ရန်ကုန်၊ မန္တလေးနဲ့ ထားဝယ်မှာ ဆန္ဒပြမှုတွေ ဆက်ရှိနေ

နေ့စဉ် လူရာနဲ့ချီ ဆန္ဒထုတ်ဖော်နေတဲ့ မန္တလေးမြို့ စက်မှု သပိတ်မြင်ကွင်း။ (ဧပြီ ၂၈၊ ၂၀၂၁)

စစ်အာဏာသိမ်းတာ ရက်ပေါင်း ၈၀ ကျော် ကြာလာချိန်အထိ အကြမ်းဖက်ဖိနှိပ်ခံရမှုတွေ အမျိုးမျိုးကြား ပြည်သူတွေဟာ အာဏာရှင်စနစ်ကို ရရာနည်းနဲ့ ဆန့်ကျင်နေကြတုန်းပါ။ ဒီကနေ့မှာလည်း ရန်ကုန်၊ မန္တလေးနဲ့ ထားဝယ်မြို့တွေမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေဟာ လက်နက်ကိုင်တွေကို ရှောင်ကြဉ်ပြီး နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန်က တင်ဆက်ပေးမှာပါ။

ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ စစ်ကောင်စီလက်အောက်ခံ တပ်တွေ ကင်းလှည့်တာနဲ့ အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေကို လက်နက်ကိုင်ခြောက်လှန့် ဖမ်းဆီးတာတွေ ရှိနေလို့ လူငယ်တွေဟာ ပုံစံမျိုးစုံ ဖန်တီးပြီး ဆန္ဒပြနေကြပါတယ်။ ဒီကနေ့မှာလည်း မြို့တွင်းလှည့်လည်သွားလာနေတဲ့ YBS ယာဉ်တွေပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ကားတစီးကို လူငယ် ၁၀ ယောက်ဦးဆောင်ပြီး ကား ၈ စီးပေါ်မှာ ဆန္ဒပြသပိတ်ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တယ်လို့ ဦးဆောင်ပါဝင်သူ လူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့ ကျနော်တို့လုပ်တဲ့ ရည်ရွယ်ချက်က ရန်ကုန်က သပိတ်က ဘယ်တော့မှ နားမသွားဘူး။ တနေ့တမျိုး မရိုးအောင်လို့ ကျနော်တို့လူငယ်တွေ Creative ဖြစ်ဖြစ်နဲ့ လုပ်တယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ ဒီဆန္ဒပြတဲ့နေရာမှာလည်း အသက်အန္တရာယ်ကင်းရှင်းရေး ဆိုတဲ့ Safety First ပေါ့နော် ... အဲဒါကိုလည်း ကျနော်တို့က ရှေးရှုတယ်ဆိုတော့ ဘတ်စ်ကားပေါ်မှာလုပ်တဲ့ဟာက Creative ဖြစ်တယ်။ ကျနော်တို့အတွက်လည်း Safe ဖြစ်တယ်လို့ ယူဆတဲ့အတွက် ဘတ်စ်ကားပေါ်မှာလုပ်တဲ့ Movement လေးကို ဒီနေ့ ရွေးချယ်လိုက်တယ်ပေါ့နော်။ ကျနော်တို့လုပ်တဲ့ပုံစံကတော့ ထိုင်ခုံတွေမှာ Marker Pen ကို ပြန်ဖျက်လို့မရတဲ့ဟာမျိုးနဲ့ မှန်တွေ၊ ခုံတွေမှာ ကြွေးကြော်တာနဲ့ ပတ်သက်တဲ့စာတွေကို ရေးခဲ့တယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့နေရာ ရောက်ပြီဆိုရင် ဒီမိုကရေစီရရှိရေး၊ အရေးတော်ပုံအောင်ရမည် ဆိုတာမျိုး အော်ကြတယ်။ ကားပေါ်မှာပါလာတဲ့ ဒီမိုကရေစီ လိုလားတဲ့သူတွေကလည်း အတူတူအော်ပေးကြတယ်။”

ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းတွေ အားကောင်းတဲ့ မန္တလေးမှာလည်း ဒီကနေ့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ချီတက်ဆင်နွှဲနိုင်ခဲ့ပါတယ်။ ဆန္ဒပြသပိတ် ဖြိုခွင်းခံရလို့ လူငယ်တချို့ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဦးဆောင်ပါဝင်သူ လူငယ်တဦးက ဒီနေ့သပိတ်စစ်ကြောင်းလည်း အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။

