ကလေးမြို့က တာဟန်း တူမီးတိုက်ပွဲ

ကလေးမြို့က တာဟန်း တူမီးတိုက်ပွဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၂၀၂၁၊ ဧပြီ ၁၂ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြသူတွေကို တွေ့ရစဉ် / Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြတဲ့ လူငယ်တွေဟာ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ခုခံကာကွယ်ဖို့အတွက်၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်မှာ ပင်မခံတပ် စခန်းကို မတ်၂၇ ရက် တပ်မတော်နေ့ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဘက်က အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်လာနိုင်တယ်လို့ ယူဆတာကြောင့် မတ်လ ၂၇ ရက် တပ်မတော်နေ့ကတည်းက တူမီးသေနတ်လို ရရာလက်နက်တွေကို အရန်အသင့်ဆောင်ထားခဲ့တာလို့ အမည်မဖော်လိုတဲ့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

“၂၇ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူနဲ့ စစ်အကြမ်းဖက်အုပ်စုနဲ့ တိုက်ဖို့ မနက်ကတည်းက အသင့်ပြင်နေ ကြတာ။ ပြည်သူတွေကလည်း တူမီးတွေလည်းရှိတယ်။ ပြီးတော့ ဂတ်စ်သေနတ် စတဲ့ ရရာလက်နက်ပေါ့။ ရှိတာလေးတွေ အဲတာတွေနဲ့ တိုက်ဖို့စီစဉ်ထားတာ။ CRPH ကနေပြီးမှ မနက်ပိုင်းမှာ သပိတ်ထွက်ပြီးမှ ၂၇ ရက်နေ့ သပိတ်ထွက်ပြီးမှ တိုက်မယ်လို့ပြောထားတာ။ သပိတ်ထွက်လည်းပြီးရော CRPH ကနေ ခဏ စောင့်ပေးပါဦး။ အခြေအနေ နည်းနည်းကြည့်ရအောင်ဆိုပြီးမှ မတ်လ ၃၀ ရက်၊ ၃၁ ရက်မှာ ပြန်အ ကြောင်းကြားမယ်လို့ ပြောထားတာ။ ဒါပေမဲ့ ပြည်သူတွေက မရတော့ဘူး။ စစ်ကိုင်းတိုင်း CRPH က နေပြီးမှ အကြောင်းကြားထားတယ်။ ခဏနားဖို့ ပြောထားတယ်။ ဒါပေမဲ့ ပြည်သူတွေက မရတော့ တဲ့အခါကျတော့ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ သဲအိတ်တွေနဲ့ ဆောက်ထားတာ။”

တာဟန်းခံတပ်ကိုတော့ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်ဖို့အတွက် တာဟန်းလူငယ်တွေက သဲအိတ်တွေနဲ့ လမ်းပိတ်ကာ ဂိတ်အဆင့်ဆင့်နဲ့ သပိတ်စခန်းနဲ့ ခံတပ်ပြုလုပ်ခဲ့တာလို့ နောက်ထပ်ဆန္ဒပြလူငယ်တစ်ဦးက ရှင်းပြပါတယ်။

“အရင်ကတည်းက သူတို့ကမြို့တွင်းမှာရော သူတို့မဲတဲ့ နေရာမှန်သမျှ ရပ်ကွက်အတွင်းတွေ၊ ရွာပိုင်းတွေ ရော မည်းမည်းမြင်ရာ ပစ်တယ်။ သူတို့ အကြမ်းဖက်တာတွေရှိတဲ့အခါမှာ ကျွန်တော်တို့ကနေပြီးတော့ မြို့တွင်းမှာတော့ ခံစစ်စည်းတစ်ခုတော့ ထားသင့်ပြီပေါ့။ အဲလိုမျိုး စဉ်းစားလိုက်ကြတယ်။ ကျွန်တော်တို့ အားလုံးတိုင်ပင်ပြီးတော့မှ။ ဒီအတွင်းထဲမှာပဲ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်။ သူတို့ ဖြိုခွင်း လာမယ်၊ အကြမ်းဖက်လာမယ် ဆိုရင်တော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး မိမိမှာရှိတဲ့ လက်နက်နဲ့ ခုခံ ကာကွယ်ဖို့အတွက်ပေါ့နော်။ အဲဒီကနေပြီးတော့ ခံစစ်စည်းလို့ ဖြစ်လာတာပါ။ ”

