မြန်မာ့အရေး လုံခြုံရေးကောင်စီ ခုထက်ပိုဆောင်ရွက်လာဖို့ လှုပ်ရှားသူတွေ တောင်းဆို

မှတ်တမ်းဓါတ်ပုံ - ၂၀၁၈ မေလတုန်းက မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးပွဲတခု

မြန်မာနိုင်ငံရဲ့ အခြေနေသိပ်ဆိုးဝါးလာနေတာအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးစိုးရိမ်ကြောင်းနဲ့ စစ်တပ်ဘက်က အဆုံးစွန်းထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ကြေညာချက်ထုတ်ပြန်ပြောဆိုမှုဟာ သေရေးရှင်ရေးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် လုံလောက်မှုမရှိတာကြောင့် ပိုထိရောက်အောင် လုပ်ဆောင်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ မတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲရလဒ်ကို ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပြီး အခု ထုတ်ပြန်ချက်ဟာ အရင်ကထက် ပိုအားကောင်းလာပေမယ့် ခုထက်ပိုထိရောက်အောင် လုပ်ဆောင်ဖို့လိုနေသေးတယ်လို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။အပြည့်အစုံကို ကိုဝင်းမင်းက ပြောပြပေးပါမယ်။

ဒီ ကုလ လုံခြုံရေးကောင်စီရဲ့ကြေညာချက်အပေါ် အာဏာသိမ်းခံလိုက်ရတဲ့ အရင်အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က

“သူတို့ အရင်ထုတ်ပြန်ထားတဲ့ အချိန်ကနေစပြီးတော့ သိပ်ပြီးတော့ အားကောင်းတဲ့ ထူးထူးထွေထွေ တိုးတက်မှုမျိုးတော့ ရှိမလာဘူး။ လုံခြုံရေးကောင်စီအနေနဲ့လည်း သူ့အခက်အခဲတွေလည်း ရှိကောင်းရှိနိုင်မှာပေါ့ ဒါပေမယ့်လို့ ဒီလိုအခြေအနေမျိုးမျာ တဆင့်နဲ့ တဆင့်ကတော့ ပိုပြီးတော့ အသံမာလာတယ် ဆိုတာမျိုးကိုတော့ ကျနော်တို့ကတော့ လက်ကမ်းကြိုဆိုရမှာပါ။”

ဒါ့အပြင် ဒဂုံတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ် ယူနေပြီး လက်ရှိ ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ အမည်မဖော်လိုသူ Generation Z အဖွဲ့ဝင်တဦးကလည်း

“ အခုအချိန် သူတို့က တောင်းဆိုလိုက်တယ်၊ တောင်းဆိုလိုက်တယ် ဆိုတာပဲ ဖြစ်နေတာပေ့ါ။ တော်တော်များများလည်း လူငယ်တွေကြားမှာ ဝေဖန်သံတွေက မြင့်တက်နေတာပေါ့ UN အပေါ်ကို။ ဒါပေမယ့် ကျနော်တို့အခုလိုချင်နေတာက UNရဲ့ တောင်းဆိုတယ်ဆိုတာ ဘယ်လိုပြောမလဲ သူ့ရဲ့ အမိန့်ပေးစကားပေါ့ အဲဒါကို ပိုပြီးလိုချင်တာ။ စစ်ကောင်စီအစိုးရအနေနဲ့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက် နှိမ်နင်းမှုတွေ မလုပ်ဘူး ၊ တောင်းဆိုလိုက်တဲ့နေရာမှာ အမိန့်ပေးလိုက်သည်ပေါ့။”

ဒါပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အခုလို အမိန့်ပေးတဲ့အဆင့်ဖြစ်တဲ့ resolution (ခေါ်)ဆုံးဖြတ်ချက်ကျတဲ့ အဆင့်မျိုးထက်စာရင်တော့ ဒီကြေညာချက် Statement အဆင့်က နိမ့်ပေမယ့် အားလုံးပါဝင်အောင် လုပ်ရတဲ့ လုံခြုံရေးကောင်စီရဲ့ အခက်အခဲကို အခုလို ရှင်းပြပါတယ်။