“ဒီနေ့ကတော့ တကသစစ်ကြောင်းရယ်၊ အထွေထွေသပိတ် တပ်ပေါင်းစုစစ်ကြောင်းရယ် ပေါင်းပြီးတော့ နေ့လယ်က ထွက်ကြတယ်။ ဒါပေမဲ့ အခုအဖမ်းခံရတာက ရတနာပုံစစ်ကြောင်းလို့ ပြောပေမဲ့ အဲဒီစစ်ကြောင်းကို ဦးဆောင်နေတဲ့ကျောင်းသားကို ဖုန်းဆက်ကြည့်တာတော့ မဟုတ်ဘူးလို့ပြောတယ်။ စစ်ကြောင်းတွေကတော့ ပုံမှန် အောင်မြင်စွာတော့ ထွက်နိုင်နေတယ်။”

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး စစ်ကောင်စီက လက်နက်ကိုင်တပ်ဖွဲ့တွေ အင်အားတိုးပြီး အိမ်စီးကားတွေနဲ့ ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ အချိန်ပြည့် နီးပါး ရပ်ကွက်လမ်းတွေအတွင်းမှာ လှည့်လည် စောင့်ကြည့်နေတာမျိုးတွေ ရှိလာတာကြောင့် ဆန္ဒပြပွဲတွေကို အချိန်နေရာတွေ ပြောင်းပြီး ကြိုးစား ချီတက်နေကြရတယ်လို့ ဆန္ဒပြပွဲတွေမှာ အမြဲ ပါဝင်နေသူ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မနက် အရုဏ်ဦး သပိတ်တွေ ထွက်ကြတယ်။ ဒီနေ့ နေ့လယ်နဲ့ ညနေပိုင်းမှာတော့ မရှိတော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေ စပြီးတော့ အဖမ်းအဆီးတွေ အဖြိုအခွဲတွေ တော်တော်ကို များလာတယ်။ ပြီးတော့ စစ်ကြောင်းတွေ ထွက်နေတဲ့ အမာခံ ရပ်ကွက်တွေထဲထိ သူတို့ ဝင်လာပြီးတော့ မနက် စောစောပိုင်းကနေ ညနေလောက်ထိ အိမ်စီးကားတွေနဲ့ နောက်မှာပါတဲ့သူတွေက ယူနီဖောင်းဝတ်တဲ့ နေ့တွေလည်းရှိတယ်။ သာမာန်အရပ်သားလို ဝတ်ဆင်လာပြီးတော့ အိမ်စီးကားတွေနဲ့ ရပ်ကွက်တွေထဲ လှည့်လည်သွားနေတာမျိုးတွေလည်း ရှိတယ်။ သပိတ်စစ်ကြောင်းထွက်တဲ့ ရပ်ကွက်တွေထဲမှာ သူတို့က လုံခြုံရေးတွေ မနက်ကနေ ညနေလောက်ထိ လုံခြုံရေး ယူပြီး ပတ်ရောင်လှည့်နေတာတွေ ခုရက်ပိုင်း၊ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေ စပြီးတော့ ခပ်စိတ်စိတ် လုပ်လာတာရှိတယ်။”

အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တာကို လက်မခံနိုင်လို့ ရရာနည်းနဲ့ ကန့်ကွက်ဆန့်ကျင်နေသူတွေကို နည်းမျိုးစုံသုံးဖိနှိပ်မှုတွေကတော့ ဒီကနေ့အချိန်အထိ ရှိနေတာပါ။ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေ နစ်နာဆုံးရှုံးနေတဲ့အထဲက အကန့်အသတ်နဲ့ ဖွင့်ပေးထားတဲ့ အင်တာနက်လိုင်းတွေကို အချိန်သတ်မှတ်ပြီး ပိတ်ပင်ထားတာတွေကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ အင်တာနက်ကန့်သတ်မှုတွေ ရှိနေသေးလို့ လူတိုင်းသတင်းမှန်ရရှိရေး နှောင့်နှေးနေပါတယ်။ စစ်အာဏာသိမ်းတာ ၃ လနီးပါး ရှိလာချိန်အထိ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ အကြမ်းဖက်ဖိနှိပ်မှုတွေကြား ဆက်ရှိနေပါတယ်။ 


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/yangon-mdy-protest/5869983.html

ရန်ကုန်၊ မန္တလေးနဲ့ ထားဝယ်မှာ ဆန္ဒပြမှုတွေ ဆက်ရှိနေ ရန်ကုန်၊ မန္တလေးနဲ့ ထားဝယ်မှာ ဆန္ဒပြမှုတွေ ဆက်ရှိနေ Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.