စစ်အာဏာသိမ်းပြီးနောက် ပျက်စီးယိုယွင်းလာနေတဲ့ မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်

လူနာတွေနဲ့ စစ်ကောင်စီအကြား မြန်မာဆရာဝန်တွေ အခက်အခဲတွေရင်ဆိုင်နေရ

မြန်မာပြည်တွင်း ရှေ့တန်းက ဝန်ဆောင်မှုတွေပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်နေတာတွေလုပ်နေတဲ့ စစ်ကောင်စီနဲ့ ကုသမှုတွေ လိုအပ် နေတဲ့ လူနာတွေကြားမှာ အခက်အခဲတွေ့နေကြပြီး တစ်ဖက်မှာလည်း ပြိုကျလုလု ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနဲ့ ရင်ဆိုင် နေရပါတယ်။

အသက်၅၃နှစ်ရှိ မမိုးဟာ ကင်ဆာရောဂါဝေဒနာ နံပါတ်သုံး အဆင့်ကို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။

သူ့ ရောဂါကုသမှုအတွက် သုံးပတ်ကိုတစ်ခါ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဓာတ်ရောင်ခြည် ကုသမှုတွေခံယူနေရပါတယ်။

ဒါပေမဲ့ စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့လို့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှာ သူဆေးသွားကုမှုခံယူနေတဲ့ဆေးရုံ ပိတ်လိုက်ရပါတယ်။

အဲ့ဒီဆေးရုံမှာအလုပ်လုပ်နေတဲ့ ဆရာဝန်တွေ၊သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ဆန္ဒပြပွဲမှာပူးပေါင်းခဲ့ကြပြီးဆေးရုံကိုပြန်မလာကြတော့ပါဘူး။

သူ့အတွက် ဆက်လက်ပြီးလိုအပ်တဲ့ ဓာတ်ရောင်ခြည်ကုသမှုကို ပုဂ္ဂလိကဆေးရုံတွေမှာ သွား လုပ်လို့ရပေမဲ့ ဒေါ်လာ ၇၀၀ လောက်ကုန်မယ့်ငွေကိုတော့ သူမတတ်နိုင်ပါဘူး။

အဲ့လို ကုသမှုသာ ဆက်မရတော့ရင် သူဆက်ပြီးအသက်ရှင်ဖို့ကလည်း တစ်နှစ် နီးပါးအချိန်သာ ရှိပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူကြုံနေရတာနဲ့ပတ်သက်လို့ ဆရာဝန်တွေကို အပြစ်မတင်သလို "ဒီလိုဖြစ်ရတာ စစ်တပ်ကြောင့်၊ ကျွန်မ ကင်ဆာနဲ့ သေသွားခဲ့ရင်တောင် ကျေနပ်ပါတယ်၊ မြန်မာပြည်ကလူတွေအားလုံး ဒီမိုကရေစီနဲ့ထိုက်တန်ပါတယ် " လို့ ဘီဘီစီကို သူကပြောပြခဲ့ ပါတယ်။

ပြိုပျက်လုလု အခြေအနေ

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက် နေ့ နောက်ပိုင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့ပြီး ဆိုးရွားထိခိုက်မှုတွေ ကြုံလာရတဲ့ မြန်မာနိုင်ငံရဲ့ လုပ်ငန်းအစိတ်အပိုင်းတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းက ထိပ်ဆုံးက ပါလာပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ အလုပ်မဆင်းရေး CDM လှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေ ၊ ပုဂ္ဂလိက ဝန်ထမ်းတွေ အများကြီးနဲ့ အတူ ဆရာဝန်တွေ ထောင်နဲ့ချီလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မြန်မာပြည်သူ ၅၄သန်းကို ကျန်းမာရေးစောင့်ရှောက်မှု အဓိကပေးနေတဲ့ ဆေးရုံတွေနဲ့ ဆေးခန်း ၈၀ရာခိုင်နှုန်းဟာ အစိုးရကပိုင်တဲ့ လူထုကျန်းမာရေးစနစ်အောက်မှာရှိပါတယ်။

ဒီလိုလူတွေ အားထားနေရတဲ့ လူထုကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးဟာ ကမ္ဘာလုံးဆိုင် ကပ်ရောဂါကြီးနဲ့ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ နေ့ချင်းညချင်းလို ပြိုကျလုလု နီးပါး ဖြစ်လာခဲ့ရပါတယ်။

