ပြင်သစ်၊ သြစတြေးလျ၊ အိန္ဒိယ သုံးနိုင်ငံဆွေးနွေးပွဲမှာ မြန်မာ့အရေးပြောဆို

Jean-Yves LE DRIAN, French Minister for Foreign and European Affairs.

အခု သီတင်းပတ်ထဲ ကျင်းပနေတဲ့ ပြင်သစ်၊ ဩစတြေးလျနဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒေသဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ် နေတဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေအကြောင်း ထုတ်ဖော် ပြောဆိုဝေဖန်ဆွေးနွေးခဲ့ကြတဲ့အကြောင်း IndiaExpress သတင်းဌာနက ရေးထားပါတယ်။

Raisina Dialogue လို့ခေါ်တဲ့ အဲဒီ ၃ နိုင်ငံဆွေးနွေးပွဲမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တသွေးတသားတည်းရှိကြောင်း ပြောဆိုလိုက်သလို ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Ann Payne ကလည်း အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ သတ်ဖြတ်မှုတွေ မြင့်တက်နေတာက သိပ်ကို စိုးရိမ်စရာပါလို့ ပြောဆိုလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar ကတော့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကြား တမူထူးခြားတဲ့ဆက်ဆံရေး အခြေအနေရှိနေပြီး ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် သက်ဆိုင်ရာအားလုံးနဲ့ ထိတွေ့ဆက်ဆံနေရကြောင်း သတိထား ပြောဆိုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က EU ဥရောပသမဂ္ဂအဖွဲ့က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်နေကြောင်း ပြောကြားသလို မြန်မာနိုင်ငံက အာဏာသိမ်းမှုဟာ အရှေ့တောင်အာရှက ဒီမိုကရေစီစနစ်ကို ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းနဲ့ စစ်ကောင်စီကို နိုင်ငံတကာက ဆက်လက်ဖိအားပေးသွားဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Payne ကလည်း မြန်မာနိုင်ငံက အာဏာသိမ်းတဲ့ကိစ္စကို ဖြေရှင်းရေး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံအဖွဲ့) နဲ့အတူ လက်တွဲအလုပ်လုပ်ဖို့ လိုအပ်ကြောင်းနဲ့ လာမယ့် သီတင်းပတ်အစောပိုင်းမှာ ကျင်းပမယ့် အာဆီယံ ခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို အပြည့်အဝ ထောက်ခံကြောင်း ပြောပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးအတွက် ဖွဲ့စည်းထားတဲ့ Quad အဖွဲ့ကို ရုရှားနဲ့ တရုတ်တို့က Asia NATO လို့ ဝေဖန် ပြောဆိုအပြီးမှာ Raisina Dialogue ဆွေးနွေးပွဲကို ဧပြီလ ၁၃ ရက်နေ့က ၁၆ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

အရင်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လူကိုယ်တိုင် တက်ရောက် ဆွေးနွေးဖို့ စီစဉ်ထားခဲ့ပေမဲ့ အိမ်ရှင်နိုင်ငံမှာ ဒုတိယအကျော့ COVID-19 ရောဂါကူးစက်မှု ထပ်မံမြင့်တက်လာနေတဲ့ အခြေအနေကြောင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Payne က ဒေလီကို သွားရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာပါ။

ဒါကြောင့် Raisina Dialogue ကို ဗီဒီယိုကတဆင့် ပြောင်းလဲ ကျင်းပနေတာ ဖြစ်ပါတယ် ။


 ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/india-france-australia-will-discuss-myanmar/5854268.html

ပြင်သစ်၊ သြစတြေးလျ၊ အိန္ဒိယ သုံးနိုင်ငံဆွေးနွေးပွဲမှာ မြန်မာ့အရေးပြောဆို ပြင်သစ်၊ သြစတြေးလျ၊ အိန္ဒိယ သုံးနိုင်ငံဆွေးနွေးပွဲမှာ မြန်မာ့အရေးပြောဆို Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.