အင်တာနက်ပိတ်ပင်မှုတွေအကြား သတင်းစီးဆင်းမှုမပြတ်အောင် လူငယ်တွေ ကြိုးစားနေ

မိုလိုတော့ဗ်စာစောင်လိုဂို။

အင်တာနက် ဆက်သွယ်မှုတွေကို ပိတ်ပင်သလို သတင်းစီးဆင်းမှုကိုလည်း ကန့်သတ်ချုပ်ချယ်နေတဲ့ မြန်မာစစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာလူငယ်တချို့က မြေအောက်သတင်းလွှာတွေကို ထုတ်ပြန်ပြီး လူထုအကြား စတင်ဖြန့်ဖြူးပေးနေပါတယ်။

Molotov လို့ခေါ်တဲ့ သတင်းလွှာနဲ့ လူငယ်တွေကို စွဲဆောင်နိုင်အောင် ကြိုးပမ်းနေသလို တခြားသတင်းလွှာတွေလည်း ရှိနေပြီလို့ အသက် ၃၂ နှစ်အရွယ် အမည်ဝှက်နဲ့ ကိုလင်းသန့်က ပြောပါတယ်။

“ဒါတွေက ကျနော်တို့ဘက်ကနေ ပြန်ပြီးတော့ ဒီကောင်တွေ သတင်းစီးဆင်းမှု နှေးကွေးအောင် လုပ်တာတွေ၊ အင်တာနက် ဖြတ်တောက်တာတွေ ကျနော်တို့က ပြန်ပြီး အံတုတဲ့ အံတုမှုလည်း ဖြစ်သလို လူထုကိုလည်း ကျနော်တို့က သတင်းအချက်အလက် မြန်မြန်ဆန်ဆန် ရောက်ဖို့ရယ်၊ ကျနော်တို့ လှုပ်ရှားမှုတွေ မရပ်တန့်အောင်ရယ် ဒါတွေ အဓိကထားပြီးတော့ ဒီစာစောင်တွေကို ထုတ်တာဖြစ်တယ်။”

အခုလို သတင်းလွှာ ထုတ်တာကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရမယ့် အန္တရာယ် ရှိနေတာကို သိရှိပေမယ့် တယောက်ကျဆုံးရင် နောက်တယောက်က ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ တော်လှန်ရေး ပြီးဆုံးချိန်အထိ Molotov သတင်းစာ ဆက်လက်တည်ရှိနေမယ်လို့လည်း သူက AFP သတင်းကို ပြောပါတယ်။

လောလောဆယ် Molotov သတင်းလွှာကို ဈေးဆိုင်တွေမှာတင်ပြီး ဖြန့်ဖြူးပေးနေသလို Facebook ပေါ်မှာလည်း လူ ၃၀,၀၀၀ လောက် ဖတ်ရှုခဲ့ပြီဖြစ်ကြောင်း သူက ပြောပါတယ်။

အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုအခါ ရက်ပေါင်း ၅၆ ရက် ဆက်တိုက် အင်တာနက် ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အင်တာနက် စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မစခင် ၂၀၁၁ ခုနှစ် မတိုင်ခင်အထိ မြန်မာနိုင်ငံကို ၄၉ နှစ်ကြာ စစ်တပ်က အုပ်ချုပ်ခဲ့တုန်းကလည်း သတင်းမီဒီယာတွေကို ဆင်ဆာပြုလုပ်ပြီး တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့တာပါ။

အခု စစ်ကောင်စီကလည်း မဇ္စျိမ သတင်းဌာန အပါအဝင် မီဒီယာအဖွဲ့အစည်း ၅ ခုကို လုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပါတယ်။ စစ်အာဏာသိမ်းကတည်းက အခုအချိန်အထိ သတင်းသမား ၆၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၃၃ ဦးက အကျဉ်းချခံနေရဆဲမို့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ အန္တရာယ် ကျရောက်နေပြီလို့ မီဒီယာစောင့်ကြည့်ရေးအဖွဲ့ Reporting ASEAN က ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/molotov-news-letter/5848846.html

အင်တာနက်ပိတ်ပင်မှုတွေအကြား သတင်းစီးဆင်းမှုမပြတ်အောင် လူငယ်တွေ ကြိုးစားနေ အင်တာနက်ပိတ်ပင်မှုတွေအကြား သတင်းစီးဆင်းမှုမပြတ်အောင် လူငယ်တွေ ကြိုးစားနေ Reviewed by THITHTOOLWIN on 03:30 Rating: 5

No comments:

Powered by Blogger.