"ပြောရရင်တော့ ဒီအခြေအနေက စိတ်မကောင်းစရာအခြေအနေတစ်ရပ်ပါ၊ လူထုကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး တစ်ခုလုံး ပြိုကျလုဖြစ်နေပြီ " လို့ ရန်ကုန်မြို့ အခြေစိုက် နယ်စည်းမခြားဆေးကုသရေးအဖွဲ့က ဒေါက်တာ မစ်ချယ်ဆန်မာက ပြောပါတယ်။

ဆန္ဒပြတဲ့ ကျန်းမာရေးလုပ်သားတွေကို စစ်တပ်က ပစ်မှတ်ထားနေ

စစ်တပ်က အာဏာထိန်းချုပ်ထားသရွေ့ အလုပ်ပြန်မဆင်းဖို့ ဆုံးဖြတ်ထားသလို စစ်တပ်ကလူတွေကို အုပ်ချုပ်သူအဖြစ် လက်မခံနိုင်ဘူးလို့ ဆန္ဒပြပွဲတွေမှာ ၃ လ နီးပါး ပါဝင်ခဲ့တဲ့ မန္တလေးက ဆရာဝန်တစ်ယောက်က ပြောပါတယ်။

ဒေါက်တာကြည်ကြည်ဟာ အာဏာသိမ်းပြီး သီတင်းပတ်အနည်းငယ်ကြာမှာ ပုဂ္ဂလိ ဆေးရုံ တစ်ရုံမှာ လူနာတွေကို အခမဲ့ ဆွေးနွေးတိုင်ပင်တဲ့ အလုပ်ကို သွားလုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ သူအလုပ်လုပ်နေတဲ့ ဆေးရုံတစ်ဝိုက်မှာ သူတို့ကို စောင့်ကြည့်နေတဲ့ စစ်သားတွေကို စမြင် လိုက်ရတော့ ဒီအလုပ်က သူ့အတွက် အန္တရာယ်အရမ်းများတယ်ဆိုတာ သဘောပေါက် ခဲ့ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ ပစ်မှတ်ထားခံရ

မြန်မာနိုင်ငံက ဆန္ဒပြပွဲမှာပါတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်က ပစ်မှတ်ထားနှိမ်နင်းနေပြီး၊ အခမဲ့ ဆေးကုပေးနေတဲ့နေရာတွေကို ဝင်စီးနင်းတာ၊ဖမ်းဆီး ထိန်းသိမ်းတာတွေအပြင် အချို့နေရာတွေမှာဆို ရိုက်နှက်တာတွေအထိ ပါလုပ်ခဲ့ပါတယ်။

"ကျွန်မတို့ အထူးသတိထားရမယ်၊ အာဏာသိမ်းပြီးတဲ့အချိန်မှာ ဆေးရုံနားမှာ ကျွန်မတို့နေတဲ့ အစိုးရအိမ်ခန်းတွေကို စွန့်ခွာခဲ့ကြပြီး၊ အခုဆို မြို့တစ်ခြားဘက်မှာ သူငယ်ချင်းအချို့နဲ့ အတူနေပါတယ်။ အခြေအနေက အရမ်းလည်းကြောက်လန့်နေရတယ်"လို့ ဒေါက်တာကြည်ကြည်က ရှင်းပြပါတယ်။

တစ်ချို့ အစိုးရ ကျန်းမာရေး စောင့်ရှောက်မှုစင်တာတွေ လည်ပတ်နေဆဲ ဖြစ်ပေမဲ့ အဲ့ဒီနေရာအများစုကို စစ်တပ်က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

အဓိကကျတဲ့ ဆေးရုံကြီးတွေက ကျန်းမာရေးဌာန ဝန်ထမ်းအကြီးအကဲတွေကို မေတ္တာရပ်ခံနေသလို တစ်ချို့ ဆရာဝန်တွေကိုလည်း အလုပ်ပြန်ဆင်းကြဖို့ စစ်တပ်က ကြိုးစား စည်းရုံးနေပါတယ်။ သူတို့အနေနဲ့ အခြေအနေက အောင်မြင်ဖို့ ခက်ခဲနေပါသေးတယ်။

ဆေးရုံ ကားရပ်တဲ့နေရာ အပြင်ဘက်နဲ့ ဝန်ထမ်းလိုင်းခန်းတွေထဲမှာ အခြေခံကျတဲ့ကုသမှုတွေလုပ်ပေးနိုင်ဖို့ပြင်ဆင်နေပေမဲ့ စစ်တပ်နဲ့ သွား ပတ်သက်မိရင် လူတွေက ပြောမှာကြောက်တာရော စစ်တပ်ကိုလည်း ကြောက်တဲ့အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုလေးတွေတောင် သွားမခံယူရဲတဲ့ လူတွေ အများကြီး ရှိနေတယ်လို့ လေ့လာသူတွေက ပြောနေပါတယ်။

