မန္တလေးမီး အိမ်ထောင်စု ၁၅၀ ကျော် မီးဘေးသင့်

မန္တလေးမီးလောင်တဲ့နေရာ အေပြီလ ၁ ၊ ၂ဝ၂၁

မန္တလေးမြိ့ ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ် တံခွန်တိုင်ရပ်ကွက်မှာ ဒီကနေ့ ဧပြီလ ၁ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၉၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။ မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၁၅၀ ကျော် ဘုန်းကြီးကျောင်းဝန်းတခုမှာ ခိုလှုံနေကြရပြီး မြို့ခံတွေက အစားအသောက် အကူအညီတွေပေးနေကြတဲ့အကြောင်း မန္တလေးက လာတဲ့သတင်းကို မအေးသန္တာကျော်က ဆက်ပြီးပြောပြပါမယ်။

မန္တလေးမြို့က လူနေရပ်ကွက်တခုဖြစ်တဲ့ ပြည်ကြီးတံခွန်မြို့နယ်ထဲက နံသာရပ်မှာ ဒီနေ့ အစောပိုင်းက မီးလောင်ကျွမ်းခဲ့တဲအတွက် အိမ်ခြေ ၉၀ နီးပါး မီးလောင် ဆုံးရှုံးပြီး အိမ်ထောင်စု ၁၅၂ စု မီးဘေးသင့်ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းမှုအကြောင်းအရင်းနဲ့ပတ်သက်လို့ မန္တလေးတိုင်း မီးသတ် အရာရှိ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အိမ်က ၈၀ လောက်လောင်သွားတာပေါ့နော်။ သူတို့ရဲ့ အိမ်အပေါ်ထပ်ကနေ မိန်းခုံကနေ အပူလွန်ကဲပြီး မီးလောင်တာလို့ သိရတာပေါ့။ ဆုံးရှုံးမှုတန်ဖိုးက နှစ်ရာ နှစ်ဆယ့်နှစ် သိန်းငါးသောင်းခန့်ပေါ့။”

မီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းမှုကို အဆင့် ၃ သတ်မှတ်ခဲ့ပြီး လောင်ကျွမ်းချိန် ၁ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရပါတယ်။ လက်ရှိ မီးဘေးသင့်သူတွေကို မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပေးနေကြပါတယ်။ ကယ်ဆယ်ရေး လုပ်ပေးနေသူတဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့မီးဘေးသင်ပြည်သူတွေကို မြဘယက်သာမဏေကျော်ကျောင်းဝင်းရဲ့ ကွက်လပ်မှာ မီးဘေး ကယ်ဆယ်ရေး စခန်းဖွင့်ထားတယ်။ သူတို့အတွက်လည်း နေရာထိုင်ခင်းတွေ စီစဉ်ပေးနေပါတယ်။”

မီးဘေးသင့် ဒုက္ခရောက်နေသူတွေအတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်တွေကို မြို့ခံတွေ ကူညီပေးနေကြတာပါ။ သူတို့အတွက် ခြင်ထောင်နဲ့ စောင်တွေ အဓိက လိုအပ်နေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်ကလည်း မန္တလေး မြို့ ၁၁၆ ၅၆ လမ်းနဲ့ ၅၇ လမ်းကြားမှာ မီးလောင်ခဲ့လို့ နေအိမ် အလုံး ၆၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ပါသေးတယ်။ တပတ်အတွင်း နေအိမ်အများအပြား မီးလောင်ကျွမ်းတာနဲ့ ပတ်သက်လို့ မန္တလေး မီးသတ် အရာရှိတဦးက အခုလို မှတ်ချက်ပြုပါတယ်။

“ညသန်းခေါင်ပေါ့ လူတွေအိပ်တဲ့အချိန် နောက်တခါ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရတဲ့ အချိန်မှာဖြစ်တာရယ်။ တချို့က အင်တာနက်လိုင်းတွေမမိတာရယ်။ တယ်လီဖုန်း အရေးပေါ် မီးငြိမ်းသတ်ရေး မီးသတ်ဖုန်းနံပါတ်တွေ မမှတ်ထားတဲ့အတွက် များတော့မှ ပတ်ဝန်းကျင်ကသိပြီး လှမ်းအကြောင်းကြားမှ မီးသွား ငြိမ်းရတာတဲ့အတွက် မီးလောင်မှုတွေများနေတာပါ။ နောက်တချက်က ကျူးကျော်တွေ ဖြစ်တဲ့အတွက် အိမ်တွေစိပ်ပြီးတော့ များတာပေါ့။ နောက်တခါ အိမ်သေးသေးလေးတွေနဲ့ စိပ်စိပ်လေးတွေဆိုတော့ ဖြစ်တာ တချို့ဟာတွေက မီးသတ်ကား အဝင်အထွက်လုပ်လို့ရတဲ့ လမ်းတွေမဟုတ်ဘူး။ တဖက်ပိတ်လမ်းတွေ ဖြစ်တဲ့ အတွက် အဲ့ဒါတွေကြောင် မီးလောင်တာတွေ များသွားတာပါ။ ”

မန္တလေး မြို့မှာ သီတင်း ၁ ပါတ်အတွင်း မီး ၂ ခါလောင်တဲ့အတွက် နေအိမ် ၁၅၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြပါတယ်။ 


မအေးသန္တာကျော်/ VOA Burmese

https://burmese.voanews.com/a/mandalay-fire/5837236.html

မန္တလေးမီး အိမ်ထောင်စု ၁၅၀ ကျော် မီးဘေးသင့် မန္တလေးမီး အိမ်ထောင်စု ၁၅၀ ကျော် မီးဘေးသင့် Reviewed by THITHTOOLWIN on 04:48 Rating: 5

No comments:

Powered by Blogger.