လမ်းပေါ်အထွက်နည်းပေမယ့် သပိတ်ပွဲတွေ မပျက်သေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၊ ၂ဝ၂၁ ဧပြီ ၂၂ (ဓါတ်ပုံမှတ်တမ်း း း CJ)

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြမှုတွေ နိုင်ငံတဝန်းမှာ နည်းမျိုးစုံနဲ့ ဆက်လုပ်နေကြပါတယ်။ နေ့ရောညပါ လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူအများအပြား လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး မရှိတော့ပေမယ့် လူငယ်တွေဦးဆောင်ပြီး အွန်လိုင်းပေါ်မှာ ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ ရန်ကုန်မြို့နဲ့ တခြားမြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ကပြောပြပါမယ်။

စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လနီးပါးကြာလာတဲ့အချိန်မှာ ရန်ကုန်မြို့ က ဆန္ဒပြပွဲတွေဟာ လမ်းပေါ်ထွက် ချီတက်တာမျိုးတွေ နည်းသွားပြီး အုပ်စုလိုက် ပျောက်ကြားသပိတ်ပုံစံတွေ လုပ်နေကြပါတယ်။ လှိုင်၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ လူမဲ့သပိတ်၊ ဆေးနီသပိတ်တွေ ဒီကနေ့ ဆက်လုပ်ကြပါတယ်။

သာကေတမြို့နယ်ထဲမှာတော့ အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေရဲ့ပုံတွေကို ကွန်ဒုံးတွေထဲထည့်ပြီး လူလောကထဲကို ရောက်မလာခဲ့သင့်သူများဆိုပြီး စာတွေချိတ်ဆွဲထားတဲ့ ကွန်ဒုံးသပိတ် လုပ်ခဲ့ကြပါတယ်။ ရန်ကုန်မှာ တပ်တွေ အင်အားအပြည့် နေရာယူထားတဲ့ နေရာတွေမှာ အစစ်အဆေးလည်း များတာကြောင့် ဆန္ဒပြအင်အားက နည်းနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

“ဒီကနေ့ကတော့ ကျနော်တို့ အင်းစိန်၊ လှိုင်သာယာ၊ ရွေပြည်သာ တဝိုက်တွေက တော်တော်များများ မတွေ့ဘူးဗျ။ ဘာမှကို သိပ်မရှိဘူး၊ လှုပ်ရှားမှုတွေက။ စစ်တပ်တွေက ကျနော်တို့ အနီးအနားမှာရောက်နေတာကြောင့်လည်းပါတယ်။ တရက်နှစ်ရက်တော့ နားထားကြတယ်ဗျ။ ဒီဘက်မှာ စစ်တပ်ကြောင့် လှုပ်လို့မရတော့ ကျောင်းတွေ၊ နေရာကွက်လပ်တွေ၊ ဓမ္မာရုံတွေမှာ တပ်စွဲထားတာတွေများတော့၊ တခြားမြို့နယ်တွေ၊ စမ်းချောင်းတို့ မြို့ထဲဘက်တို့ဆိုရင် ထွက်နေကြပါတယ်။ လွတ်တဲ့နေရာတွေဆို ထွက်ကြတယ်။ အဓိကကတော့ ဒီနေ့ ဒီနေရာက လုပ်လိုက်ပြီဆိုရင် နောက်နေ့ အဲ့ဒီနေရာကို တပ်တွေရောက်လာတာမျိုးပေါ့။ နောက်နေ့နောက်နေ့တွေ အဲ့လိုခဏလွတ်တဲ့နေရာတွေမှာ သွားလုပ်ကြတာတွေရှိပါတယ်။ အဓိကက လမ်းပေါ်ထွက်ဆန္ဒပြတဲ့ သပိတ်မှောက် စစ်ကြောင်းတွေ၊ ပျောက်ကြားစနစ်နဲ့တော့ ရှိပါတယ်။ အနည်းအကျဉ်းတော့ လုပ်လို့ရတယ်ဗျ။ ဒါပေမယ့် မြို့နယ်အများစုကတော့ ဒီရက်ပိုင်း တစ်ရက်နှစ်ရက်မှာ အရမ်းအဖိခံထားရတယ်ဗျာ၊ ရပ်ကွက်တွေထဲမှာ လူစုလို့တောင် သိပ်မရဘူး။”

