ဆန္ဒပြမှုများ အကြမ်းဖက်ခံရမှု နိုင်ငံတဝန်း ၅ ဦးထက်မနည်း သေဆုံး

မန္တလေးမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် အကာအကွယ်ယူနေရတဲ့ ဆန္ဒပြသူများ။ (ဧပြီ ၃၊ ၂၀၂၁)

နိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဒီနေ့မှာ အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က ပြောပြသွားမှာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့မှာလည်း နိုင်ငံတဝန်းက မြို့တွေမှာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ အားကောင်းနေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်တာကြောင့် ဆန္ဒပြတဲ့သူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်းကတော့ မုံရွာမှာ ချီတက်ဆန္ဒပြလာတဲ့ ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီဘက်က ဖြိုခွဲဖို့ကြိုးစားစဉ် သပိတ်စစ်ကြောင်းကို အကာအကွယ်ပေးနေတဲ့ အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီးတော့ ဆန္ဒပြသပိတ်ကို အကာအကွယ်ပေးနေတဲ့ အဖွဲ့ထဲက ၂ ယောက်နဲ့ ပြည်သူ ၁ ယောက် သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ မုံရွာမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ပင်မသပိတ်စစ်ကြောင်း ချီတက်တဲ့ အေးရိပ်သာလမ်းနဲ့ စက်မှုဇုန်တဝိုက်ကို မနက်အစောကြီးကတည်းက သူတို့က ဝင်စီးတယ်။ ဝင်စီးရင်းနဲ့ သပိတ်စစ်ကြောင်း ကာကွယ်ရေးအဖွဲ့ (Defense Team) နဲ့ ထိတွေ့မှုဖြစ်တဲ့အခါမှာ ပထမဆုံး စက်မှုဇုန်က ပြည်သူတယောက် ခေါင်းထိပြီးတော့ ကျသွားတယ်။ အဲဒါ မနက် ၉ နာရီလောက်က၊ အဲဒီနောက်မှာ ဆက်တိုက် ထိတွေ့မှုတွေဖြစ်တယ်။ အဲဒီအချိန်မှာ ပင်မသပိတ်စစ်ကြောင်းကတော့ အာဇာနည်လမ်းတလျှောက်မှာ ဆက်ပြီး ချီတက်ပြီးတော့ လူစုခွဲတာ အောင်မြင်သွားတယ်။ ဒါပေမယ့် Defense Team နဲ့ စက်မှုဇုန်ထဲမှာ ဝင်တဲ့အဖွဲ့က ဒီဘက် ကျောက္ကာလမ်းဘက်ကနေ ညှပ်ပြီးတော့ ပစ်ခတ်တဲ့အခါမှာ ၂ ယောက်ထိတယ်။ အားလုံးပေါင်း ကျနော်တို့ အတည်ပြုရတာ ၃ ယောက်ကျသွားတယ်။”

မုံရွာက ဒီနေ့ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ လူထောင်နဲ့ချီ ပါဝင်ခဲ့ကြပြီး ဆန္ဒပြပွဲတွေကိုတော့ နာရီဝက်လောက်ပဲလုပ်ပြီး အောင်အောင်မြင်မြင်နဲ့ လူစုခွဲပြီး အဆုံးသတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပင်မသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံရတာတွေ မရှိပေမယ့် စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးနှိမ်နင်းမှုတွေကို တနေ့လုံး ဆက်လက်လုပ်ဆောင်နေပြီး ညနေပိုင်းအထိကို မြို့အနှံ့မှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ပြောပါတယ်။ အခုညနေပိုင်းမှာ နောက်ထပ် သိရသလောက်တော့ သေဆုံးသူဟာ ၅ ယောက်ထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂ လကျော်လာတဲ့အထိ မုံရွာမြို့မှာတော့ ဆန္ဒပြပွဲတွေဟာ အခုချိန်ထိ ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း အခုရက်ပိုင်းတွေအတွင်း အင်အားတွေ တိုးချလာနေပြီး မြို့ရဲ့ လက်ရှိအခြေအနေကိုတော့ အဆိုပါ မုံရွာမြို့ခံက အခုလိုပြောပါတယ်။

