ကျောက်မဲမြို့အဝင် စစ်ဆေးရေးဂိတ် ပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ

ကျောက်မဲမြို့ အဝင်ဂိတ် ပေါက်ကွဲမှုအပြီး မြင်ကွင်း။ (ဓာတ်ပုံ - ဧပြီ ၀၅၊ ၂၀၂၁)

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-လားရှိုးလမ်းက ကျောက်မဲမြို့အဝင်ဂိတ်မှာ တနင်္လာနေ့ ညနေပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ သုံး ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ ဆိုင်ကယ်နဲ့ လာပစ်သွားတဲ့ လက်လုပ်မိုင်းအဖြစ်လည်း ယူဆတာတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအကြားနဲ့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ တပ်မတော်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်မဲဒေသမှာ တနင်္လာနေ့ညနေ ၇ နာရီအကျော်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ဒီပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အခြေအနေကို ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မနေ့က ဖြစ်စဉ်ကတော့ ၇ နာရီ ၁၅ လောက်မှာ ပေါက်ကွဲမှု တခု ဖြစ်တယ်ပေါ့နော်။ တော်တော်ကြီးကို အသံကျယ်ပါတယ်။ တုန်လှုပ်တယ်ပေါ့နော်။ CCTV ကို ပြန်ကြည့်တဲ့အခါမှာ ဆိုင်ကယ်စီးသွားတဲ့ လူနှစ်ယောက်ပေါ့နော်။ လူငယ်နှစ်ယောက်ကနေ ပစ်ထုတ်လိုက်တာပါ။ အဲဒီပစ်ထုတ်လိုက်တာလည်း လက်လုပ်ဗုံးလိုဟာလို့ ယူဆပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီးတော့ အဲဒီ ဝန်ထမ်း သုံး ယောက်က မစိုးရိမ်ရတဲ့ဒဏ်ရာ ရတယ်လို့ ပြောပါတယ်။ မနေ့ကတည်းက ဖြစ်ကတည်းက စစ်ဆေးဆွယ်ကို ခေါ်သွားပါတယ်ခင်ဗျ။ စစ်တပ်က ဆေးဆွယ်မှူး ရှိပါတယ် ဒီမှာ။ အဲဒီမှာပဲ ကုသပေးနေပါတယ်။”

လက်ရှိအခြေအနေမှာတော့ ဗုံးပစ်သူ တရားခံကို ဖမ်းဆီးရမိကြောင်း မကြားသိရသေးသလို မန္တလေး-လားရှိုးလမ်းမှာ ကားအသွားအလာတွေ ရပ်ဆိုင်းတယ်ဆိုတာလည်း မကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲဒေသဟာ လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားနေသလို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ဗုံးပေါက်ကွဲတာတွေ မကြာခဏ ဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေမှာတော့ အဆင့် သုညလောက်သာ ရှိနေတယ်လို့ ကျောက်မဲမြို့နယ်က ရွေးကောက်ခံ ပြည်နယ်လွှတ်တော် ဦးစိုင်းထွန်းဉာဏ်က သုံးသပ်ပါတယ်။

“ကျနော်တို့ ရှမ်းမြောက်ကတော့ ဟိုယခင်ကတည်းကတော့ လုံခြုံတဲ့ဒေသ မဟုတ်ဘူးလေနော်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ များတယ်။ ပစ်တာခတ်တာ ရှိတယ်ပေါ့။ ခုဆို ပိုဆိုးတာပေါ့။ မြို့ထဲလည်း မလုံခြုံကြပါဘူး။ လုံခြုံရေးကတော့ အဆင့် zero လောက်ရှိတာပေါ့ဗျာ။ အခုတလော ကျောက်မဲ၊ သီပေါတဝိုက်မှာလည်း နေ့တိုင်း နီးပါးလို တိုက်ပွဲတွေ ဖြစ်နေတာလေ။ အဓိက လက်နက်ကိုင် ၄ ဖွဲ့ပေါ့။ အစိုးရစစ်တပ်ရှိမယ်၊ SSPP ရှိမယ်၊ TNLA ရှိမယ်၊ RCSS ရှိမယ်။ နေရာကွက်ကြား၊ ကွက်ကြားတွေတော့ ဆက်တိုက် တိုက်ပွဲဖြစ်နေတာပဲ။ မနေ့က ပေါက်ကွဲတဲ့နေရာကလည်း အမှန်ကတော့ အမြဲတမ်း ရဲတို့၊ တပ်မတော်တို့ အမြဲတမ်း စောင့်ကြည့်နေတဲ့နေရာပဲလေ။”

မူဆယ်မြို့နယ်၊ ဖိုင်ကောင်းကျေးရွာအုပ်စုမှာလည်း မနေ့ညနေ ၁၀ နာရီလောက်က ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ကျောက်မဲခရိုင်အမှတ် (၁) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထိုက်ဟာ နေအိမ်မှာပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

၂၀၁၈ ခုနှစ် တပ်မတော်နေ့ မတိုင်မီ မတ်လ ၂၆ ရက်နေ့ကလည်း ကျောက်မဲမြို့ အဝင်ဂိတ်မှာ ဗုံး နှစ် လုံးပေါက်ကွဲခဲ့ဖူးပါတယ်။

ဒီလ ၅ ရက်နေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ SSPP ရှမ်းမြောက်နဲ့ TNLA တအန်း(ပလောင်) ပူးပေါင်းတပ်နဲ့ RCSS ရှမ်းတောင်တပ်တွေအကြားမှာ တိုက်ပွဲဖြစ်ပွားနေသလို ၄ ရက်နေ့ကတော့ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုမှာ တပ်မတော်နဲ့ KIA ကချင်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကျောက်မဲ၊ သီပေါ၊ နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ 


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/kyauk-mae-explosion/5842425.html

ကျောက်မဲမြို့အဝင် စစ်ဆေးရေးဂိတ် ပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ ကျောက်မဲမြို့အဝင် စစ်ဆေးရေးဂိတ် ပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.