ဆိပ်ကမ်းစီမံကိန်း စစ်တပ်နှင့်ဆက်စပ်မှုရှိ မရှိ အိန္ဒိယကုမ္ပဏီပြန်သုံးသပ်မည်





(၃၁-၃-၂၀၂၁)

ရန်ကုန်မှာဆောက်လုပ်ဖို့ပြင်နေတဲ့ ဆိပ်ကမ်းစီမံကိန်းဟာ အာဏာသိမ်းစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ဆက်စပ်မှုရှိနေတယ်ဆိုပြီး စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့အတွက် ဒီစီမံကိန်း ဆက်လုပ်သင့် မသင့်ကို တာဝန်ရှိသူတွေ၊ အစုရှယ်ယာပိုင်ရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရှိ Adani Group က ဒီနေ့ ကြေညာပါတယ်။

Adani Ports and SEZ Ltd ကုမ္ပဏီဟာ Yangon International Terminal ဆောက်လုပ်ခွင့်ကို ၂၀၂၀ မှာ လွတ်လပ်တဲ့ ကုမ္ပဏီတခုအနေနဲ့ ရရှိခဲ့တာပါ။

ဒါပေမယ့် The Australian Centre for International Justice နဲ့ Justice for Myanmar အဖွဲ့တို့ရဲ့ အင်္ဂါနေ့ထုတ်ပြန်ချက်အရ ဒီကုမ္ပဏီဟာ ဆိပ်ကမ်းစီမံကိန်း မြေငှားခအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ (MEC) ကို ပေးရဖို့ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ ထွက်ပေါ်လာပါတယ်။

ဦးပိုင်ကုမ္ပဏီ (MEC) ဟာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို အဓိကဝင်ငွေရှာပေးနေတဲ့ ကုမ္ပဏီဖြစ်တယ်ဆိုပြီး  ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမေရိကန်အစိုးရက ဒဏ်ခတ်ခံရတဲ့ စစ်တပ်ပိုင် ကုမ္ပဏီနှစ်ခုထဲက တခုဖြစ်နေပါတယ်။

ဂျပန် ဘီယာကုမ္ပဏီ Kirin ဟာလဲ မကြာသေးခင်ကပဲ ဦးပိုင်နဲ့လမ်းခွဲခဲ့ပြီးဖြစ်ပါတယ်။

Adani ကတော့ ဦးပိုင်ကုမ္ပဏီ (MEC) ကို သူတို့ကုမ္ပဏီ ငွေပေးနေရတယ်လို့ တိုက်ရိုက်မပြောပါဘူး။ အရပ်သားအစိုးရအောက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က တဆင့် ဥပဒေအတိုင်းဆောင်ရွက်တာလို့ပြောပါတယ်။

“ကျနော်တို့ဟာ ကမ္ဘာ့အဆင့်ရှိတဲ့ ကုမ္ပဏီပါ၊ မြန်မာနိုင်ငံကအခြေအနေကို အထူးသတိထားပြီး အနီးကပ်စောင့်ကြည့်နေပါတယ်။ ရှေ့ဆက်လုပ်ရမယ့်ကိစ္စအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အစုရှယ်ယာရှင်တွေနဲ့ ကျနော်တို့ ဆွေးနွေးတိုင်ပင်သွားမှာပါ” လို့ Adani ကုမ္ပဏီပြောခွင့်ရသူက ရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သူတို့ကုမ္ပဏီ က ကန့်ကွက်ရှုတ်ချကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သူတို့လုပ်ငန်းကြား ဆက်စပ်မှုမရှိအောင် လွတ်လပ်တဲ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်သွားမယ်လို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။

ဒါဟာ အာဏာသိမ်းစစ်တပ်ကို ဝင်ငွေရှာပေးနေတဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေ ခပ်ဝေးဝေးနေကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မနေ့က တောင်းဆိုမှုလုပ်အပြီးမှာ ကုမ္ပဏီတွေဖက်က အခုလို ဆောင်ရွက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ဆိပ်ကမ်းစီမံကိန်း စစ်တပ်နှင့်ဆက်စပ်မှုရှိ မရှိ အိန္ဒိယကုမ္ပဏီပြန်သုံးသပ်မည် ဆိပ်ကမ်းစီမံကိန်း စစ်တပ်နှင့်ဆက်စပ်မှုရှိ မရှိ အိန္ဒိယကုမ္ပဏီပြန်သုံးသပ်မည် Reviewed by THITHTOOLWIN on 00:41 Rating: 5

No comments:

Powered by Blogger.