“ကျနော်တို့ မုံရွာတမြို့လုံးနီးပါးလိုလိုမှာ သူတို့တပ်တွေ ဖြန့်ချထားတယ်။ လမ်းမကြီးတွေနဲ့ အဓိကလမ်းတွေပေါ်မှာတော့ သူတို့ အကုန်လုံးရှိနေတယ်။ ဒါပေမယ့် လမ်းသွယ်၊ လမ်းမြှောင်လေးတွေ၊ တခြားနေရာတွေမှာတော့ သူတို့က ရုတ်တရက် ဝင်ပြီးတော့ အတားအဆီးတွေ ချထားတာတွေကို ရှင်းတာတွေ လုပ်နေတယ်။ နောက်ပြီး ညအချိန်တွေမှာလည်း သူတို့ ဖမ်းတာဆီးတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ လူမှုအသင်းက လူတွေကို လိုက်ပြီးတော့ ဖမ်းဆီးတာတွေရှိတယ်။ အဲဒီလိုရှိနေပေမယ့် ဒီဘက်ကလည်း အင်အားက လျော့မသွားဘူး။”

မန္တလေးမြို့မှာဆိုရင်လည်း ဒီနေ့မနက် အစောပိုင်းကတည်းက ရတနာပုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက အရုဏ်ဦးသပိတ်ကို ဆင်နွှဲခဲ့ကြပြီး သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်း၊ လူငယ်သပိတ်စစ်ကြောင်းတွေကလည်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အမရပူရမြို့က ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်၊ ပညာရေးမိသားစုသပိတ်၊ ဗကသများအဖွဲ့ချုပ်သပိတ်နဲ့ ရက်ကန်းလုပ်သားများသပိတ်တွေ စုပေါင်းပြီး လူတွေ သောင်းနဲ့ချီပါဝင်တဲ့ တပ်ပေါင်းစုသပိတ်ကို ဆင်နွှဲခဲ့ကြပြီး ဦးပိန်တံတားအနီးက မယ်ဇယ်တန်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပစ်ခတ်နှိမ်နင်းမှုတွေ ရှိနေတဲ့ကြားမှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် သပိတ်စစ်ကြောင်းဟာ တက္ကသိုလ် ကောလိပ် ဆရာ ဆရာမတွေနဲ့ ပူးပေါင်းပြီးတော့ ညနေပိုင်းမှာလည်း ဒုတိယအကြိမ် ထပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် သထုံမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လုံခြုံရေးတွေဘက်က ပစ်ခတ်နှိမ်နင်းတာကြောင့် ၁ ယောက် သေဆုံးခဲ့သလို ပဲခူးမြို့က ဒီနေ့ဆန္ဒပြပွဲအတွင်း ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာတော့ အင်းစိန်မြို့နယ်မှာ ဒီနေ့မနက် ၈ နာရီက လူငယ်တွေ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသလို အလုံမြို့နယ်မှာလည်း ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော် ပျဉ်းမနားနဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့တွေမှာလည်း အရုဏ်ဦးသပိတ်တွေကို ဆင်နွှဲခဲ့ကြသလို မကွေးတိုင်း အောင်လံနဲ့ ကံမမြို့နယ်တွေမှာလည်း ရေကြောင်းသပိတ်တွေကို ဆင်နွှဲခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် အခုချိန်ထိ သေဆုံးသူဦးရေဟာ ၅၅၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-protests/5839463.html

ဆန္ဒပြမှုများ အကြမ်းဖက်ခံရမှု နိုင်ငံတဝန်း ၅ ဦးထက်မနည်း သေဆုံး ဆန္ဒပြမှုများ အကြမ်းဖက်ခံရမှု နိုင်ငံတဝန်း ၅ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.