မြန်မာ့အရေး အာဆီယံကြားဝင်ဖြေရှင်းမှု တရုတ်လိုလား

မြန်မာ့အရေး အာဆီယံကြားဝင်ဖြေရှင်းမှု တရုတ်လိုလား တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi။

Photo: AFP

မြန်မာ့အရေး အာဆီယံအသင်းက ဒီတပတ်ထဲ အရေးပေါ် အစည်းအဝေး ခေါ်ယူထားပေမဲ့ ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်လာနိုင်မလားဆိုတာကတော့ မရေမရာ ဖြစ်နေပါတယ်။

အာဆီယံမှာ အရေးပေါ် အစည်းအဝေးကို ဧပြီ ၂၄ စနေနေ့မှာ ကျင်းပဖို့ရှိနေချိန်မှာပဲ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့နဲ့ အာဆီယံရဲ့ အကူအညီယူဖို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

“သဘောထား ကွဲပြားမှုတွေကို လျှော့ချနိုင်အောင် ဆက်သွယ်ပြောဆိုမှုတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို တိုးမြှင့် ဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှု နည်းလမ်းတွေကို ပိုသုံးသင့်ပါတယ်။” ဆိုပြီး ကုလသမဂ္ဂနဲ့ ဒေသတွင်းနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အွန်လိုင်း အဆင့်မြင့်ဆွေးနွေးပွဲအဖွင့်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားတာပါ။

ဖိအားပေးအရေးယူတဲ့ လုပ်ရပ်မျိုးတွေကိုလည်း လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်နဲ့သာ ဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့ပါတယ်။ မြန်မာ့အရေး အာဆီယံအသင်းက ကြားဝင်စေ့စပ်မယ့် အစီအစဉ်ကို အားပေးကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း တနိုင်ငံရဲ့အရေးကို ဝင်မစွက်ဖက်ရေး၊ ဘုံသဘောတူညီချက် ရရှိရေး စတဲ့ အာဆီယံရဲ့ အခြေခံမူတွေအရ မြန်မာ့အရေးမှာ ထိထိရောက်ရောက် အဖြေထွက်ပါ့မလား ဆိုတဲ့အပေါ်မှာလည်း မေးခွန်း တွေ ထွက်ပေါ်နေပါတယ်။

အာဆီယံအသင်းဝင်ဖြစ်တဲ့ မလေးရှားနိုင်ငံကတော့ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို လက်ခံကြ လိမ့်မယ်လို့ မျှော်လင့်ကြောင်း အင်္ဂါနေ့မှာပဲ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်က အရေးပေါ် အစည်းအဝေးမှာ အာဆီယံအသင်းဝင် ကိုယ်စားလှယ်တွေ ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုတွေကို မြန်မာဖက်က လက်ခံဖို့ မျှော်လင့်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein က ပြောဆိုလိုက်တာ ပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် နိုင်ငံအနှံ့ ဆန့်ကျင် အုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်၊ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် လူပေါင်း ရာဂဏန်းအထိ သေကြေထိခိုက်ခဲ့ရသလို၊ ထောင်နဲ့ချီ ဖမ်းဆီးထားတာကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့အရေး အမြန်ဆုံးဖြေရှင်းဖို့ ဖိအားပေး တောင်းဆိုနေချိန်မှာပဲ အာဆီယံအသင်းက အရေးပေါ်အစည်းအဝေးခေါ်ဖို့ သဘောတူထားတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီအစည်းအဝေးကို အာဆီယံအသင်းဝင်ဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/asean-myanmar-china-04202021115447.html

မြန်မာ့အရေး အာဆီယံကြားဝင်ဖြေရှင်းမှု တရုတ်လိုလား  မြန်မာ့အရေး အာဆီယံကြားဝင်ဖြေရှင်းမှု တရုတ်လိုလား Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.