စစ်အာဏာသိမ်းမှု နိုင်ငံတဝန်းမှာ ဆက်ပြီး ကန့်ကွက်ဆန္ဒပြနေကြဆဲ

စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲ (ရန်ကုန်) ဧပြီ ၃ဝ၊ ၂ဝ၂၁

ရန်ကုန်မြို့မှာ ဒီနေ့ မိုးတွေရွာနေတဲ့ကြားက စစ်အာဏာရှင် ဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။။ ရန်ကုန်မြို့လည်နေရာ တခုထက်မနည်းမှာ ချီတက်ဆန္ဒပြခဲ့ကြပြီး လသာမြို့နယ်မှာဆို ဆန္ဒပြသူ ၂၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။ တောင်ဒဂုံမြို့နယ်မှာတော့ ဆန္ဒပြသူ ၄ ယောက် ဖမ်းဆီးခံရပါတယ်။ ရန်ကုန်နဲ့ တခြားမြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေတဲ့ရန်ကုန်မြို့မှာ ဒီကနေ့ မိုးသည်းသည်းမည်းမည်း ရွာနေတဲ့ကြားကပဲ လမ်းပေါ်ချီတက် ဆန္ဒပြပွဲတွေ ရှိခဲ့တာပါ။

လုံခြုံရေးအခြေအနေကြောင့် အချိန်တိုအတွင်း လူစုပြန်ခွဲခဲ့ကြရပေမဲ့ ရန်ကုန်မြို့လည်က ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရွှေဘုံသာလမ်းနဲ့ သိမ်ကြီးဈေးအနီးမှာ လူငယ်တွေဦးဆောင်တဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ လသာမြို့နယ်တွင်း သိမ်ကြီးစျေးနားက ဆန္ဒပြပွဲမှာဆို ဆန္ဒပြသူ ၂၀၀ ကျော် ပါဝင်ခဲ့တာပါ။

တောင်ဒဂုံမြို့နယ်မှာဆိုလည်း လမ်းပေါ်ထွက်ဆန္ဒပြစစ်ကြောင်းတခုကို စစ်တပ်က သေနတ်ပစ်ဖောက်ဖြိုခွဲပြီး ဆန္ဒပြသူ ၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ မိန်းကလေး တယောက်အပြင် တယောက်က ကားနဲ့တိုက် အဖမ်းခံရတယ်လို့ သပိတ်ဦးဆောင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ပိတ်အဖြူမှာ အာဏာရှင်ပညာရေးစနစ်ကို သပိတ်မှောက်ကြဆိုတာရယ် ပြီးသွားရင် နောက်ထပ်ပိတ်စအဖြူပေါ်မှာ ကျနော်တို့က ဒီစစ်ကျွန်ဥပဒေ အမြစ်ဖြုတ်ဆိုပြီးတော့ ကျနော်တို့က ရေးသားကိုင်ဆောင်ခဲ့တယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ သပိတ်စစ်ကြောင်းကို ထွက်ကြတယ်။ ကျနော်တို့က သေချာပြင်ပြီးတော့မှ ပျောက်ကျားသပိတ်စနစ်ကိုသုံးပြီး လမ်းပေါ်ထွက်ခဲ့တာပေါ့၊ မနက် ၈ နာရီ ၄၀ လောက်မှာ စထွက်တယ် ၉ နာရီ ၂၀ လောက်မှာကျတော့ အဖြိုခံရတာပဲ၊ အဖမ်းခံရတာတော့ စုစုပေါင်း လေးယောက်ပေါ့၊ မိန်ကလေးတစ်ယောက်၊ ယောကျာ်လေး သုံးယောက်၊ နောက် အဲ့မှာဆိုရင် ယောကျာ်းတစ်ယောက်ဆိုရင် ကားနဲ့တောင်တိုက်ပြီးတော့ သူတို့ ဖမ်းတဲ့အထဲ ပါသွားတယ်၊ နောက်ပြီးတော့ သူတို့ သေနတ်နဲ့လည်း ပစ်တာပေါ့နော်၊ သေနတ်နဲ့လည်း တစ်ချက်ပစ်တယ်။”

