ဖိနှိပ်မှု ပုံစံအမျိုးမျိုး နေ့ရောညပါ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြုမူ

အရင်နှစ်က ကိုဗစ်ကြောင့်၊ ဒီနှစ်တော့ စစ်ကောင်စီကြောင့် ၂ နှစ်ဆက် သင်္ကြန်မကျတော့တဲ့ မြန်မာပြည်

ရန်ကုန်မှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေမှာသာမက နေရာအနှံ့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို ရှောင်တခင် စစ်ဆေးမေးမြန်းတာ၊ ဖုန်းတွေကို စစ်တာ၊ နှာခေါင်းစည်း မျက်နှာဖုံး mask မတပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရိုက်တယ်ဆိုပြီး ငွေကြေးတောင်းတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တွေ့ကြုံကြ ရသူတွေက ဘီဘီစီကို ပြောပါတယ်။

တောင်ဒဂုံမှာဆိုရင် လမ်းထွက်လို့ နှာခေါင်းစည်း မပါရင်၊ အင်္ကျီအနက်၀တ်တာတွေ့ရင်၊ ဖုန်းပြခိုင်းလို့ ကီးပက်ဖုန်းလို့ ခေါ်တဲ့ ဟိုးအရင် အင်တာနက် ၀ိုင်ဖိုင်နဲ့ ချိတ်ဆက်သုံးတာ မတွင်ကျယ်သေးခင် အချိန်က ဖုန်းအဟောင်းတွေသာ ထုတ်ပြတာမျိုး လုပ်ရင် ၅ သောင်းထိ ဒဏ်ရိုက်မယ်ဆိုပြီး လိုက်အော်နေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်္ကျီနက်ဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူတွေ အတွက် ၀မ်းနည်းဂုဏ်ပြုပြီး ၀တ်ဆင်တာ အဖြစ် စစ်သားတွေ၊ ရဲတွေက သည်းမခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကီးပက်ဖုန်း ကိုင်တာကလည်း နွေဦးတော်လှန်ရေး၊ CDM၊ CRPH စတာတွေ အပေါ် ဘယ်လို သဘောထား ရှိနေလဲ ဆိုတာ ဖေ့စ်ဘုတ်လို ဆိုရှယ်မီဒီယာတွေကို အလွယ်တကူ ၀င်ကြည့် စစ်ဆေးလို့ ရနိုင်တဲ့ အခုခေတ်ဖုန်းတွေကို အိမ်မှာ တမင်ချန်ထားခဲ့တာဆိုတဲ့ အမြင်နဲ့ စစ်သားတွေ၊ ရဲတွေက ကီးပက်ဖုန်းကိုင်တဲ့ သူတွေကို ပြဿနာရှာနေတာ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောနေပါတယ်။

အင်းစိန်၊ သာကေတ၊ သင်္ကန်းကျွန်း စတဲ့ နေရာတွေမှာလည်း နှာခေါင်းစည်း ကိစ္စ အကြောင်းပြပြီး လူတွေဆီက ငွေကြေးတောင်းခံတာမျိုးတွေ ရှိတယ်လို့ ကိုယ်တွေ့ ကြုံကြရသူတချို့က ဘီဘီစီကို ပြောကြပါတယ်။

နှာခေါင်းစည်း ကိစ္စဟာ ကိုဗစ်ကာလ ရောဂါကူးစက်မှုကို ထိန်းချုပ်တဲ့ တိကျတဲ့ စည်းကမ်းဆိုတာထက်စာရင် ငွေတောင်းခံတဲ့ ရဲတွေ စစ်သားတွေကို ငွေဘယ်လောက်ပဲ ပါပါတယ်လို့ ပြောပြီး ညှိပေးနိုင်တယ်လို့ ပြောကြသူတွေလည်း ရှိပါတယ်။

ဒဏ်ရိုက်တာ၊ ငွေတောင်းတာတွေဟာ ပြေစာ စာရွက်စာတမ်း တစုံတရာနဲ့ လုပ်ဆောင်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

သောင်းနဲ့ချီတောင်းပေမယ့် ထောင်ဂဏန်းနဲ့ စျေးညှိလို့ရခဲ့တယ်လို့ သင်္ကန်းကျွန်းကနေ မြို့ထဲကို အသွား ကိုယ်တိုင် ငွေကြေး ပမာဏ ညှိနှိုင်း ပေးခဲ့ရသူ လူငယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လူနေရပ်ကွက်တွေထဲထိ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား ထူထောင်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က ကြိုးစားနေပြီး၊ အုပ်ချုပ်ရေးမှူးတွေ ခန့်တာ၊ ဧည့်စာရင်းတိုင်ခိုင်းတာတွေလို တင်းကျပ်မှုတွေကိုလည်း ဆောင်ရွက်လာနေပါတယ်။

အခုလို အာဏာသိမ်း စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေ၊ ဖိအားပေးမှုတွေ၊ စစ်ဆေးမှုတွေ အပါအ၀င် ငွေကြေး တောင်းခံမှုတွေကြောင့် ရန်ကုန်မြို့လူထု သာမန်ပြည်သူတွေဟာ နေ့ရောညပါ စိတ်ဖိစီးပြီး၊ စိုးရိမ်စိတ်နဲ့ အသက်ရှင်နေရတာကို တွေ့မြင်ကြားသိ နေရပါတယ်။

Mask မတပ်လို့ ငွေပေးရတာကလည်း တိကျတဲ့ စည်းကမ်းမျိုး မဟုတ်ပဲ၊ ငွေညှစ်တဲ့ ပုံစံတမျိုးလို့ ၀ေဖန်နေ

ပုံမှန်ဆို သင်္ကြန်ပွဲ နွှဲပျော်ရာ ဗဟိုချက်နေရာ


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ဖိနှိပ်မှု ပုံစံအမျိုးမျိုး နေ့ရောညပါ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြုမူ  ဖိနှိပ်မှု ပုံစံအမျိုးမျိုး နေ့ရောညပါ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြုမူ Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.