စစ်အာဏာသိမ်းပြီးနောက် အင်အားအမြောက်အများနဲ့ ဆန္ဒပြကြတဲ့ မုံရွာမြို့မှာလည်း ဒီနေ့ ဆန္ဒပြစစ်ကြောင်းတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာဆန္ဒပြပွဲတွေကို အဓိက ဦးဆောင်နေတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးပြီး လူသတ်မှုအပါအဝင် အမှု ၃ ခုနဲ့ တရားစွဲထားပေမယ့်လည်း လူထုက အားမလျော့ဘဲ စစ်အာဏာသိမ်းမှု အဆုံးသတ်ဖို့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

‘အာဏာသိမ်း စစ်ကောင်စီက မုံရွာကိုအုပ်ချုပ်လို့ မရစေရ’ ဆိုတဲ့ ဆေးနီစာသားလှုပ်ရှားမှု ကမ်းပိန်းတစ်ခုကို စစ်တပ်ပစ်ခတ်လို့ ဆန္ဒပြသူတွေ သေဆုံးခဲ့တဲ့ လမ်းတွေမှာ ဒီနေ့ ပြုလုပ်ခဲ့တယ်လို့ သပိတ်ဦးဆောင်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့က ကိုဝင်းဇော်ခိုင်က ပြောပါတယ်။

“နည်းမျိုးစုံနဲ့ သူတို့က ခြိမ်းခြောက်တာပေါ့၊ ခြိမ်းခြောက်မှုတွေ ဖိအားပေးမှုတွေ ပြည်သူလူထုကို ငြိမ်ဝပ်ပိပြားအောင် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေ မည်သို့ပင်လုပ်စေကာမူ ဟောဒီပြည်သူ လူထုကြီးပေါ့နော် မုံရွာပြည်သူလူထုကြီးကို သူတို့အနေနဲ့ အုပ်ချုပ်လို့ မရစေရဘူးနော်။ မုံရွာပြည်သူလူထုကြီးရဲ့ ဒီရာဇသံအနေနဲ့ ပေးလိုက်တာပါပဲနော်၊ မည်သို့ပင် ဖိနှိပ်မှုတွေ ခြိမ်းခြောက်မှုတွေနော် ဖြိုခွဲမှုတွေ ပြုလုပ်စေကာမူ ဟောဒီကျနော်တို့ မုံရွာပြည်သူလူထုကြီးကို စစ်အာဏာရှင်အနေနဲ့လုံးဝအုပ်ချုပ်လို့ မရစေရဘူးဆိုတဲ့ ကမ်ပိန်းကို ကျနော်တို့ရဲ့ အာဇာနည်လမ်းမှာ ကျနော်တို့ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်လုပ်ရပ်တိုင်းကို ကျနော်တို့ ပြည်သူလူထုကြီးက လုံးဝလက်မခံဘူး၊ ကျနော်တို့ မုံရွာမြို့မှာမှ မဟုတ်ပါဘူး ဟောဒီကမ္ဘာကြီးမှာရော ဟောဒီနိုင်ငံတစ်ဝန်းမှာရော ဆိုတော့နော် လူသားတွေ သတ်ဖြတ်တာတွေမျိုး မတရားအတင်းအဓမ္မဖမ်းချုပ်ပြီးတော့မှနော် အတင်းအဓမ္မဝင်ရောက်ပြီးတော့မှ ဖမ်းဆီးပြီးတော့မှ အုပ်ချုပ်တာမျိုးကို ကျနော်တို့ လက်ခံလို့မရဘူး၊ အဲ့လိုမျိုး ကိုယ်တင်မြှောက်တဲ့အစိုးရ၊ ကိုယ်မဲပေးရွေးခဲ့တဲ့ အစိုးရနော် ကိုယ်စီကိုယ်စီက ရွေးချယ်ထားတဲ့ အစိုးရတွေပဲ ကျနော်တို့ ကို အုပ်ချုပ်လို့ရမယ်။ အဲ့လိုမှမဟုတ်ဘဲနဲ့ ဒီလက်နက်ကို ပြပြီးတော့မှ အုပ်ချုပ်တာမျိုးကိုတော့ ကျနော်တို့ လုံးဝလုံးဝမှ ဒါ လူသားတစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူး။”

