အင်ဒိုနီးရှားရေငုပ်သင်္ဘော ဘာလီကျွန်းနားမှာ မြုပ်သွားတာလို့ ရေတပ်ပြော

လေ့လာချက်အရ အပျက်အစီး အပိုင်းအစတွေဟာ တော်ပီဒို ဒါမှမဟုတ် ပြင်ပ ဖိအား မရှိပဲ ပျက်စီးသွားနိုင်တဲ့ အပိုင်းတွေ မဟုတ်ဘူးလို့လည်း အင်ဒို ကမ်းတက်တပ် အကြီးအကဲ ယူဒို မာဂိုနိုက ပြော

ဧပြီလ ၂၁ ရက်နေ့ကတည်းက ပျောက်ဆုံးသွားတဲ့ အင်ဒိုနီးရှားစစ်တပ်ရဲ့ ရေငုပ်သင်္ဘောဟာ ဘာလီကျွန်းနားမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ကမ်းတက်တပ်ဖွဲ့က ဧပြီလ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီ ရေငုပ်သင်္ဘောရဲ့ အပျက်အစီး အစိတ်အပိုင်းတွေနဲ့တကွ ရေငုပ်သင်္ဘောအတွင်းမှာ ပါလာခဲ့ဖွယ်ရှိတဲ့ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုတဲ့ ကော်ဇောငယ်တချပ်ကိုပါ သင်္ဘောနစ်မြုပ်သွားတဲ့နေရာအနီးမှာ တွေ့ရတယ်လို့လည်း အင်ဒိုကမ်းတက်တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

အခုလို နစ်မြုပ်သွားတဲ့ သင်္ဘောဟာ ရေအနက် မီတာ ၈၅၀ (ပေ ၂၈၀ဝ)မှာ ရောက်ရှိနေကြောင်း စက်နဲ့ ဖမ်းယူမိခဲ့ပြီး ဒီသင်္ဘောရဲ့ ခံနိုင်ရည်ကို အများကြီးကျော်လွန်နေတဲ့ ရေအနက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီသင်္ဘောပေါ်မှာ ပါလာသူတွေအတွက် သုံးရက်စာသာ အောက်စီဂျင် ပါလာတယ်လို့လည်း ဆိုပါတယ်။

အရှည် ပေ ၁၈၀၊ အလေးချိန် တန် ၁၄၀ဝ နီးပါးရှိပြီး လျှပ်စစ်နဲ့ ဒီဇယ် တွဲဖက်ပြီး လောင်စာအနေနဲ့ အသုံးပြုရတဲ့ KRI Nanggala

KRI Nanggala လို့ အမည်ပေးထားတဲ့ အဲဒီ သင်္ဘောဟာ ရေအောက်ပစ် ဒုံးကျည် တော်ပီဒို ပစ်ခတ် လေ့ကျင့်နေစဉ်မှာ ရေအောက်ငုပ်သွားဖို့ အမိန့်တောင်းခံအပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီသင်္ဘောဟာ ဂျာမနီနိုင်ငံမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး သက်တမ်း အနှစ် ၄၀ ကျော်နေပြီ ဖြစ်ပေမယ့် ၂၀၁၂ မှာတော့ ပြန်လည် ပြုပြင် ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သင်္ဘောပျောက်ဆုံးသွားကာစမှာ ဒီသင်္ဘောရဲ့ ကြံ့ခိုင်မှု ကောင်းနေခဲ့ပါတယ်လို့ အင်ဒိုကမ်းတက်တပ်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ နေရာ ရေပြင်တဝိုက်မှာ လောင်စာဆီ အကွက်တွေ တွေ့ခဲ့ရတဲ့အတွက် သင်္ဘောရဲ့ လောင်စာသိုလှောင်တဲ့ တိုင်ကီ ထိခိုက်သွားတာ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

အပျက်အစီးတွေ အားလုံးကို တခြားသင်္ဘောတွေ ဖြတ်သွားခဲ့ခြင်းမရှိတဲ့ ဆယ်မိုင်ပတ်လည် ပင်လယ်ရေ မျက်နှာပြင်အတွင်း တွေ့ခဲ့ရ

တွေ့ရှိထားတဲ့ ဒီသင်္ဘောရဲ့ အပျက်အစီး အပိုင်းအစတွေကို လေ့လာချက်အရ ဒီအပိုင်းအစတွေဟာ တော်ပီဒို ဒါမှမဟုတ် ပြင်ပ ဖိအား မရှိဘဲ ပျက်စီးသွားနိုင်တဲ့ အပိုင်းတွေ မဟုတ်ဘူးလို့လည်း အင်ဒို ကမ်းတက်တပ် အကြီးအကဲ ယူဒို မာဂိုနိုက ပြောပါတယ်။

ဒီလို တွေ့ရှိရတဲ့ အပျက်အစီး အပိုင်းအစတွေထဲမှာ ရေငုပ်သင်္ဘောရဲ့ ရေမျက်နှာပြင် အထက်ကြည့် မှန်ပြောင်းကို ဆီထည့်တဲ့ ပုလင်းတလုံးကိုလည်း တွေ့ရှိခဲ့ပြီး အဲဒီအပိုင်းအစတွေ အားလုံးကို တခြားသင်္ဘောတွေ ဖြတ်သွားခဲ့ခြင်းမရှိတဲ့ ဆယ်မိုင်ပတ်လည် ပင်လယ်ရေ မျက်နှာပြင်အတွင်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ပင်လယ်ကြမ်းပြင် ရောက်သွားပြီ ဖြစ်တဲ့ ရေငုပ်သင်္ဘောကို အကောင်အထည်အလိုက် ရှာဖွေတွေ့ရှိဖို့ နိုင်ငံတကာရဲ့ ကြိုးစားအားထုတ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-56873427

အင်ဒိုနီးရှားရေငုပ်သင်္ဘော ဘာလီကျွန်းနားမှာ မြုပ်သွားတာလို့ ရေတပ်ပြော အင်ဒိုနီးရှားရေငုပ်သင်္ဘော ဘာလီကျွန်းနားမှာ မြုပ်သွားတာလို့ ရေတပ်ပြော Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.