စစ်ကောင်စီတပ် ပစ်ခတ်လို့ ၂၄ နာရီအတွင်း လူရှစ်ဦးထက်မနည်း သေဆုံး


မြန်မာတွေရဲ့ ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲဟာ ဒီနေ့နောက်ဆုံးဖြစ်ပြီး သင်္ကြန်အတက်နေ့လည်း ဖြစ် ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်မှာ သင်္ကြန်ပွဲ ဆင်နွှဲခြင်းမလုပ်လိုတဲ့ ပြည်သူတွေအားလုံးကတော့ တော်လှန်သင်္ကြန် အဖြစ်ပြောင်းလဲပြီး သပိတ်မှောက်ထားဆဲဖြစ်တာကြောင့် မြို့နယ်တိုင်းဟာ တိတ်ဆိတ် ခြောက်ကပ်စွာနဲ့ ဒီနေ့မှာလည်း အသံတိတ်သပိတ်အဖြစ်နဲ့ပဲ ဖြတ်သန်းခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာတော့ မနေ့ည ပစ်ခတ်မှုကြောင့် ဒေသခံအနည်းဆုံး ခြောက်ယောက် သေဆုံးပြီး ၂၀ ကျော်လောက် ပျောက်ဆုံးနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွင်း ဖမ်ဆီးမှုတွေကြောင့် ဧပြီလ ၁၅ ရက် မနေ့ နေ့လယ်ပိုင်းကနေ ဧပြီလ ၁၆ ရက် ဒီနေ့ထိ ၂၄ နာရီလောက်အတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ ၈ ယောက်သေဆုံးခဲ့ပြီး သေနတ်ဒဏ်ရာရသူတွေလည်းရှိသလို နှစ်ဆယ်ကျော်လောက် သေဆုံးသလား အဖမ်းခံရလား သေချာမသိရသေးဘဲ ပျောက်ဆုံးနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အနီး မိုင်တိုင် ၁၂ မှာ ကျေးရွာလုံခြုံရေးဆောင်ရွက်နေတဲ့ ဒေသခံပြည်သူတွေကို ဧပြီလ ၁၅ ရက် မနေ့ညနေ ၄ နာရီလောက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်အင်အား ၂၀၀ ကျော်နဲ့ လာရောက် ပစ်ခတ်ဖြိုခွင်းခဲ့လို့ ရွာသား ခြောက်ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက အရပ်သားနှစ်ယောက် ပါတဲ့ကားကို ပြန်ပေးဆွဲ ရှေ့ဆုံးကထားပြီး စစ်ကား ၁၂ စီးနဲ့ လာပစ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။

ဒီနေ့အချိန်အထိ သေဆုံးတာ ၆ ယောက်၊ ဒဏ်ရာရတာ ၆ ယောက်နဲ့ အဖမ်းခံရတာလို့ ယူဆရတဲ့ ပျောက်ဆုံးနေသူ အယောက် ၂၀ လောက်ရှိတာကြောင့် နီစပ်ရာ တောတွေထဲမှာ လိုက်လံရှာဖွေနေတယ်လို့ ဒေသခံကဆိုပါတယ်။

ဒေသခံ ရွာသားနောက်တစ်ယောက်ကလည်း စစ်ကောင်စီက လာပစ်တာကြောင့် ဒေသခံတွေက တူမီး သေနတ်နဲ့ ပြန်လည်ခုခံခဲ့ပေမယ့် ပြည်သူဘက်က အကျဆုံးများပြီး ပျောက်နေသူတွေရှိတယ်လို့ အတည်ပြုပါတယ်။

မနေ့က ဖြစ်စဉ်မှာ ကျဆုံးခဲ့တဲ့သူတွေက မိုးကောင်းကျေးရွာက သုံးယောက်၊ ထမ်းစင်ကျေးရွာက တစ်ယောက်၊ လည်ရှည်ကျေးရွာက တစ်ယောက်နဲ့ သမင်ရပ်ကျေးရွာက တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

အခုလ ၂ ရက်နေ့ကလည်း ကနီမြို့နယ်အနီးက သပြေအေးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသားတွေ ထိပ်တိုက်တွေ့ခဲ့ပြီး ရွာသား သုံးယောက် သေဆုံးခဲ့သလို ငါးဖျက်ကျေးရွာသား ဦးစိုးသူလည်း သေနတ် ဒဏ်ရာနဲ့ ဒီနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဧပြီလ ၁၅ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေ တစ်ညလုံး ပစ်ခတ်ခဲ့ တာကြောင့် ပြည်သူနှစ်ယောက် သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

သပိတ်ခေါင်းဆောင်တွေ ခံတပ်ဖွင့်ထားတဲ့ မြင်းခြံမြို့ ၆ ရပ်ကွက်ကို စစ်ကောင်စီတပ်တွေ ည ၁ဝ နာရီခွဲ လောက်ကနေစပြီး ဒီနေ့ မနက် ၂ နာရီကျော်အထိ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုကတုံးဆိုသူနဲ့ အသက် ၃၀ အရွယ် အမည်စုံစမ်းနေဆဲ အမျိုးသားတစ်ယောက် သေနတ်ကျည်ထိမှန် သေဆုံးသွားတာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