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ရရာနည်းနဲ့ ဆန္ဒထုတ်ဖော်လျက်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့တော့ တိုင်တွေမှာလေ ဓာတ်တိုင်တွေမှာ လိုက်ကပ်တဲ့ သပိတ်တော့ရှိတယ်၊ ရုပ်ပုံမဟုတ်ဘူး၊ စာသားတွေပေါ့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အုပ်ချုပ်လို့မရစေရတို့ ဘာတို့ပေါ့၊ အုပ်ချုပ်မရစေရ အဲ့ဒါမျိုးပေါ့၊ ပုသိမ်၊ ကလေး အကုန်လုံးက လိုက်ပိတ်ပင်တာတွေ များတယ်လေ။ သူတို့ရရာရရာ လုပ်နေတာပေါ့၊ အခုလည်း ဆိုင်ကယ်သပိတ် လုပ်နေတယ်၊ အင်အားတော့ နည်းတယ်၊ ဒီမှာတော့ လိုက်ဖြိုခွင်းတာများနေလို့လေ၊ ၄၊ ၅၊ ၁၀ ယောက်နဲ့ပဲ လုပ်နေရတာ ညနေပိုင်း နေ့ခင်းပိုင်းလေး အဆင်ပြေသလိုတော့ လုပ်နေတယ်။”

စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့တဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာလည်း ဒီနေ့အထိ ချီတက်ဆန္ဒပြပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။ သပိတ်လမ်းကြောင်း သုံးခုကနေ စုစုပေါင်း အင်အား ၅၀၀ လောက်နဲ့ နေ့စဉ်ချီတက်ခဲ့ကြပေမယ့် ဒီကနေ့မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွဲဖို့ ကြိုးစားတဲ့အတွက် အင်အား ၃၀၀ နီးပါးနဲ့ စစ်ကြောင်း နှစ်ကြောင်းသာ ချီတက်ခဲ့ကြပါတယ်။ လူစုခွဲလို့မပြီးခင် တပ်တွေ ရောက်လာတဲ့အတွက် ထွက်ပြေးခဲ့ကြရပေမယ့် ဖမ်းဆီးခံရသူတွေ မရှိခဲ့ဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာလည်း သံဃာ့သမဂ္ဂသပိတ်အပါအဝင် တပ်ပေါင်းစုသပိတ်တွေဟာ မန္တလေးမြို့လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ စစ်တပ်နဲ့ ထိပ်တိုက်မတွေ့အောင် တိမ်းရှောင်ကြရင်း ဆန္ဒထုတ်ဖော်ကြတဲ့ ပျောက်ကြားသပိတ်တွေလည်း ရပ်ကွက်တွေထဲဆက်လုပ်ကြပါတယ်။

မနေ့က ဖြိုခွင်းခံခဲ့ရတဲ့ လောင်းလုံမြို့က သပိတ်စစ်ကြောင်း ဒီကနေ့ လမ်းပေါ်ပြန်ထွက်လာပြီး ဆန္ဒပြခဲ့သလို ဖားကန့်၊ ဒီမော့ဆို၊ မိတ္ထီလာ၊ မြစ်ကြီးနားနဲ့ ပုဂံမြို့သစ်တွေမှာ လမ်းလျှောက်သပိတ်၊ ဆိုင်ကယ်သပိတ်၊ ပျောက်ကြားသပိတ်တွေ ဆင်နွဲကြပါတယ်။

ဒါ့အပြင် ရွှေဘို ၊ မြင်းခြံ၊ နမ္မတီး၊ မော်လမြိုင်၊ ပေါင်နဲ့ တခြားမြို့ တွေမှာလည်း လူမဲ့သပိတ်၊ ပန်းသပိတ်၊ အရုဏ်ဦးသပိတ်နဲ့ ညသပိတ်တွေကို ပုံစံမျိုးစုံပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/protest-against-military-coup-ongoing/5862873.html

လမ်းပေါ်အထွက်နည်းပေမယ့် သပိတ်ပွဲတွေ မပျက်သေး လမ်းပေါ်အထွက်နည်းပေမယ့် သပိတ်ပွဲတွေ မပျက်သေး Reviewed by THITHTOOLWIN on 23:17 Rating: 5

No comments:

Powered by Blogger.