အလားတူ သင်္ဃန်းကျွန်းမြို့နယ်မှာလည်း လူငယ်တွေက လျှပ်တပျက်သပိတ်တခု လုပ်ခဲ့ကြပါတယ်။ စမ်းချောင်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ၊ ကြည့်မြင့်တိုင်မြို့နယ်တွေမှာလည်း ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်၊ ဘူးသပိတ်၊ ဆေးနီသပိတ်တွေ ဆက်လုပ်ကြပါတယ်။

စစ်အာဏာသိမ်းပြီးထဲက အင်အားများများနဲ့ နေ့တိုင်း လမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာဆို ဒီနေ့လူအင်အား ပိုများပါတယ်။ မှော်ပေါင်းစုံ သပိတ်စစ်ကြောင်းခေါင်းစဉ်နဲ့ NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ KIA ကိုထောက်ခံကြောင်း ရေးသားထားတဲ့ စာတမ်းတွေကိုင်ဆောင်ကာ စစ်အာဏာရှင်အလိုမရှိ ချီတက်လှည့်လည် ဆန္ဒပြကြပါတယ်။

ပြည်သူ ထောင်ချီ ပါဝင်ခဲ့တဲ့ ဖားကန့်က ဆန္ဒပြပွဲမှာ တချို့က အမေရိကန်အလံကို ကိုင်ဆောင်ချီတက်တာလည်းရှိတယ်လို့ ဖားကန့်မျိုးခံတစ်ဦးက ပြောပါတယ်။

“ဖားကန့်မြို့ပေါ်မှာ ပြတယ်၊ လုံခင်းဘက်မှာ ပြတယ်၊ အဲ့ရွာတွေမှာ မှော်တွေ တခြားမှော်တွေကဟာတွေလာပြီးတော့ စုပြီးတော့ ပြကြတယ်၊ ပြကြတာတော့ ထူးထူးထွေထွေတော့ မရှိပါဘူး၊ အဓိကကတော့ အာဏာရှင် စစ်အာဏာရှင်ဆန့်ကျင်တာပေါ့၊ နောက်ပြီး NUG အစိုးရကို ထောက်ခံတယ်ပေါ့၊ KIA ကို ထောက်ခံတယ်ဆိုတဲ့ စာတမ်းတွေကိုင်ပြီးတော့ ပြတယ်၊ နောက်ပြီးတော့ အမေရိကန်အလံတွေ ကိုင်ပြီးတော့ ပြတာမျိုးတွေရှိတယ်၊ တခြားဘာညာမျိုးတော့ မရှိဘူးပေါ့။ တားဆီးပိတ်ပင်တာတို့ အဓိကရုဏ်းဖြစ်တာတို့မရှိဘူး၊ ညပိုင်းတွေမှာလည်း စုဝေးသပိတ်တွေ လုပ်တာမျိုးတွေရှိတယ်၊ ထောင်ချီရှိတယ် တစ်နေရာ တစ်နေရာမှာ၊ ဖားကန့်မြို့ပေါ်သပိတ်ကဆို တစ်ထောင်ကျော်တယ်၊ လူတွေ ပိုပြီးတော့ အင်အားပိုများပြားတယ်ပေါ့နော်ဆန္ဒပြတဲ့ အနေအထားက။”

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအခြေအနေအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီပေးစေလိုတဲ့သဘောနဲ့ အမေရိကန်အလံကို ကိုင်ဆောင်ပြသတာဖြစ်လို့ ပြောပါတယ်။ အမေရိကန်ဟာ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး နစက စစ်ကောင်စီခေါင်းဆောင်တွေအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နေတာကြောင့် ခုလို တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။

