တန့်ဆည်မှာ ညလုံးပေါက် အပြင်းအထန်ဖြိုခွဲခံရ

လောင်းလုံမြို့နယ်မှာ တရုတ်နိုင်ငံ အလံကို မီးရှို့ခဲ့စဉ် ( ဧပြီ ၈ ၊ ၂ဝ၂၁) ဓါတ်ပုံ Dawei Watch/AFP

စစ်အာဏာသိမ်းတာကို အင်အားအမြောက်အများနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ သပိတ်စစ်ကြောင်းကို ဧပြီလ ၇ ရက် ညနေပိုင်းကစလို့ စစ်တပ်က ပစ်ခတ် ဖြိုခွဲတာကြောင့် ၁၁ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ချီတက် ဆန္ဒပြပွဲတွေ ဆက်ရှိနေတဲ့ ပဲခူးမြို့မှာဆိုရင်လည်း ဆန္ဒပြပွဲတွေကို မောင်းသူမဲ့ဒရုန်းတွေနဲ့ စောင့်ကြည့် ထောက်လှမ်းနေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပြည်သူအများအပြားပါဝင်တဲ့ စစ်ကိုင်းဒေသကြီး တန့်ဆည်မြို့ကို မနေ့ ဧပြီ ၇ ရက် ညနေပိုင်းကတည်းက စတင်ပြီး ညလုံးပေါက် စစ်တပ်နဲ့ ရဲကပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ၁၁ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့ခံ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ညကပစ်ကြတာဆိုတော့ မသိဘူးပေါ့ဗျာ။ ဒီနေ့မနက် ၉ နာရီလောက်မှာ တန့်ဆည်အဝင် ရေမြောင်းတွေဘာတွေနဲ့ ၈ နာရီခွဲ ၉ နာရီလောက်မှ လျောက်သွားကြမှ တွေ့တာခင်ဗျ။ သူတို့က လည်ကန်သင်းဘေးတွေထဲမှာ ရေမြောင်းတွေထဲမှာ ညဆိုတော့ သူကော ကိုယ်ကော ဘာမှမသိဘဲနေကြတာ။ မနက် ၉ နာရီလောက်မှာ စတွေ့တယ်။ အားလုံး လူတွေဘက်က ၁၁ ယောက်ကျတယ်။ လူတွေဘက်က ၁၁ ယောက် သူတို့ စစ်သားဘက်က ၂ ယောက်လို့ကြားတာပဲ။ အတိအကျကတော့ သိတဲ့အတိုင်းပဲ သူတို့ဘက်က မလွယ်ဘူးဖြစ်နေတယ်။ မြို့ထဲမှာတော့ စစ်သားတွေက သွားချင်ရာသွားပြီးတော့ အသံချဲ့စက် ပေါက်စလေးတွေနဲ့ ဘာမှမလုပ်ကြပါနဲ့ ဆန္ဒမပြကြပါနဲ့ ပစ်မှာပါ ပစ်မှာပါနဲ့ အော်နေတာ။”

မနေ့ ဧပြီ ၇ ရက် ညနေ ၃ နာရီလောက်မှာ တန့်ဆည်မြို့ထဲကို စစ်ကားတွေဝင်လာပြီး ပစ်ခတ်လို့ မြို့ခံတွေဘက်ကလည်း လက်လုပ်တူမီး သေနတ်တွေနဲ့ ခုခံပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြတာပါ။ ညလုံးပေါက် ပစ်ခတ်ဖြိုခွဲခံခဲ့ရပြီးနောက် ဒီနေ့မှာတော့ မြို့ထဲမှာ ငြိမ်နေတယ်လို့ မြို့ခံကပြောပါတယ်။

