သင်္ကြန်ပွဲတော် ပုံမှန်ကျင်းပနိုင်ဖွယ် မရှိ

ဧပြီလ ၁၂ ရက် နှစ်သစ်ကူး သင်္ကြန်အခါသမယနေ့ မြင်ကွင်းတချို့

စစ်အာဏာသိမ်းခံရ ကာလအတွင်း ဒီကနေ့ စတင်မယ့် နှစ်သစ်ကူး သင်္ကြန်အခါသမယကို ပုံမှန်မကျင်းပနိုင်ပါဘူး။ အာဏာသိမ်းထားတဲ့ စစ်တပ်ကလည်း နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို နှိမ်နင်းနေသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲ ဖြစ်နေတာပါ။ တဖက်မှာလည်း စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြသူတွေက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေ အနေနဲ့ သင်္ကြန်အခါသမယ ကို ကျင်းပကြဖို့ စည်းရုံး လှုပ်ရှားနေကြပါတယ်။

စစ်တပ်က ဖွဲ့ထားတဲ့ အုပ်ချုပ်ရေး ကောင်စီကို ဆန္ဒပြရင်း သင်္ကြန်ကျကြဖို့ ရန်ကုန်မြို့က လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ နိုင်ငံရေးသမား ဒေါ်အိသ ဉ္စာမောင်က သူမရဲ့ လူမှုကွန်ရက် Facebook ကနေ စည်းရုံးနေသလို မုံရွာ သပိတ်ကို ဦးဆောင်သူ တဦး ဖြစ်တဲ့ ဦးဝေမိုးနိုင်ကလည်း သင်္ကြန်မှာ ဆန္ဒပြမယ့် အစီအစဉ်ကို ဗွီအိုအေကို အခုလို ပြောပါတယ်။

" အကြိုနေ့မှာကတော့ အတာအိုးသပိတ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အတာသင်္ကြန်ကို ကြိုဆိုတဲ့အနေနဲ့ ပန်းတွေစိုက်ပြီးတော့ အတာအိုးတွေကို ကိုယ့်အိမ်ရှေ့မှာ ချထားကြမယ်။ အကျနေ့မှာကတော့ “သွေးမတိတ်သပိတ်” ဆိုပြီးတော့ နွေဦးတော်လှန်ရေးမှာ အသက်သွေး ပေးဆပ်သွားခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများကို အောင်းမေ့တသတဲ့အနေနဲ့ အနီရောင်ဆေးတွေကို အိမ်တွေ၊ ခြံဝန်းတွေ၊ အိမ်ရှေ့လမ်းတွေပေါ်မှာ ပက်ဖြန်းခြင်းအားဖြင့် ကျနော်တို့ဆင်နွှဲဖို့ ရှိမယ်။ "

အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကလည်း ဒီနှစ် သင်္ကြန်ပွဲတော်တွေ အတွက် ပေါ်ပေါ်ထင်ထင် ပြင်ဆင်နိုင်တာတော့ မတွေ့ရပါဘူး။ နိုင်ငံတဝန်းမှာ အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်ရှိနေပြီး ဆန္ဒပြပွဲတွေကို လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် အရပ်သား ၇၀၀ ကျော် သေဆုံးထားရသလို တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာလည်း တိုက်ပွဲတွေ အရှိန်ပြင်းလာနေတာကြောင့် နိုင်ငံတဝန်း သင်္ကြန်ပွဲတော် အားလပ်ရက်က ပုံမှန် ကျင်းပနိုင်ဖို့ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်က နိုင်ငံတဝန်း COVID-19 ပျံ့နှံ့ ကူးစက်မှုတွေကြောင့် သင်္ကြန်ပွဲတော်တွေ မကျင်းပနိုင်ခဲ့သလို အခု နှစ်မှာတော့ စစ်အာဏာသိမ်းမှု ဂယက်ကြောင့် ဒုတိယမြောက်နှစ် အဖြစ် သင်္ကြန်ပွဲတွေ ပုံမှန် မကျင်းပနိုင်တာ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-will-not-celebrate-new-year-thingyan-/5850443.html

သင်္ကြန်ပွဲတော် ပုံမှန်ကျင်းပနိုင်ဖွယ် မရှိ သင်္ကြန်ပွဲတော် ပုံမှန်ကျင်းပနိုင်ဖွယ် မရှိ Reviewed by THITHTOOLWIN on 06:22 Rating: 5

No comments:

Powered by Blogger.