မြန်မာ့အရေး နိုင်ငံတကာအကူအညီပေးဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား

DC ဆန္ဒပြပွဲ ( စနေနေ့ ၃ ရက် ဧပြီ ၂၀၂၁ )


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် ဖိနှိပ်ဖြိုခွဲမှု ဆက်လက်ဖြစ်ပေါ်နေပြီး သေဆုံးမှုတွေ ဆက်ရှိနေတာကြောင့် ဒါတွေရပ်တန့်သွားအောင်နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူဆောင်ရွက် ပေးလာအောင် ကမ္ဘာတလွှား နိုင်ငံတချို့မှာ စနေနေ့က မြန်မာတွေ စုရုံးဆန္ဒပြတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတော့ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး ရာချီတဲ့ မြန်မာတွေက မြန်မာစစ်တပ်ကို အကာအကွယ်ပေးနေတဲ့ ရုရှားသံရုံး ၊ အိန္ဒိယ သံရုံးတွေအပြင် မြန်မာသံရုံး ရှေ့ကိုပါ ချီတက် သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

DC ရုရှားသံရုံးရှေ့ ဆန္ဒပြပွဲ

ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင် ဟောပြောခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ နိုင်အောင်က ဒီစီ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ခုလို ပြောပါတယ်။

" အိန္ဒိယသံရုံးရှေ့မှာ ပြောဖြစ်တာကတော့ နယ်စပ်မှာ ဒုက္ခသည်တွေ ရောက်နေတာကို မီဇိုရမ်ဝန်ကြီးချုပ်က လက်ခံတယ်ဆိုပေမဲ့ အိန္ဒိယအစိုးရက လက်မခံဘူးလို့ ငြင်းနေတဲ့ကိစ္စအပေါ်မှာ ဆန္ဒပြတာပါ။ ကျနော်တို့နဲ့ အိမ်နီးနားချင်းကောင်း မဖြစ်ချင်ဘူးလားပေါ့ ၊ ဖြစ်ချင်တယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီတိုက်ပွဲနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ သတင်းစကားမျိုး ပြောဖြစ်ပါတယ်။ "

အလားတူ အမေရိကန် အရှေ့ခြမ်း နယူးယောက်မြို့ Time Square မှာလည်း ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ မြန်မာတွေ ရာနဲ့ချီ တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးနေတင်မြင့်ကလည်း ခုလို ပြောသွားပါတယ်။

New York ဆန္ဒပြပွဲ

" ကျနော်တို့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်သွားမှာကို လက်မခံဘူး ၊ ပြည်သူတွေ လူ့အခွင့်အရေးတွေ အပြည့်အဝ ရမှာကို မလိုလားတဲ့အတွက် စစ်တပ်က အကြမ်းဖက် အာဏာသိမ်းလိုက်တာပါ။ အဲဒီအတွက် ကျနော်တို့ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ CRPH ပေါ်ထွက်လာပါတယ်။ အခု CRPH ဟာ တိုင်းရင်းသားပေါင်းစုံ ခေါင်းဆောင်တွေနဲ့ စုစည်းညီညာမှု ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှုကနေ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ စာအုပ်အစိမ်းကြီးကို ဖျက်သိမ်းနိုင်ခဲ့ပါပြီ။ ၂၀၀၈ ခြေဥ မရှိတော့ဘူးဆိုတာ ကမ္ဘာကသိအောင် အခုပြောနေခြင်း ဖြစ်ပါတယ်။ နောက်တချက်က CRPH က ကြေညာထားတဲ့ ပဋိဉာဉ်စာတမ်းအရ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အပြည့်စုံ မရေးဆွဲနိုင်ခင် ကာလမှာ ဒီပဋိဉာဉ်စာတမ်းအရ ဆက်လက် အုပ်ချုပ်သွားမယ့် သဘောလို့ နားလည်ပါတယ်။ "

အမေရိကန် အနောက်ဖက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့မှာလည်း ကုလသမဂ္ဂ ပလာဇာရှေ့မှာ ရာကျော်တဲ့ မြန်မာတွေ စနေနေ့က စုဝေး ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲအတွင်း ဦးဆောင်ပါဝင်သူ ဦးကိုကိုလေး ဟောပြောတာက -

" ပြည်တွင်းမှာ မတရားသတ်ဖြတ်ခံနေရတယ်။ လူငယ်လေးတွေ သေဆုံးနေရတယ် အမျိုးသမီးတွေ ကျောင်းသားငယ်တွေ သေနေကြတာ အားလုံးအသိဖြစ်တယ်။ ဒီနေ့ ကျနော်တို့ရဲ့ တိုက်ပွဲဟာ လူမျိုးတူကျွန်ပြုချင်တဲ့ စစ်ဖိနပ်သံခွာအောက်ကနေ လွတ်မြောက်ဖို့ ပြည်သူအားလုံး တိုက်ပွဲဝင်နေတာဖြစ်တယ်။ အခုဆိုရင် သမိုင်းမှာ မကြုံဘူးတဲ့.. ပြည်သူတွေက ငုံ့မခံဘူး နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်မယ်ဆိုတာ ဆုံးဖြတ်ချက် ချပြီးသားဖြစ်တယ်။ နည်းပေါင်းစုံထဲမှာ လက်နက်ကိုင် တော်လှန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း ပါတယ်။ GenZ တွေဟာ မြို့ရွာတိုင်းမှာ အသေခံ တိုက်ပွဲဝင်နေတာဖြစ်တယ် ။ သူတို့နောက်မှာ ကျနော်တို့ ရှိကြမယ်။ "

