ကနီမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတဦး နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံး


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမကျေးရွာမှာ ‌ဒေသခံနှစ်ဦးကို ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တရက်မှာ တဦးရဲ့အလောင်းကို လာရောက်ထုတ်ယူဖို့ အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဧပြီလ ၂၇ ရက်နေ့ မနက်က အသက် ၃ဝ ကျော်အရွယ် ကိုကျော်နိုင်ဆိုသူနဲ့ တူဖြစ်သူ အသက် ၂ဝ ဝန်းကျင် လူငယ်တို့ နှစ်ဦး ကနီမြို့နယ် သင်းကံ သစ်တောဂိတ်အနီး ဆိုင်ကယ်နဲ့ ဖြတ်သန်းစဉ် စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တာဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့မနက်မှာ ကိုကျော်နိုင်ရဲ့ရုပ်အလောင်းကို ကနီမြို့ရင်ခွဲရုံမှာ လာရောက်ထုတ်ယူဖို့ နယ်မြေခံရဲစခန်းက မိသားစုကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

ကိုကျော်နိုင်ရဲ့ ရုပ်အလောင်းမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ အလောင်းထုတ်ယူစဉ်က မြင်တွေ့ခဲ့တဲ့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

'ပုခုံးနှစ်ဖက်မှာ စစ်ဖိနပ်နဲ့ ကန်ထားတာ ညိုမည်းနေတာပဲ။ နောက်ကျောတွေမှာရော ပေါင်နှစ်ဖက်မှာရော။ အဆိုးဆုံးက ညာဘက်နားအုံနဲ့ ဘယ်ဘက်ရင်ညွန့်မှာ ဆောင့်ကန်ထားတာ"

ကိုကျော်နိုင်နဲ့အတူ ဖမ်းဆီးထားတဲ့ လူငယ်ကိုလည်း ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ အခုအချိန်ထိ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့အတွက် လောလောဆယ် နယ်မြေခံရဲစခန်းကို ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီမြို့နယ်အတွင်းမှာ ဧပြီလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ပစ်ခတ်နေတာကြောင့် ဒေသခံတွေဘက်က ရရာလက်နက်နဲ့ ခုခံနေရာမှာ ရက် ၂၀ ကျော်အတွင်း ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ယင်းမာပင်နဲ့ ကနီမြို့နယ်အတွင်းက ဝင်းကုန်း၊ သီးကုန်း၊ သပြေအေး စတဲ့ ကျေးရွာတွေအပါအဝင် စုစုပေါင်း ကျေးရွာ ၁၀ ခုက ရွာသူရွာသား တစ်သောင်းနီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/residen-death-in-sagaing-04282021152600.html

ကနီမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတဦး နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံး ကနီမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူတဦး နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံး Reviewed by THITHTOOLWIN on 05:55 Rating: 5

No comments:

Powered by Blogger.