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုကို ခုခံကာကွယ်ဖို့အတွက် တူမီးသေနတ်တွေ စုဆောင်းထားတာ လို့လည်း အမည်မဖော်လိုတဲ့ တတိယမြောက် ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

“အိမ်နီးနားမှာရှိတဲ့ ချင်းလူမျိုးက တူမီးသေနတ်ကိုင်တဲ့ လူတွေ၊ ရွာဘက်က လာတဲ့လူတွေ ရှိတယ်၊ တိုက်ခိုက်ဖို့ထက်စာရင် သူတို့တောမှာ အမဲလိုက်တဲ့အခါမှာ အမဲလိုက်ကျွမ်းကျင်တဲ့သူတွေပေါ့နော်၊ အဲလိုတွေနဲ့ သူတို့ လာပူးပေါင်းပြီးတော့မှ ကာကွယ်ပေးတာပေါ့နော်၊ CRPH အနေနဲ့လည်း ဘယ်နည်း လမ်းမဆို ခုခံဖို့နိုင်တယ်ဆိုရင် ကြိုဆိုတဲ့အကြောင်း ပြောပြီးနောက်ပိုင်းမှာ ကျွန်တော်တို့က ရရာ လက်နက်ကို ဆွဲပြီးတော့ ပြည်သူတွေကို ကာကွယ်တာဖြစ်တယ်” လို့ ပြောပါတယ်။

ကလေးမြို့မှာ တာဟန်း ပင်မသပိတ်စခန်းကို ရဲနဲ့ စစ်တပ်က နှစ်ကြိမ်တိတိ အင်အားသုံး ဖြိုခွင်းပြီးတဲ့နောက် တူမီးသေနတ်တွေကို လာရောက်အပ်နှံဖို့နဲ့ မအပ်ရင် ဥပဒေအရ အရေးယူသွားမယ့်အကြောင်း အာဏာပိုင် တွေက အခုရက်ပိုင်းမှာ လိုက်လံနှိုးဆော်နေပေမယ့် သွားမအပ်ဘဲ အဆင်ပြေမယ့်နေရာမှာ ထိန်းသိမ်းထား တယ်လို့ သူက ပြောပါတယ်။

စစ်တပ်က တာဟန်း ပင်မသပိတ်စခန်းကို ဖြိုခွင်းပြီးသိမ်းပိုက်ခဲ့ပေမယ့် ကလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွေ ရပ်တန့်မသွားဘဲ နေ့တိုင်းဆက်လက်ဆန္ဒပြနေဆဲလို့ သူက ဆိုပါတယ်။

ရဲနဲ့ စစ်တပ်က ကလေးမြို့ တာဟန်းခံတပ်ကို မတ်လ ၂၈ ရက်နေ့မှာ တစ်ကြိမ်၊ ဧပြီ ၇ ရက်နေ့မှာတစ်ကြိမ် နှစ်ကြိမ်တိတိ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သေဆုံးသူ ၁၈ ဦး၊ အဖမ်းခံရသူ ၁၈ ဦးနဲ့ ဒဏ်ရာရသူအများအပြား ရှိခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒါပေမဲ့ လက်မလျှော့ဘဲ အဲဒီပင်မသပိတ်စခန်းရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ထိုင်သပိတ် ပြုလုပ်ပြီး ဆက်လက်ဆင်နွှဲနေဆဲဖြစ်တယ်လို့ ဆန္ဒပြလူငယ်တွေက RFA ကို ပြောပြကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kalay-coup-protest-04122021061419.html

ကလေးမြို့က တာဟန်း တူမီးတိုက်ပွဲ  ကလေးမြို့က တာဟန်း တူမီးတိုက်ပွဲ Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.