ဆန်ဖရန်စစ္စကို UN plaza ရှေ့က ဆန္ဒပြပွဲ

အမေရိကန် ပြည်ထောင်စုမှာလိုပဲ ဥရောပထဲက ဗြိတိန်နိုင်ငံထဲမှာရှိတဲ့ မြို့နယ်အသီးသီးက ထောင်ဂဏန်းရှိတဲ့ ဗမာနဲ့ တိုင်းရင်းသားတွေဟာ ဗြိတိသျှပါလီမန် ၊ ဗြိတိန်ဝန်ကြီးချုပ်ရုံးရှေ့ ၊ ရုရှားသံရုံး ၊ မြန်မာသံရုံးရှေ့တို့ကို သွားရောက် လှည့်လည် ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူတွေထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုမင်းဟိန်းက VOA ကို ပြောပါတယ်။

" ဗြိတိန် ပါလီမန်ကနေ ဗြိတိန်ဝန်ကြီးချုပ်အိမ်ရှေ့သ ွားခဲ့ပါတယ်။ ထူးခြားချက်က ဒီနေ့ကျနော်တို့ ဆန္ဒပြလူအုပ်စုတွေက အနည်းဆုံး ၃၀၀၀ လောက်ရှိတယ်လို့ ရဲကိုယ်တိုင်ပြောသွားတယ်။ လမ်းမှာ ကားတွေတောင် သွားမရဘူး၊ ဘတ်စ်ကားတွေဆို ရဲက ရပ်ထားပေးရတာ တော်တော်လေးကြာတယ်။ ဗြိတိန်ဝန်ကြီးချုပ် အိမ်ရှေ့ရောက်တော့ ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည် အရေးကိစ္စကို အလေးထား ဆောင်ရွက်ပေးဖို့ အော်ကြတယ်။ အဲဒီကနေ မြန်မာသံရုံးရှေ့ကို ဆက်လက်ချီတက် ဆန္ဒပြကြတယ်။ မြန်မာသံရုံးရှေ့မှာ အနည်းဆုံး ၄၅ မိနစ်လောက်ကြာမယ် လူတွေက ပုံသဏ္ဍာန်မျိုးစုံနဲ့ မကြေချက်တွေ အော်ပြောကြတယ်။ မင်းအောင်လှိုင်ဓါတ်ပုံကို နင်းတယ်။ ရုရှားသံရုံရှေ့လည်း သွားခဲ့တယ်။ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောင်းဖို့၊ မထောက်ပံ့ဖို့ တောင်းဆိုကြတယ်။ "

လန်ဒန်မြို့ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်လာသူတဦးကတော့ မြန်မာပြည်မှာ လူသိများကြတဲ့ ဖိလစ်ပိုင်လူမျိုး မော်ဒယ် Sinon Loresca ပဲ ဖြစ်ပါတယ်။ အခုလို မြန်မာတွေနဲ့ ပူးပေါင်းပြီး သူ ဘာကြောင့် ဆန္ဒပြနေရသလဲ ဆိုတာကို ရှင်းပြပါတယ်။

" ကျနော်က မြန်မာနိုင်ငံမှာ ၂ နှစ်လောက် နေခဲ့တာပါ။ မြန်မာပြည်သားတွေရဲ့ဘဝကို ကျနော် သိခဲ့ရပါတယ်။ မြန်မာတွေရဲ့ ယဉ်ကျေးမှုကိုလည်း ကျနော် နားလည်ခဲ့ရသလို ၊ မြန်မာတွေဟာ ဘယ်လောက် စိတ်ကောင်း စေတနာရှိသလဲ ဆိုတာကိုလည်း မြင်ခဲ့ရပါတယ် ။ ကျနော် မြန်မာနိုင်ငံကနေ ထွက်ခွာ လာခဲ့ပေမယ့် ကျနော့် စိတ်နှလုံးသားတွေက မြန်မာပြည်မှာ ကျန်နေခဲ့တာပါ။ ဒါကြောင့် မြန်မာပြည်သူတွေနဲ့အတူ မြန်မာပြည် လွတ်ြမောက်ရေး ဒီမိုကရေစီရရှိရေးနဲ့ ပြန်လည် ငြိမ်းချမ်းဖို့အတွက် ကျနော်လည်း တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်လည်း အမြန်ဆုံး ပြန်လွတ်မြောက်ပြီး ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် လုပ်ဆောင် သွားမှာပါ။ " လို့ ပြောသွားပါတယ်။

မြန်မာတွေသိကြတဲ့ ဖိလစ်ပိုင် မော်ဒယ် Sinon

လန်ဒန်မှာရှိတဲ့ မြန်မာများရဲ့စာရင်းကိုင်အသင်းက ဦးစီးပြီး မြန်မာပြည်တွင်း CDM လှုပ်ရှားမှုမှာ ပါဝင် နေသူတွေအတွက် ရံပုံငွေ ရှာတဲ့အနေနဲ့ မြန်မာ့ရိုးရာ မုန့်ပဲသွားရေစာတွေ ၊ မြန်မာဟင်းမျိုးစုံ ကြော်ချက်ပြီး ရောင်းချ နေကြတာမျိုးလည်း ရှိပါတယ်။

ဧပြီ ၄ ရက် တနင်္ဂနွေ ဒီကနေ့မှာတော့ ဂျပန်ရောက်မြန်မာတွေ စုရုံးပြီး တိုကျိုမြို့လယ်မှာ ချီတက်ဆန္ဒပြပွဲကြီး တရပ် ပြုလုပ်ကြမယ်လို့ သိရပါတယ် ခင်ဗျား။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/protest-us-london/5839972.html

မြန်မာ့အရေး နိုင်ငံတကာအကူအညီပေးဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား မြန်မာ့အရေး နိုင်ငံတကာအကူအညီပေးဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.