မြို့ကြီးတွေက ပုဂ္ဂလိကဆေးရုံတွေမှာလည်း ပြဿနာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ တစ်ချို့ဆေးရုံတွေဆို လူနာတွေ ကုန်ကျစားရိတ်တွေကို အစပိုင်းမှာလျော့ပေးဖို့ ကြိုးစားခဲ့ပေမဲ့ အခက်အခဲတွေ ဆက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

"အသက်ကယ်ဖို့ အခြေနေတွေအပြင် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လူအများစုမရကြဘူး" လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ နိုင်ငံတကာ အဖွဲ့ရဲ့ခေါင်းဆောင် ဂျိုင်း ဆင်ဟာကပြောပါတယ်။

ပျက်စီးနေတဲ့ စနစ်

ဒါ့အပြင် ကိုဗစ်လို ကမ္ဘာ့ကပ်ရောဂါတားဆီးရေး အတွက် နောက်ထပ် အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

"ကိုဗစ် ကာကွယ်ဆေးထိုးတဲ့ ကိစ္စကို ဇန်နဝါရီလက စလုပ်ခဲ့ပေမဲ့ အခုတော့ အဲ့ဒီကိစ္စမှာ ပါခဲ့တဲ့ သူတွေ ဆက်မပါကြတော့ဘူး၊ ကိုဗစ်ကာကွယ်ရေး အတွက် ကျွန်တော်တို့လုပ်နေတာတွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်လာတဲ့ အချိန်မှာ ရောဂါရှိမရှိ စစ်ဆေးမှုတွေ ဆက်မလုပ်ကြတော့သလို ကုသမှုတွေဘက်မှာလည်း ချို့တဲ့အားနည်းမှုတွေဖြစ်လာလို့ လူထု ကျန်းမာရေးစောင့်ရှောက်မှုဟာ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဆရာဝန်တွေ၊သူနာပြုတွေနဲ့ အခြားကျန်းမာရေးလုပ်သားတွေ ဆန္ဒထွက်ပြခဲ့ကြ

ကိုဗစ် -၁၉ ရောဂါကို ရှာဖွေအတည်ပြု စမ်းသပ်မှု စနစ်ကလည်းပျက်စီးနေတဲ့အပြင် စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကလည်း အားကိုးယုံကြည်စရာမရှိသလို ဖြစ်နေပါတယ်။

အာဏာမသိမ်းခင် ဇန်နဝါရီလတုန်းက မြန်မာပြည်ထဲက ကိုဗစ်ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၅၅၁၅ ဦးရှိခဲ့‌ပေမဲ့ အာဏာသိမ်းပြီး မတ်လထဲမှာတော့ ၅၃၈ဦးအထိကျသွားတာကြောင့် ၉၇ ရာနှူန်းထိတောင် လျော့သွားတယ်လို့ ပြောနိုင်ပါတယ်။

ကူးစက်ရောဂါ ပျံ့နှံ့ခြင်းနဲ့ ကာကွယ်ခြင်းနဲ့ ဆိုင်တဲ့ သုံးသပ်ချက်မပါဘဲ ပြောရရင်တော့ ရောဂါပိုး ထိန်းမနိုင်သိမ်းမရဖြစ်ပြီး သေတာတွေများလာနိုင်တယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ကြောက်စရာကောင်းတဲ့အ‌ခြေအနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြား ရောဂါကူးစက်ပြန့်ပွားမှုတွေ ကလည်း တိုးလာသလို ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်၂၀အတွင်းမှာ မြန်မာပြည်က‌ ရောဂါကူးစက်ပြန့်ပွားနှုန်းက နှေးသွားတယ်လို့ ဆရာဝန်တွေက ပြောနေတဲ့ တီဘီရောဂါနဲ့ အိတ်ချ် အိုင်ဗီရောဂါလိုကူးစက်နှုန်းက ပြန်တိုးလာနေပါတယ်။

ဥပမာအားဖြင့် အိတ်ချ်အိုင်ဗီ ရောဂါကူးစက်မှုကို ၁၉၉၀ကျော်နှစ်တွေတုန်းက မြန်မာနိုင်ငံမှာ ရင်ဆိုင်ခဲ့ရပေမဲ့ နိုင်ငံတကာအကူအညီထောက်ပံ့မှုနဲ့ အစိုးရကဦးဆောင်လုပ်ဆောင်တဲ့ အစီအစဥ်ကြောင့် အိတ်ချ်အိုင်ဗီပိုးကူးစက်မှုနဲ့ အတူ သေနှုန်းတွေလည်း ကျဆင်းလာခဲ့ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲဂယက်ကြောင့် အဲ့ဒီအစီအစဥ်တွေ လုံးဝရပ်လုနီး ပါးဖြစ်သွားတယ်လို့ MSF အဖွဲ့ရဲ့ ပါဗလိုကိုလိုဗော့စ်က ပြောပါတယ်။

