တက္ကသိုလ်ရာထူးတိုးနဲ့ အပြောင်းအရွှေ့တွေအပေါ် ဝေဖန်မှုတွေရှိလာ

လွိုင်ကော်နည်းပညာတက္ကသိုလ် (ဓာတ်ပုံ- Citizen Journalist)

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုထဲ တက္ကသိုလ် ဆရာဆရာမတချို့ ပါဝင်နေကြချိန်မှာ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေကို ရာထူးတိုးတာ၊ တာဝန်ပြောင်းရွှေ့တာတွေကို အာဏာသိမ်း နစက စစ်ကောင်စီက လုပ်နေပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၁၃၀ ကျော်ကို မေလ ၅ ရက်မှာ ပြန်ဖွင့်နိုင်မှာမို့ ဆရာ ဆရာမတွေ အလုပ်ခွင်ပြန်ဝင်ကြဖို့ ပညာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

အခုလာမယ့် မေလ ၅ရက်နေ့မှာ တက္ကသိုလ်နောက်ဆုံးနှစ်နဲ့ မဟာဝိဇ္ဇာတန်းသင်တန်းတွေကို စစ်အုပ်ချုပ်ရေးကောင်စီ ခန့်အပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနက စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ပညာရေးဝန်ထမ်းတွေကိုလည်း မေလ ၃ရက် နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ နောက်ဆုံးအကြိမ် သတိပေးထားပါတယ်။

ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ အဆင့်မြင့်ပညာရေးက ဝန်ထမ်းအများစုဟာ မေလ ၃ ရက်မှာ အလုပ်ပြန်မဆင်းဖို့ ဆုံးဖြတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ဆရာများ သမဂ္ဂက ဒေါက်တာ ဒေါ်နှင်းနှင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ သူတို့ကတော့ ခေါ်နေတယ်၊ သိထားသလောက် ဒီဘက် တက္ကသိုလ်ဆရာ အသိုင်းအဝန်းကတော့ ၈၅% လောက်ထိကတော့ လုံးဝသွားမှာ မဟုတ်ဘူးဗျ သူတို့ခေါ်လည်း။ ပုံမှန် ဒီ ဆရာ၊ ဆရာမတွေကတော့ အလုပ်ထုတ်ပစ်လည်း ဂရုမစိုက်ဘူး။ တချို့ကျတော့လည်း မိသားစုအခြေအနေကြောင့် ပြန်စဉ်းစားတဲ့ လူတွေလည်း ရှိတယ်လို့ကြားတယ်။ တကယ့် စာရင်းဇယားကတော့ ၃ ရက်နေ့မှပဲ အဖြေပေါ်မှာပါ။”

ပါမောက္ခရာထူးကနေ ဒုတိယ ပါမောက္ခချုပ်ရာထူး လျှောက်ထားသူတွေထဲက အယောက် ၈၀ ကို အခုလကုန်မှာ လူတွေ့အကဲဖြတ်ဖို့ အဆင့်မြင့်ပညာ ဦးစီးဌာနက ခေါ်ယူထားပါတယ်။ ဒီရက်ပိုင်းထဲမှာလည်း ရာထူးတိုးနဲ့ အပြောင်းအရွှေ့တွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အခုနှစ် ဇန်နဝါရီလ အတွင်းမှာ တက္ကသိုလ်ဆရာတွေရဲ့ ရာထူးတိုးနဲ့ အပြောင်းအရွှေ့ကို လုပ်ထားပြီးဖြစ်လို့ အခုအပြောင်းအရွှေ့ဟာ ရိုးသားမှုမရှိကြောင်း ဒေါက်တာဒေါ်နှင်းနှင်းအောင်က ဆက်ပြောပါတယ်။

“ ဒါကပုံမှန်လုပ်တဲ့ အနေအထားမျိုး မဟုတ်တော့ဘူး အခုခေါက်လုပ်တာက။ CDM လုပ်တဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်ဖို့အတွက် နောက်ပြီး တဖက်က ဆွယ်ဖို့ပေါ့နော်။ CDM လုပ်တဲ့သူတွေ မင်းတို့လုပ်သွားလည်း ဂရုမစိုက်ဘူး၊ ငါတို့မှာ အခြားအစားထိုးစရာ ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီဘက်မှာ ရာထူးမတက်လို့ ရာထူးတိုးပေးလိုက်တယ်၊ လျော့သွားတဲ့ သူတွေနေရာကိုလည်း သူတို့အစားထိုးစရာ ရှိတယ်ဆိုတဲ့ ပုံစံကို ချိုးဖို့အတွက် ဒီလိုလုပ်နေတယ်လို့ အကြိမ်းဖျင်း ပြောလို့ရပါတယ်။”

