မန္တလေးဈေးတချို့မှာ စည်ပင်နဲ့တပ်ပေါင်းပြီး ဈေးခွန်ကောက်နေ

 မန္တလေးမြို့တွင်းဈေးတစ်ခု

မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်ထဲက ဈေးတချို့မှာ စည်ပင်နဲ့ စစ်တပ်ကလူတွေ ပူးပေါင်းပြီး ဈေးခွန်ကောက်နေလို့ ဈေးသည်တွေက ဘီဘီစီကို ပြောလာပါတယ်။

"သားငါးတန်းဘက် သေနတ်တွေနဲ့ချိန်ပြီး ကောက်တာ။ သုံးလစာတောင်းတာ။ အရောင်းဝယ်မကောင်းလို့ ဆောင်စရာ ပိုက်ဆံမရှိဘူးလေ။ သေနတ်တွေချိန်ထားတော့ တလစာ နှစ်သောင်းပေးလိုက်ရတယ်။ ဆိုင်တိုင်းပါသွားတာ"လို့ ချမ်းမြသာစည်မြို့နယ်ထဲက ဈေးသည်တစ်ဦးက ပြောပါတယ်။

ပျံကျ‌ဈေးဆိုင်တစ်ဆိုင်ကို ကျပ် ၃၀၀၊ ၅၀၀ ပေးဆောင်ခိုင်းပြီး ဆိုင်ခန်း အတည်ပြုဈေးတစ်ဆိုင်ကို တစ်လစာ ကျပ်ငွေ နှစ်သောင်း ဈေးကောက်အခွန်အနေနဲ့ ကောက်နေတာလို့ ဈေးသည်တွေက ပြောပါတယ်။

ဈေးတာဝန်ကျ စည်ပင်ဝန်ထမ်းနဲ့ စစ်ကောင်စီတပ်ကအနည်းဆုံးလူ လေးယောက်ပါတယ်လို့လည်း ဈေးသည်တွေကပြောပါတယ်။

"ဈေးသည်တွေက ကျမတို့အစိုးရမှ အခွန်ရော ဒဏ်ကြေးပါဆောင်မယ်လို့ပြောထားတာ။ ဒါကို တာဝန်ခံကမကျေနပ်ဘူး နေမှာ။ သူတို့အဖော်တွေနဲ့ လာကောက်ကြတာလေ။ မပေးရင် ပစ္စည်းတွေ ယူမလား။ ဆိုင်ကိုဖျက်ဆီးမလားဆိုပြီး လန့်နေရတာ"လို့ ဘုရားကြီးဈေးသည် တဦးကပြောပါတယ်။

မေလ ၁ရက်ကစလို့ ဈေးကောက်တွေနဲ့ အခွန်တွေကောက်ယူဖို့မန္တလေးတိုင်းရုံးမှာ တိုင်းစစ်ကောင်စီနဲ့စည်ပင်သာယာအဖွဲ့တို့ ဧပြီ ၂၆ရက်က အစည်းဝေးလုပ်ခဲ့ပါတယ်။

အခွန်တွေလိုက်ကောက်ရာမှာ လုံခြုံရေးတွေပါ ထည့်ပေးမှာဖြစ်လို့ မဖြစ်မနေ အခွန်လိုက်ကောက်ရမယ်လို့ သိထားကြောင်း မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက စည်ပင်ဝန်ထမ်းတဦးက ပြောတာကို ကိုးကားပြီး ဈေးသည်တချို့ကပြောပါတယ်။

လုံခြုံရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘယ်လိုပုံစံမျိုးနဲ့ လိုက်ပါမယ်ဆိုတာ အတည်ပြုချက် မရရှိပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မန္တလေးဈေးတချို့မှာ စည်ပင်နဲ့တပ်ပေါင်းပြီး ဈေးခွန်ကောက်နေ မန္တလေးဈေးတချို့မှာ စည်ပင်နဲ့တပ်ပေါင်းပြီး ဈေးခွန်ကောက်နေ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.