" မြန်မာပြည်ရဲ့ အကျိုးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်တွေ အလျင်အမြန်ပျောက်ဆုံးသွားတာ ဝမ်းနည်းစရာကောင်းအောင်တွေ့မြင်နေရသလို ထိတ်လန့်စရာ လည်းကောင်းပါတယ်။" လို့ သူကပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ဆက်လုပ်ဖို့ အင်တင်တင်ဖြစ်နေတဲ့အတွက် နိုင်ငံတကာအလှူရှင်ကြီးတွေကလည်း သန်းနဲ့ ချီတဲ့ နာတာရှည်လူနာတွေကို စောင့်ရှောက်မှုပေးနေတဲ့ သူတို့ အစီအစဥ်တွေကို ငွေတွေကို ဆက်မပေးတော့ဖို့ စလုပ်နေကြတယ်လို့ လည်းသူက ထပ်ဖြည့်ပြောပါတယ်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသမှုတွေမရှိရင် မြန်မာနိုင်ငံ အမှောင်ခေတ်ကို ပြန်ရောက်သွားနိုင်

မြန်မာပြည်အထဲနဲ့ အပြင်ဘက်ကလူတွေသိချင်နေတဲ့ မေးခွန်းက ဒီအခြေအနေအတိုင်း ဘယ်လောက်အထိ ဆက်သွားရမလဲဆိုတာပါ။

"ကျွန်တော်တို့တွေ ချောက်ကမ်းပါးဆီကို ဦးတည်ပြီး လျှောက်သွားနေရတဲ့သူတွေလို ဖြစ်နေတယ်။ ပြေလည်အောင်လည်း ဘယ်လိုဖြေရှင်းရမှန်း မသိသေးဘူး။

လူအဖွဲ့အစည်းတိုင်းအတွက် အဓိကကျောရိုးဖြစ်တဲ့ အခြေခံကျန်းမာရေး စောင့်‌ရှောက်မှုဟာ မြန်မာပြည်မှာ စ ပြိုလဲနေပြီ" လို့ မစ္စတာ ဆင်ဟာက ပြောပါတယ်။

ဒေါက်တာကြည်ကြည်ဟာ ဇန်နဝါရီလကတည်းက လစာမရတော့ပေမဲ့ သူ့စုထားတဲ့ငွေတွေ၊ မိဘတွေရဲ့ အကူအညီအထောက်အပံ့နဲ့ ဆက်ရှင်သန်နေပါတယ်။

တစ်ဖက်မှာလည်း လူနာတွေ ဒုက္ခရောက်နေကြတာကို သူနားလည်ပါတယ်။

" လူနာတွေအကြောင်းတွေးမိလေ ကျွန်မတို့ပို စိတ်မကောင်းရလေပါပဲ။ ကျွန်မတို့ ခံစားနာကျင်နေရပေမဲ့ ကျွန်မတို့ ဆက်လုပ်သွားမှာပါ။ အခုချိန်မှာ ကျွန်မတို့ကိစ္စတွေထက် ကျွန်မတို့ တိုင်းပြည်ကိစ္စက အရေးကြီးဆုံးလို့ ထင်တယ်။ အဲ့လိုမှမဟုတ်ရင် နောက်ထပ် နှစ်၂၀ သို့မဟုတ် ၃၀ လောက် ထပ်ခံရဖို့ ရှိတယ်လို့ ကျွန်မတို့သိနေပါတယ် "လို့‌ ဒေါက်တာကြည်ကြည်ကပြောပါတယ်။

(ဆောင်းပါးထဲပါတဲ့သူတွေရဲ့ နာမည်အချို့ကို အမည်လွှဲသုံးထားပါတယ်)


BBC Burmese

https://www.bbc.com/burmese/burma-56894821

စစ်အာဏာသိမ်းပြီးနောက် ပျက်စီးယိုယွင်းလာနေတဲ့ မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်  စစ်အာဏာသိမ်းပြီးနောက် ပျက်စီးယိုယွင်းလာနေတဲ့ မြန်မာ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် Reviewed by THITHTOOLWIN on 07:21 Rating: 5

No comments:

Powered by Blogger.