ရွှေလီ တကျော့ပြန် ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်



Share/Bookmark

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှာ ကိုဗစ်ရောဂါကူးစက်သူ အယောက် ၆၀ ကျော်လာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ဒီကနေ့ ထုတ်ပြန်လိုက်ပြီး အသွားအလာ ပိတ်ဆို့မှုတွေနဲ့အတူ မြန်မာ- တရုတ်နယ်စပ် ကုန်စည်စီးဆင်းမှုလည်း လုံးဝရပ်တန့်သလောက် ဖြစ်သွားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။

ရွှေလီမှာ ကိုဗစ်အတည်ပြုလူနာ အသစ် ၂ယောက် ဒီနေ့ ထပ်တိုးလာပြီး မတ်လကုန်ကနေ ဧပြီလ ၆ ရက်အထိ ၆၈ ယောက်ရှိသွားပြီလို့ ယူနန်ကျန်းမာရေး ကော်မရှင်က ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။

မြန်မာ- တရုတ်နယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့နှစ်ခုမှာ ကိုဗစ်ရောဂါတွေ့ရှိပြီး စစ်ဆေးမှုတွေ စတင်လုပ်ရာကနေ အခုလိုထပ်မံတွေ့လာရတာပါ။ ဒီထဲမှာ မြန်မာ ၁၅ ယောက်ထက်မနည်း ကူးစက်ခံရကြောင်း စာရင်းတွေမှာ ဖော်ပြထားပေမဲ့ အရေအတွက် အတိအကျကို သီးသန့်ခွဲထုတ် ပြထားတာတော့ မရှိပါဘူး။

ရောဂါပြန်စတွေ့တဲ့ ကျယ်ဂေါင်ကို lockdown အရင်ချပြီး ရွှေလီကိုတော့ ဒီရက်ပိုင်းမှာ ဆက်ပိတ်လိုက်တာပါ။ ကျန်းမာရေးအတွက် သီးသန့်စောင့်ကြည့် ခံရတဲ့ မြန်မာအများစုလည်း ကုန်ကျစရိတ်တွေရှိလာပြီး အလုပ်တွေပိတ်ထားလို့ အခက်အခဲ ကြုံနေရတယ်လို့ကြင်နာနွေးထွေ ပရဟိတအဖွဲ့က ဦးနောင်နောင်းက ဗွီအိုအေကို ပြောပြပါတယ်။

“ ကျနော်သိရသလောက် အခုလောလောဆယ် အနေအထားကတော့ အကုန်လုံး ပိတ်လိုက်ပြီဗျ၊ အပြင်ထွက်လို့မရတာ တခု၊ အလုပ်အကိုင်တွေ ပိတ်ထားတယ် သွားလာလို့ မရဘူး။ ၅ ရက်နေ့က အဲဒီနေ့က ရောဂါတွေ တအားဖြစ်လို့ဆိုပြီး ပိတ်ပြီး ထိုးပေးတယ် ကျန်းမာရေးဆေးပေါ့။ စိုးရိမ်နေတာက အခု ကျူဝင်ရမယ့်သူတွေ ဟိုတယ်တွေမှာ သွားပြီးဝင်ရရင် ငွေကြေးတွေက မတန်တဆကြီးတွေပေါ့၊ တချို့လူတွေ ပြောတာ တလစာတောင် လုပ်ခမရသူတွေ ကျူဝင်ဖို့ပေးရတာတွေ ရှိတယ်။ အဆင်မပြေတာလေးတွေ ရှိတာပေါ့။ ဒီနိုင်ငံသားတွေ တော်တော်များများကတော့ ကျူဝင်ကြတယ်။ ဒီရောဂါ မရှိဘူး ဆိုရင်တော့ ဆောက်လုပ်ရေးကလည်း ဆောက်လုပ်ရေးလုပ် လခစားလုပ်တဲ့သူကလည်း လခစားလုပ် သူ့ဟာသူ လည်ပတ်တယ်လေနော။”

အကန့်အသတ်နဲ့သွားနေတဲ့ မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေးကလည်း မနေ့ကစပြီး လုံးဝရပ်တန့်သွားပြီး ဆန်အပါအဝင် သကြား၊ ကုန်ခြောက်နဲ့ ရေထွက်ကုန်တွေ တင်ပို့လို့ မရတော့ကြောင်းလည်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ရွှေလီမြို့ထဲက သူတွေကတော့ ဈေးတောင်ထွက်ဝယ်လို့ မရတော့ဘူး၊ အိမ်ထဲမှာနေခိုင်းတာ။ အဲဒီအတွက် ဂိတ်ကတော့ လုံးဝပိတ်လိုက်တယ်။ ဘယ်နေ့ ပြန်ဖွင့်မယ် ဆိုတာကတော့ မသိဘူး၊ lockdown ချတာကတော့ ၁ပတ်တော့ ချထားတယ်၊ ဒီအတွက် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ လုံးဝရပ်တန့်သလောက် ဖြစ်သွားပြီ။ ဒါပေသိ ဖရဲသီးတို့၊ သခွားသီးတို့ ကျတော့ ရွှေလီမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျင်စန်းကြော့ဂိတ်ကနေ ဝင်ခွင့်ပြုတယ်။”

ဧပြီလ ၅ ရက်နေ့အထိ ယူနန်ပြည်နယ်က လူပေါင်း ၅၀၀၀၀၀ ကျော်ကို ကာကွယ်ဆေး ထိုးပြီးဖြစ်ကြောင်း ယူနန်အစိုးရရဲ့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားကြောင်း ပြည်နယ်ကျန်းမာရေး ကော်မရှင်က ရေးသားထားပါတယ်။ ဒါဟာ တရုတ် ယူနန်ပြည်နယ် ရွှေလီနဲ့ ကျယ်ဂေါင်မှာ တနှစ်ကြာပြီး ဒုတိယအကြိမ်မြောက် ကူးစက်မှုလည်းဖြစ်ကြောင်း တရုတ်သတင်းဌာနတွေမှာ ရေးသားကြပါတယ်။


VOA Burmese

https://burmese.voanews.com/a/china-burma-border-closed-down-due-to-covid/5844152.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