ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီတုံ့ပြန်

 ပြည်တွင်း ဆန္ဒပြပွဲတွေမှာ မြင်တွေ့လာရတဲ့ ကုလတပ်တွေဝင်ပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ တောင်းဆိုမှု

ဗြိတိန်ရဲ့ကမကထ ပြုမှုနဲ့ ဧပြီလ ၉ ရက်မှာ အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေး (Arria-Formula Meeting) ကို လက်မခံသလို ပြင်းထန်စွာကန့်ကွက်ပယ်ချတဲ့အကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အဲဒီအစည်းအဝေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ ခေတ္တယာယီနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ CRPH ကပဲ ထပ်ခန့်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ကောင်စီက CRPH ကို မတရားအသင်းကြေညာထားတာနဲ့ ဦးကျော်မိုးထွန်းကိုလည်း ဖေဖော်ဝါရီကုန်ပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲထားလို့ မြန်မာနိုင်ငံအမည်ခံပြီး တက်ရောက်တာဟာ နိုင်ငံကို ကိုယ်စားမပြုဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။

CRPH ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကတော့ အာဏာသိမ်းမှုအပြီး စစ်တပ်ကြောင့် အရပ်သားတွေ သေဆုံးနေရတာအပြင် ပြည်တွင်း အခြေအနေ အရပ်ရပ်ကို အဲဒီအစည်းအဝေးပွဲမှာအကျဥ်းချုံးဆွေးနွေးတင်ပြခဲ့ပြီး R2P ကျင့်သုံးနိုင်နိုင်မယ့် တတိယအချက်ကို ထည့်သွင်းစဉ်စားဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီအချက်ကတော့ နိုင်ငံတော်က နိုင်ငံသားတွေကို ကာကွယ်ဖို့ ပျက်ကွက်တဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်ပေးတဲ့အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်းကတော့ အရပ်သားတွေရဲ့လူနေအရပ်တွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ နောက်ထပ်သွေးထံသံယိုမှု ရှောင်ရှားနိုင်ဖို့ လုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မပျံသန်းရဇုန်သတ်မှတ်တာ၊ လက်နက်ရောင်းချမှုကို ချက်ချင်းပိတ်ပင်တာနဲ့ အရေးယူပိတ်ဆို့တာတွေလုပ်ဖို့ ဆွေးနွေးပွဲမှာ တောင်းဆိုသွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီတုံ့ပြန်  ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီတုံ့ပြန် Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.