“Press Statement ဆိုတာက ဟိုဟာနဲ့ ယှဉ်လိုက်ရင်တော့ Degree ပျော့တာပေါေ့နာ် ။ ဒါပေမယ့် အထဲမှာ ပါတဲ့ စာသားတွေ ကြည့်လိုက်တယ်ဆိုရင်တော့ အရင်တခေါက်က မပါတဲ့ အချက်အလက်လေးတွေ တွေ့ရတယ်ခင်ဗျာ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး Press Statement ထုတ်နိုင်တာလည်း အဖွဲ့ဝင်နိုင်ငံအားလုံး ၁၅ နိုင်ငံလုံးက သဘောတူမှပဲ ထုတ်လို့ရတာရှိတယ်ဆိုတော့ တချို့ စပြီးတော့ Draft လုပ်တဲ့အခါမှာ UK ကတော့ ကျနော်တို့ မြန်မာကိစ္စနဲ့ ပတ်သက်ရင် Strong ဖြစ်တဲ့ language လေးတွေ သုံးမယ်ဆိုတာတော့လည်း ကြားမိတယ်ပေါ့နော်။ ဒါပေမယ့်လည်း ခုနက ပြောတဲ့ အားလုံး သဘောတူညီမှု ရဖို့ဆိုတော့ တချို့ဟာလေးတွေ watered down လုပ်လာရတာမျိုးရှိတယ်။”

သံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ ဒီတခေါက် လုံခြုံရေးကောင်စီ ကြေညာချက်မှာ ပိုအားပါလာတဲ့ အချက်ကို

“Humanitarian Access နဲ့ ပတ်သက်ပြီးတော့ safe and unimpeded access ပေးဖို့တို့ အဲဒါမျိုးတွေတော့ အရေးကြီးတဲ့ အချက်တွေ ဘာလို့လဲဆိုတော့ ဒီလိုမျိုး အသက်တွေ ဆက်မဆုံးရှုံးဖို့အတွက်ကို ၊ နောက်အခု displaced ဖြစ်တဲ့လူတွေလည်း တဖြေးဖြေးနဲ့ များလာတာတွေ ။ လုံခြုံရေးကောင်စီရဲ့ Press Statement ကိုတော့ အရမ်းကြိုဆိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ပြည်တွင်းမှာတင်မက ပြည်ပမှာပါ ၊ ပြည်ပမှာရှိတဲ့ နိုင်ငံတွေရော အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့။”

ဒါ့အပြင် နောက်ထပ်အရေးပါလာမှုကိုလည်း ဦးကျော်မိုးထွန်းက

“နောက်တခုကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီအနေနဲ့ ဆက်လက်ပြီးတော့ Closely Monitor လုပ်သွားဖို့ဆိုတဲ့အချက်တွေလည်း ထူးခြားတဲ့အချက် ။ ဒါကြောင့် ရှေ့ဆက်ပြီးတော့လည်း အခု ဧပြီလထဲမှာလည်း မြန်မာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လုံခြံုရေးကောင်စီမှာ ဆွေးနွေးသွားဖို့ လမ်းစတွေ ဆက်ပြီးတော့ရှိနေတယ်။”

ဒါပေမယ့် အခုလို စောင့်ကြည့်တဲ့ အဆင့်မျိုးနဲ့ မြန်မာ့အခြေအနေက မရတော့ဘူးလို့ ကုလသမဂ္ဂစနစ်ကို အသေအချာလေ့လာထားတဲ့ IR နိုင်ငံတကာဆက်ဆံရေး ကျောင်းသားက

“ဟိုးအရင် Rwanda နိုင်ငံ သူ့ကို တောင်းဆိုတယ်ပေါ့ UN လာပြီး ကူညီပေးပါပေါ့၊ ဒါပေမယ့် အဲဒီတုန်းက မဝင်ပေးခဲ့လို့လဲ Kofi Annan မှာ အမဲစက်တခု ကျန်ခဲ့တယ်ပေါ့ ။ အဲဒီတုန်းကလည်း Rwanda နိုင်ငံက မြန်မာနိုင်ငံလိုပဲပေါ့ ၊ ကိစ္စတခုကို စောင့်ကြည့်တယ်၊ စိုးရိမ်တယ် အဲဒီလောက်နဲ့ပဲ Rwanda မှာ တဖြေးဖြေးနဲ့ လူတွေ သောင်းနဲ့ချီပြီး သန်းနဲ့ ချီပြီးသေသွားတယ်။ နောက်ဆုံး လူ ၁ သန်းခွဲလောက်သေတော့မှ UN က ဝင်ပေးခဲ့တဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့။ အခုလည်း မြန်မာနိုင်ငံကိုအဲလိုအခြေအနေမျိုး ဖြစ်မှာ စိုးရိမ်တာ။ ကျနော်တို့ လိုချင်တာက အခုအချိန်မှာ လုံးဝကို Action သဘောမျိုး ဆောင်ရွက်တဲ့ဟာမျိုး လိုချင်တယ်။”

