မြန်မာ့ဒီမိုကရေစီရေး နိုင်ငံတကာကူညီဖို့ ဦးကျော်မိုးထွန်းပန်ကြား



Share/Bookmark
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အားပေးကူညီကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြာသပတေးနေ့မှာ မေတ္တာရပ်ခံခဲ့ပါတယ်။

ဧပြီလ ၂၂ ရက်နေ့က ကျရောက်တဲ့ မြေကမ္ဘာနေ့ အထိမ်းအမှတ် “Saving Myanmar is saving the Planet” ဆိုတဲ့ခေါင်းစဉ်နဲ့ အွန်လိုင်း ဆွေးနွေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလိုပန်ကြားသွားတာပါ။

NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာလည်း ဒီအခမ်းအနားကိုတက်ခဲ့ပြီး မြန်မာစစ်အစိုးရကို မြန်မာပြည်သူတွေနဲ့အတူ လက်တွဲ ဆန့်ကျင်သွားဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။

စစ်အာဏာရှင်ကို အသက်ပဓာနမထားဘဲ ရှေ့တန်းကနေ ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ၊ အကြမ်းမဖက် အာဏာဖီဆန်နေတဲ့ အရပ်သားဝန်ထမ်းတွေနဲ့ ဝိုင်းရံပေးကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၊ ဝါရင့်တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ထပ်မံဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ အတူတကွ ဟန်ချက်ညီလက်တွဲပြီး စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးတို့ကို ဆောင်ရွက်နေကြောင်း ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။

မြန်မာစစ်အစိုးရနဲ့ ဆက်စပ်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ စစ်ခေါင်းဆောင်တွေရဲ့မိသားစုတွေနဲ့ ဆက်နွယ်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့၊ ဘဏ်အကောင့်တွေကို ပိတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးအဆုံးသတ်ဖို့ ၊ ခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ နိုင်ငံတော်အာဏာကို ပြည်သူရွေးကောက်ခံထားရသူတွေဆီ ပြန်လွှဲဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ကြဖို့ စတဲ့လုပ်ငန်းတွေကို ကြိုးစားဆောင်ရွက်နေကြောင်းကိုလည်း ပြောပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အပြည့်အဝ ထောက်ခံကြဖို့ တောင်းဆိုသွားပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေ ချက်ချင်းပေးဖို့၊ စစ်ဘေးကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးနေရသူတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးဖို့၊ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းကတိုက်ခိုက်နေတာကြောင့် သွေးထွက်သံယိုဖြစ်ရမှုတွေ ရပ်တန့်သွားစေရေးအတွက် မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့တွေကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဘာသာရေးနဲ့ လူနည်းစုဝင် တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေရရှိရေး၊ ဒီမိုကရေစီပြန်လည်ပေါ်ထွန်းရေးတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူအားလုံးနဲ့အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့၊ ထောက်ခံအားပေးကြဖို့ စတဲ့အချက်တွေကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံသွားပါတယ်။

ဒီအခမ်းအနားကို ပြည်တွင်းပြည်ပက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေလည်း တက်ရောက်ခဲ့ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/save-myanmar-is-saving-planet/5864250.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