ရန်ကင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုအပြီး အဖမ်းခံရသူကို မိသားစုအဆက်အသွယ်မရ

 ရန်ကင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုအပြီး အဖမ်းခံရသူကို မိသားစုအဆက်အသွယ်မရ

ရန်ကုန်၊ ရန်ကင်းမြို့နယ်ထဲက နေအိမ်မှာ စစ်ကောင်စီတပ်တွေက သတင်းအရဆိုပြီး ဧပြီလ ၁၈ ရက်တုန်းက ဖမ်းဆီးခံခဲ့ရသူတွေထဲမှာပါဝင်သူ မခင်ငြိမ်းသူဟာ လက်ရှိအချိန်အထိ မိသားစုနဲ့အဆက်အသွယ် မရသေးဘူးလို့ သူ့ရဲ့မိခင်က ဘီဘီစီကို ပြောပါတယ်။

မခင်ငြိမ်းသူကို ဧပြီလ ၁၈ ရက်ည ၉ နာရီကျော်လောက်မှာ ဖမ်းသွားတယ်လို့ သတင်းရတော့ နောက်နေ့မနက်မှာ ရန်ကင်းရဲစခန်းကို သွားစုံစမ်းချိန် ခပ်လှမ်းလှမ်းကနေ တချက်မြင်တွေ့ခဲ့ရပြီးတဲ့နောက်ပိုင်း အခုအထိ ဘယ်ရောက်နေတယ်ဆိုတာ သတင်းအစအန မရဘူးလို့ မိခင်ဖြစ်သူကပြောပါတယ်။

အဲဒီတုန်းက ခပ်လှမ်းလှမ်းက မြင်ရတဲ့ မခင်ငြိမ်းသူရဲ့မျက်နှာဟာ ပုံမှန် ထက်ကြီးနေတာကို မြင်ခဲ့ရတယ်လို့လည်း မိခင်က ပြောပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် အရင်မျက်နှာကို မမှတ်မိနိုင်လောက်အောင် ဖူးယောင်ဒဏ်ရာတွေရထားတဲ့ ခင်ငြိမ်းသူဓာတ်ပုံကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံကနေ ပြသခဲ့လို့ ဒီဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ခဲ့သလို ဖမ်းဆီးခံရသူတွေ နှိပ်စက်ခံရတဲ့အခြေအနေကို ပြသနေလို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

"အန်တီ စိတ်ဆင်းရဲပါတယ်။ ကလေးကို စိတ်လည်းတော်တော်ပူပါတယ်။ ကလေးကို ဆေးကုသခွင့်ပေးဖို့ မျှော်လင့်ပါတယ်" လို့ မိခင်ဖြစ်သူ ဒေါ်လှလှစိုးက ပြောပါတယ်။

ရန်ကင်းမြို့နယ်ထဲ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီနေ့ တနေ့တည်းမှာ မခင်ငြိမ်းသူပါအဝင် မြို့နယ်အတွင်း ဖမ်းဆီးခံရသူ လူငယ် ၆ ဦးအထိရှိခဲ့ပါတယ်။

အဲဒီလူငယ်တွေရဲ့ဓာတ်ပုံတွေကို စစ်ကောင်စီက ထုတ်ပြန်တဲ့အခါမှာလည်း မခင်ငြိမ်းသူနည်းတူ မျက်နှာတွေမှာ အညိုအမည်းစွဲနေတာကို မြင်တွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရန်ကင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုအပြီး အဖမ်းခံရသူကို မိသားစုအဆက်အသွယ်မရ  ရန်ကင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုအပြီး အဖမ်းခံရသူကို မိသားစုအဆက်အသွယ်မရ Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.