လက်ရှိမှာ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမ ၃၀ ကျော်ရှိပြီး၊ တာဝန်က ယာယီရပ်ဆိုင်းခံထားရတဲ့ သူကတော့ ၂၀၀ ကျော်ရှိပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ဘဲနေဖို့ ပညာရေးဝန်ထမ်းအများစုက ဆုံးဖြတ်ထားသလို စစ်ကောင်စီ ဘက်ကလည်း တက္ကသိုလ် အသီးသီးက ဆရာ၊ ဆရာမတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက်လုပ်လာပါတယ်။

အခုလို အပြောင်းအရွှေတွေက ကျောင်းသားတွေ ကျောင်းပြန်လာအောင်လုပ်တဲ့ နည်းလမ်းတခုဖြစ်နိုင်ကြောင်း လားရှိုးတက္ကသိုလ် ရူပဗေဒဌာနက ကထိက ဒေါက်တာထွန်းထွန်းနိုင်က ပြောပါတယ်။

“ ကျောင်းသား ကျောင်းသူတွေဟာ သူတို့ ဆရာ၊ ဆရာမတွေကို social punishment တို့ ဆဲထားဆိုထားတာတွေရှိတယ်၊ ရှိတော့ ကျောင်းပြန်ဖွင့်ပြီဆိုရင် ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းပြန်တက်ချင်ရင်တောင် သူတို့ဆဲထား ဆိုထားတာတွေ ဖြစ်နေတယ် သူတို့ဆရာတွေကို။ အဲဒီအတွက် ရွှေ့လိုက်တယ် တခြားတက္ကသိုလ်ကို။ တခြားတက္ကသိုလ်ကနေ တယောက်လာလိမ့်မယ် အဲဒါဆိုရင် သူတို့ဆဲထားဆိုထားသူ မဟုတ်တဲ့အတွက် ကျောင်းသား ကျောင်းသူဟာ ကျောင်းလာတက်မယ်၊ ပါမောက္ခချုပ်လည်း အသစ်ဖြစ်နေရမယ် ကျောင်းပြန်တက်ရင်၊ ဒုတိယ ပါမောက္ခချုပ်လည်း အသစ်ဖြစ်ရမယ်၊ စီမံဘဏ္ဍာဌာနလည်း အသစ်ဖြစ်ရမယ်၊ သင်တန်းရေးရာဌာနမှုးလည်း အသစ်ဖြစ်ရမယ်။ အဲလိုသဘောမျိုးနဲ့ အပြောင်းအရွှေ့ လုပ်တယ်လို့ ကျနော်ကတော့ သုံးသပ်တယ်ပေါ့။”

အာဏာဖီဆန့်တဲ့ CDM လှုပ်ရှားမှုမှာမပါဖို့၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းတွေကို ကျေပွန်ဖို့ ၊ စည်းကမ်းထပ်ပြီး ဖောက်ဖျက်ရင် အရေးယူသွားမယ်လို့ တက္ကသိုလ်တချို့က ဖိအားပေးနေပါတယ်။

မန္တလေးမြို့မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသ) ဦးဆောင်ပြီး ကျောင်းပြန်မတက်ရေး လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနေပါတယ်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ် စာရင်းအရဆိုရင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ၄၈ခုမှာ ကျောင်းသား ၃၂၀၀၀၀ ကျော်၊ နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်တွေမှာ ၅၈၀၀၀ ကျော်၊ ပညာရေး ဒီဂရီကောလိပ် ၂၅ ခုမှာ ၁၀၇၀၀ ကျော်ရှိပြီး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ၃၈ ခုမှာ အဝေးသင်တက်နေတဲ့ ကျောင်းသားကတော့ ၆၂၀၀၀၀ ကျော်ရှိပါတယ်။ ပညာသင်နှစ်အသီးသီးမှာ တက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသား အားလုံးပေါင်းကတော့ ၁၀ သိန်းကျော်ရှိတယ်လို့ လက်ရှိ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/Myanmar-cdm-universities-ministry-of-education-reopen-/5867549.html

တက္ကသိုလ်ရာထူးတိုးနဲ့ အပြောင်းအရွှေ့တွေအပေါ် ဝေဖန်မှုတွေရှိလာ တက္ကသိုလ်ရာထူးတိုးနဲ့ အပြောင်းအရွှေ့တွေအပေါ် ဝေဖန်မှုတွေရှိလာ Reviewed by THITHTOOLWIN on 07:11 Rating: 5

No comments:

Powered by Blogger.