မနေ့က စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့တဲ့ ပဲခူးမြို့မှာတော့ ဒီနေ့လည်း ချီတက် ဆန္ဒပြပွဲ ဆက်လုပ်ကြပါတယ်။စစ်တပ်နဲ့ ရဲ ဝင်မလာနိုင်အောင် ဆန္ဒပြသူတွေက ခံတပ်လို အတားအဆီးတွေလုပ်ထားတဲ့ မဂ္ဂတစ်ရပ်ကွက်က ခံတပ်ကို အာဏာပိုင်တွေဖက်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ စောင့်ကြည့်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဆန္ဒပြပွဲက ၂ ခုလုပ်တယ်ခင်ဗျ။ မနက်ခင်းတခါလုပ်တယ် ၈ နာရီခွဲကနေ ၉ နာရီအထိ တခါလုပ်တယ်။ ညကျလို့ရှိရင် ၈ နာရီကနေ ၁၀ နာရီလောက်အထိ ညသပိတ်ဆိုပြီး ထပ်လုပ်ပါတယ်။ ၁၄၄ က ၈ နာရီအထိပဲဆိုတော့ အမိန့်ကို လွန်ဆန်ပြီး ကျနော်တို့လုပ်တာ။ ညသပိတ်က ပိုလူများတယ်။ နေ့စဉ်နဲ့အမျှခံ တပ်ရှေ့တည့်တည့် မဂ္ဂတစ်ခံတပ် ထိပ်တည့်တည့်က အထက ၈ ထဲကနေပြီးတော့ ဒရုန်းနဲ့ ဒရုန်းက တော်တော် အဆင့်မြင့်မြင့်ပါ တနေ့ကို ၂ ကြောင်းလောက် ကျွန်တော်တို့ အပေါ်ကနေ ဖြတ်ဖြတ်ပြီးတော့ ကျွန်တော်တို့ လေးဂွနဲ့လေသေနတ်နဲ့ လှမ်းပစ်လို့ မမှီလောက်တဲ့ အကွာအဝေးကနေပြီးတော့ တနေ့ ၂ ကြောင်းပေါ့ အခြေအနေကို အကဲခတ်နေတယ်။ ဘယ်နေ့ဝင်မလဲတော့ မသိသေးဘူး။”

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း ဒီနေ့ ဆန္ဒပြစစ်ကြောင်းထွက်ဖို့ လူစုနေချိန် အနားတဝိုက်မှာရှိသူတချို့ကို စစ်တပ်နဲ့ရဲက ဖမ်းဆီးသွားတယ်လို့ ဖားကန့်မြို့ခံတဦးကပြောပါတယ်။

“ကျွန်တော်တို့ အဲ့မှာ သပိတ်စစ်ကြောင်းပေါ့နော်။ စစ်ကြောင်းမထွက်ခင်လေ စုတဲ့နေရာဆိုတော့ အဲ့နားမှာ စုပြီးတော့ ခေါက်ဆွဲဆိုင်နားမှာ ၃ ယောက် ၄ ယောက် ဆိုင်ကယ်ဝပ်ရှော့ဆိုင် ရှေ့မှာ ၂ ယောက် ဆိုင်ကယ် စီးလာတဲ့သူ ၂ ယောက်ပေါ့။ သူတို့က တွေ့ရာလူဖမ်းသွားတဲ့ သဘောရှိတယ်။ ခေါက်ဆိုင်ထဲမှာ ၃ ယောက် ဆိုင်ကယ် ဝပ်ရှော့ထဲမှာ ၂ ယောက် ဆိုင်ကယ်စီးလာတဲ့သူ ၂ ယောက်ရယ်ကို ရဲနဲ့စစ်သားနဲ့က ဖမ်းလိုက်တာ။”

စစ်တပ်ရဲ့ ပစ်ခတ် ဖမ်းဆီးမှုတွေရှိနေတဲ့ကြားကပဲ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မိုးကုတ်၊ ဖားကန့်၊ မြင်းခြံ၊ ဒီပဲယင်း၊ လက်ပံတောင်း၊ ရေဦး၊ ဖြူး၊ ဘားအံ၊ ပဲခူး၊ ဒိုက်ဦး၊ ကသာ၊ သီပေါ၊ ထားဝယ် စတဲ့ မြို့တွေမှာ ပန်းသပိတ်၊ ဆိုင်ကယ်သပိတ်၊ လမ်းလျှောက်သပိတ်၊ ပျောက်ကြားသပိတ် စသဖြင့် ပုံစံစုံ ဆန္ဒပြမှုတွေ နေ့စဉ်မပြတ်ဆက်ရှိနေပါတယ်။

တရုတ်နိုင်ငံက စစ်ကောင်စီကို ထောက်ခံနေတာတွေရပ်ဖို့ရည်ရွယ်ပြီး တရုတ်သမ္မတ ရှီ ကျင့်ပင်ရဲ့ဓာတ်ပုံနဲ့ တရုတ်အလံတို့ကို မီးရှို့တဲ့ လှုပ်ရှားမှုကိုလည်း ရန်ကုန်၊ မန္တလေး၊ ကျိုက်ထိုနဲ့ ဒေသတချို့ကလူငယ်တွေဦးဆောင်ပြုလုပ်ကြပါတယ်။

မြန်မာနိုင်ငံတဝန်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူ ၆၀၀ နီးပါးရှိလာပြီး အများစုဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်သလို သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်းပါဝင်ပါတယ်။


 ကျော်ကျော်သိန်း/ VOA Burmese

https://burmese.voanews.com/a/tantsal-pegu-crashed-down-by-military-troop/5845589.html

တန့်ဆည်မှာ ညလုံးပေါက် အပြင်းအထန်ဖြိုခွဲခံရ တန့်ဆည်မှာ ညလုံးပေါက် အပြင်းအထန်ဖြိုခွဲခံရ Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.