အခုလို အရင်အတွေ့အကြုံဟောင်းကို ယူပြီး အခုအရေးပေါ်လိုအပ်လာမှုအတွက် ဦးကျော်မိုးထွန်းကလည်း

“အခုကတော့ လူတွေအသက်ကို ကယ်တင်ဖို့အတွက်ကို တကယ်လိုအပ်နေတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီအချက်ကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားပြီးတော့ အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်တဲ့ Measure တွေကို ဆောင်ရွက်ပေးဖို့တော့ တိုက်တွန်းလိုပါတယ်။”

ဒီအပေါ် ဦးအောင်ကြည်ညွန့်ကတော့

“တကယ့်အကြမ်းဖက် စစ်အုပ်စုရဲ့အနေအထားမျိုးတွေ ဆောင်ရွက်နေတာကို လက်နက်မဲ့ပြည်သူတွေ ဒီလောက်အထိ ခံနေရတဲ့ အခြေအနေမျိုးအထိမှာ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ အနေနဲ့ပေါ့နော် R2P ဟာလိုမျိုးကို ပြည်သူတွေက အဓိက တောင်းဆိုနေကြတာပေါ့ဗျာ။ ဒီအခြေအနေမျိုးမှာ နိုင်ငံတကာ ဥပဒေရော ဗီဒိုအာဏာလည်း ရှိနေတော့ ဘယ်လိုတွေ ကျော်လွှားနိုင်မလဲ ။ ဒီလိုအခြေအနေမျိုးထဲမှာ ကျနော်တို့ တောင်းဆိုချင်တာက တဖက်သတ်ဖိနှိပ်နေတဲ့ စစ်အုပ်စုရဲ့ အခြေအနေမျိုးကို ရပ်တန့်သွားနိုင်ဖို့ အဆင့်အမြင့်ဆုံးကတော့ ဒီအချိန်မှာ ပံ့ပိုးကူညီဖို့ လိုပြီလို့။”

သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဒီတခေါက် ပိုထိရောက်နိုင်ဖို့

“ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပြည်သူတွေအတွက်ကို Protection လိုနေတဲ့အတွက်ကြောင့် ဘယ်လိုပုံစံနည်းနဲ့ ရရပေါ့။ ကျနော်ကနေပြီးတော့ ဒါရမှ ဆိုတာသွားပြောရင် ဒါမရရင် မလုပ်ဘူးဆိုတဲ့ဟာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့နော် ဒါကြောင့် အားလုံးကို ဖွင့်ထားတယ်။ ဘယ်လိုနည်းနဲ့ ရရ ပြည်သူတွေ အသက်ဆက်လက် မဆုံးရှုံးစေဖို့အတွက် အဓိကဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို ဟန့်တားပေးနိုင်ဖို့ အမြန်ဆုံး အပြင်းထန်ဆုံးရှိတဲ့ Measure တွေကို ယူဖို့ ဆိုတဲ့ဟာကိုတော့ ကျနော် အဓိက တိုက်တွန်းလိုပါတယ်။”

တကယ်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တုံ့နှေးနေတယ်လို့ ပြည်တွင်း ပြည်ပမှာ အားမလို အားမရဖြစ်လာနေပြီလို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်။ 


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/myanmar-security-council-press-statement-/5839195.html

မြန်မာ့အရေး လုံခြုံရေးကောင်စီ ခုထက်ပိုဆောင်ရွက်လာဖို့ လှုပ်ရှားသူတွေ တောင်းဆို မြန်မာ့အရေး လုံခြုံရေးကောင်စီ ခုထက်ပိုဆောင်ရွက်လာဖို့ လှုပ်ရှားသူတွေ တောင်းဆို Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.