မိုးမောက်မြို့နယ်အတွင်းရှိ ရွာအချို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိတ်လန့်နေ





ဧပြီ-၁၃ 

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ စီဟက်၊ မြင်းကြမ်း၊ မြို့ဟောင်း၊ ကုန်းလောစသည့် ရွာများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ အလွန်စိုးရိမ် ထိတ်လန့် နေကြရကြောင်း သိရသည်။ 

ဧပြီလ (၁၁) ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့်ကေအိုင်အေတို့  ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ယနေ့ ဧပြီလ (၁၃) ရက်နေ့အထိ ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။ 

" ဘယ်အချိန်ထဖြစ်မလဲဆိုပြီး ကျွန်တော်တို့မှာ တောထဲတောင်ထဲလည်း မထွက်ရ၊ အလုပ်လုပ်ချင်လည်းမလုပ်ရ၊ လက်နက်ကြီးသံပဲကြားနေရတာ။ ကိုယ့်အိမ်က နေခွာပြီးကို မသွားရဲဘူး။ ဒေသခံ လက်လုပ်လက်စားတွေကလည်း လက်သမားပဲသွားလုပ်ရမလိုလို ကျောက်ကောက် သဲကောက် ငါးဖမ်းလည်း ချောင်းထဲ မဆင်းရဲဘူး၊ ခေါင်းတောင် မဖော်နိုင်ဘူး" ဟု မြို့သစ်‌ကျေးရွာဒေသခံတစ်ဦးက ပြောသည်။ 

ဧပြီလ( ၁၁)ရက်နှင့် (၁၂) ရက်နေ့ မိုးမလင်းမီ အချိန် လက်နက်ကြီးများသည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲပြီး ရွာသား( ၃) ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူများရှိကြောင်းနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက အောက်ပါအတိုင်း ပြောသည်။ 

" သူတို့ရည်ရွယ်ချက်နဲ့ သူတို့ကိုက်ညီ‌ အောင် သူတို့လုပ်တာတော့ ဘာမှမ‌ပြောလိုဘူး။ ကျွန်တော်တို့ ပြည်သူတွေအကြောင်းမဲ့ မမှန်မကန်တဲ့ လက်နက်အစုတ်အပျက်တွေနဲ့ ပစ်တော့ကျွန်တော်တို့ပြည်သူတွေပဲနာတယ်။ သူတို့က ပစ်လိုက်တယ် ဒီက ကျတယ်သေတယ်ဗျာ။ အဲဒါတစ်အားရင်နာတယ်ဗျာ" ဟုပြောသည်။ 

ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးမှ ထောက်ပံ့ငွေအဖြစ် သေဆုံးသွားသူ တစ်ဦးကို ငွေကျပ် (၃) သိန်း၊ နေအိမ်ပျက်စီးသည့် အိမ်ကို ကိုးသောင်းကျပ် ပေးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရှိသူများမှာ ဆေးရုံးဆင်းလက်မှတ်မရှိသည့်အတွက် ထောက်ပံ့မှုမရခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။ 

စစ်ကောင်စီတပ်မှ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ ကျေးရွာများနှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အလောဘွမ် တပ်စခန်းတွင် လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ဂျက်လေယာဉ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မိုးမောက်မြို့နယ်အတွင်းရှိ ရွာအချို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိတ်လန့်နေ မိုးမောက်မြို့နယ်အတွင်းရှိ ရွာအချို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိတ်လန့်နေ Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.