ် ရှုမြင်သလား ဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တုန်းကတော့ အမေရိကန် ဘက်က ရုရှားပြုသမျှ မသိချင်ယောင်ဆောင်နေမယ့် ခေတ်က ကုန်သွားပါပြီလို့ ပြောခဲ့ပါတယ်။

SolarWinds ဟက်ခ်လုပ် တိုက်ခိုက်မှု

ပြီးခဲ့တဲ့ နှစ်က SolarWinds လို့ခေါ်တဲ့ ဆော့ဖ်ဝဲတမျိုးကို သုံးပြီး အစိုးရနဲ့ ပုဂ္ဂလိက ကွန်ပျူတာ ကွန်ရက်ပေါင်း ၁၈,၀၀၀ ကို ဆိုက်ဘာ ရာဇဝတ်သားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုက်ဘာ လုံခြုံရေး သုတေသီတွေက ပြောကြပါတယ်။

ထောက်လှမ်းရေး အရာရှိတွေကတော့ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ရုရှားရှိနေတယ်လို့ ယူဆကြပါတယ်။ အဲဒီတုန်းက ဟက်ကာတွေဟာ အမေရိကန် အစိုးရရဲ့ ဘဏ္ဍာရေး၊ တရားရေးနဲ့ နိုင်ငံခြားရေး ဌာနတွေအပါအဝင် အစိုးရ အဖွဲ့အစည်းတွေရဲ့ ဒစ်ဂျစ်တယ်ဖိုင်တွေကို ဝင်ရောက် ကြည့်ရှုနိုင်ခဲ့ပါတယ်။

မိုက်ခ်ကရိုဆော့ဖ် အကြီးအကဲ ဘရက်ဒ်စမစ်က ဖေဖော်ဝါရီလ အတွင်းက ဟက်ခ် လုပ်ခံရခြင်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးနဲ့ အဆင့်မြင့်ဆုံး ဆိုက်ဘာ တိုက်ခိုက်မှုပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေး ဌာနတွေ ပြီးခဲ့တဲ့လက ထုတ်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ရုရှား သမ္မတက ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတသက်တမ်း ထမ်းဆောင်နိုင်ဖို့ အတွက် အွန်လိုင်းပေါ်ကနေ ကူညီဖို့ ညွှန်ကြားကောင်း ညွှန်ကြားခဲ့လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

ရုရှားရဲ့ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ယူကရိန်းစစ်တပ်ကလည်း စိုးရိမ်နေ

အမေရိကန်က ရုရှားရဲ့ ယူကရိန်းအပေါ် ရန်လိုတဲ့ အပြုအမူတွေအတွက်လည်း လူသိရှင်ကြား သတိပေးထားပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ အရှေ့ဘက်က သူတို့နဲ့ ထိစပ်နေတဲ့ နယ်စပ် တလျှောက်မှာ စစ်အင်အားတွေ တိုးချနေတယ်လို့ ဆိုပါတယ်။

ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေ ရှိလာနိုင်တာကို မှန်းဆပြီး အမေရိကန်ရဲ့ ရန်လိုမှုနဲ့ မှန်းရခက်တဲ့ အပြုအမူတွေကြောင့် သူတို့ ဘက်က အဆိုးဆုံး အခြေအနေတွေ အတွက် ပြင်ဆင်နေရတာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းကပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56762852

ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ရုရှားကို အမေရိကန်က ပိတ်ဆို့အရေးယူတုံ့ပြန်မယ်  ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ရုရှားကို အမေရိကန်က ပိတ်ဆို့အရေးယူတုံ့ပြန်မယ် Reviewed by THITHTOOLWIN on 21:06 Rating: 5

No comments:

Powered by Blogger.