"သေသွားတဲ့သူ နှစ်ယောက်က ကြည့်ရ တော်တော်ဆိုးတယ်၊ အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ကို ဖြစ်နေတာ၊ အလောင်းကို မြေပြင်မှာ တရွတ်တိုက် ဆွဲထားပုံပေါ်တယ်၊ မနေ့ညက အချက် ၂၀၀ လောက်ကို ပစ်တာ၊ ကျနော်တို့အလံနက် ထောင်ထားတဲ့ ရပ်ကွက်ထဲကို ဘာသပိတ်တွေမှ မရှိတာကို ဘေးတွေကနေ ဝင်ပစ်တာ၊ ရပ်ကွက်တွေထဲကို ဝင်ပစ်တာ" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့သူတွေနဲ့ ဖမ်းဆီးခံရတဲ့သူရှိပြီး ရပ်ကွက်ထဲက လူငယ်တွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဧပြီလ ၁၆ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်တွေ ထပ်လာတာမရှိသေးဘူးလို့ ဒေသခံက ပြောပါတယ်။

မြင်းခြံမြို့မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သား ၂၆ ယောက်အထိ ရှိနေပါပြီ။

ကလေးမြို့မှာလည်း ဒီမနက် ၆ နာရီဝန်းကျင်လောက် လှိုင်သာယာရပ်ကွက်နဲ့ အခြားရပ်ကွက်တွေကို စစ်တပ်နဲ့ ရဲတွေက စစ်ကားသုံးစီး အင်အားသုံးဆယ်လောက်နဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း ရှောင်တခင် စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒီနေ့မနက်က အိမ်ကို အစစ်ဆေးခံခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက အိမ်ထောင်ဦးစီး နာမည်တွေကို ရေးမှတ်ပြီး အိမ်မှာ လက်နက်တွေရှိမရှိ စတာတွေကို မေးမြန်းခဲ့ကြတယ်လို့ပြောပါတယ်။

ကလေးမြို့မှာ စစ်တပ်နဲ့ ရဲက ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပြီး နေအိမ်တွေကို စစ်ဆေးတာတွေ၊ အသွားအလာ တွေကို စစ်ဆေးတာတွေ ရှိနေပေမယ့် ဆန္ဒပြပွဲတွေဟာလည်း နေ့စဉ်လိုလိုရှိနေပါတယ်။

ဒီနေ့မနက်က စစ်တပ်နဲ့ ရဲက နေအိမ်တွေကို ဝင်ရောက်စစ်ဆေးပြီးနောက် ကလေးမြို့ဒေသခံတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်ဆန္ဒပြပွဲကို ပြောက်ကျားစနစ်နဲ့ ဆက်လက် ပြုလုပ်ခဲ့ ကြပါတယ်။

ရန်ကုန်တိုင်း သုံးခွမြို့နယ် ရဲစခန်းမှာ ဧပြီလ ၁၅ ရက် မနေ့ည ၈ နာရီလောက်က ရဲတပ်ကြပ် တစ်ယောက်ကို ဒုရဲအုပ်က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

သေဆုံးသူကတော့ ရခိုင်လူမျိုးတစ်ယောက်ဖြစ်တယ်ဆိုတာသာ သိရပြီး ဘာကြောင့်ပစ်တယ်ဆိုတာ မသိရသေးကြောင်း ဒေသံတစ်ယောက်က RFA ကိုပြောပါတယ်။

မြို့ပေါ်မှာတော့ နေရာအနှံ့စစ်ဆေးတာတွေရှိနေပြီး ရဲစခန်းထဲမှာ စစ်တပ်ကပါ စခန်းချနေတာကြောင့် အပြင်လူတွေနဲ့ ကင်းကွာနေလို့ အဖြစ်ရပ်အသေးစိတ်ကို မသိရှိနိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီရဲစခန်းမှာ သင်္ကြန်အကြိုနေ့ကတည်းစလို့ နေ့တိုင်းသင်္ကြန်ပွဲတော်ကျင်းပနေတာဖြစ်ပြီး သောက်စား မူးယစ်တာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သုံးခွမြို့မှာတော့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံတွေက သင်္ကြန်ပွဲ ကျင်းပတာ မရှိပါဘူး။

စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက် သပြေလမ်းက အိမ်တစ်အိမ်ကို ဧပြီလ ၁၅ ရက် မနေ့ညပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေဝင်ရောက်ရှာဖွေပြီး အနည်းဆုံး လေးယောက်လောက်ကို ဖမ်းဆီး သွားပါတယ်။

ဘာကြောင့်ဖမ်းဆီးလည်းဆိုတာတော့ မသိရသေးပါဘူး။

တစ်နိုင်ငံလုံးက မြို့နယ်တွေ တော်တော်များများမှာလည်း မြန်မာနှစ်သစ်ကူးသင်္ကြန် နောက်ဆုံးနေ့ဖြစ်တဲ့ ဧပြီလ ၁၆ ရက် အတက်နေ့ ဒီနေ့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်၊ မုန့်လုံးရေပေါ်သပိတ်အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

RFA Burmese



စစ်ကောင်စီတပ် ပစ်ခတ်လို့ ၂၄ နာရီအတွင်း လူရှစ်ဦးထက်မနည်း သေဆုံး စစ်ကောင်စီတပ် ပစ်ခတ်လို့ ၂၄ နာရီအတွင်း လူရှစ်ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.