တခါ စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ကလေးမြို့သပိတ်စစ်ကြောင်း စုရပ်နေရာကနေ မနက်အစောပိုင်း စထွက်ပြီး မိနစ်ပိုင်းလောက်မှာ ဖြိုခွဲဖမ်းဆီးဖို့ စစ်ကောင်စီတပ်ဖွဲ့ကရောက်လာတယ်လို့ ဆန္ဒပြပွဲတွေတိုင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“အချိန်မီ နေရာတွေပြောင်းပြီး လုပ်နေရတယ်၊ ဒီနေ့ မနက် ၆ နာရီလုပ်တာ သုံးရက်ရှိသွားပြီ၊ ဒါပေမယ့် ဒီနေ့ကတော့ စထွက်ပြီး ခနနေ သူတို့က ဖြိုခွဲဖမ်းဆီးဖို့ ရောက်လာတယ်ပေ့ါနော်၊ မနက် ၆ နာရီလုပ်တာကို ၁၀ မိနစ်လောက်ပဲ လှည့်တယ်ပေါ့နော်၊ အဲ့ချိန်မှာ ဒီစုရပ်နဲ့ နည်းနည်းလေးလှမ်းတဲ့နေရာကို ရောက်လာပြီး လမ်းမတွေပေါ်ရောက်လာပြီးတော့ သူတို့အောက်ဆင်းတဲ့အချိန်မှာ အမြန်ပေ့ါ လူစုခွဲရတယ်၊ သွားမယ့်လမ်းတွေအထိတော့ မသွားရဘဲနဲ့နော်၊ တွေ့တဲ့လမ်းဝင် လူစုအမြန်ခွဲလိုက်ရတာပေါ့၊ ဟိုရရင်ရသလိုတော့ လမ်းမကြီးပေါ်တက်တယ်ပေါ့နော်၊ လုံခြုံရေးတအားကြပ်တယ်၊ တအားလှုပ်ရှားရခက်တယ်ဆိုရင်တော့ ရပ်ကွက်အတွင်းလမ်းတွေပဲ ပတ်တာပေါ့နော်၊ ဒီလိုက်ပါလာတဲ့ လူအားလုံးလည်း safe ဖြစ်အောင် ထိပ်တိုက်မတွေ့အောင်ပေါ့နော်။ ဒီမှာ စစ်ကြောင်းကတော့ရပ်ကွက်အလိုက် သုံးကြောင်းထွက်တယ် နေ့တိုင်းပေါ့နော် ဒါပေမယ့် အချိန်တွေတော့ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက် အဆင်ပြေတဲ့အချိန် ထွက်ကြတာပေ့ါ၊ အို … ဖိနှိပ်လာတယ်ဆိုတော့လည်း ဖြိုခွဲဖမ်းဆီးဖို့အတွက်လည်း တော်တော်လေးကိုကြိုးစားလာတယ်ပေါ့။”

ထားဝယ်၊ လောင်းလုံ၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး စတဲ့ တခြားမြို့တွေမှာလည်း လမ်းလျှောက်သပိတ်၊ ပျောက်ကြားသပိတ်တွေ ဆင်နွှဲကြသလို မော်လမြိုင်၊ ပေါင်၊ တောင်ကြီး၊ ပြည်၊ လွိုင်ကော်မြို့တွေမှာလည်း လူမဲ့သပိတ်၊ ဆေးနီသပိတ်၊ ဘူးသပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။


မခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/youths-yangon-protest-against-military-coup/5873338.html

စစ်အာဏာသိမ်းမှု နိုင်ငံတဝန်းမှာ ဆက်ပြီး ကန့်ကွက်ဆန္ဒပြနေကြဆဲ စစ်အာဏာသိမ်းမှု နိုင်ငံတဝန်းမှာ ဆက်ပြီး ကန့်ကွက်ဆန္ဒပြနေကြဆဲ Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.