အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှု အခြေအနေ


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာ့အရေး အာဆီယံညီလာခံ ကျင်းပတဲ့နေရာမှာ ကန့်ကွက်မှုတွေ ရှိတဲ့ကြားက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အမတ်တွေအများစု ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တွေကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေအကြား သုံးသပ်ဆွေးနွေးကြမယ့် အာဆီယံညီလာခံ ကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေ ရောက်ရှိလာတာကို မနေ့က တွေ့ရတာပါ။
အာဆီယံအဖွဲ့ကြီးဟာ လူ့အခွင့်အရေးအဖွဲ့တွေ ကန့်ကွက်နေတဲ့ကြားက အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ပြုလိုက်တဲ့အတွက်လည်း ဝေဖန်ကန့်ကွက်တာတွေ ခံနေရပါတယ်။
အထူးသဖြင့် ခုချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အာဆီယံညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ခြင်းမရှိတာဟာ အာဆီယံအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူ အပေါ် ဝေဖန်စရာ ဖြစ်နေပါတယ်။
ဒါကတော့ NUG အစိုးရအဖွဲ့က ဒေါ်နော်စူဆန်နာလှလှစိုးက စစ်တပ်က အာဏာသိမ်းတာကို အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု ထောက်ခံပြီး ပူးပေါင်းဆောက်ရွက်ခြင်းအားဖြင့် မြန်မာပြည်သူတွေ ကို အကူအညီပေးဖို့ အာဆီယံ နိုင်ငံခေါင်းဆောင်တွေကို တောင်းဆိုသွားတာပါ။
အခုလ ၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အမျိုးသားညီညွတ်ရေးအစိုးရ NUGကို ဖွဲ့စည်းကြောင်း ကြေညာတဲ့နောက် NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း နိုင်ငံအချို့က ပြောကြားလာခဲ့ပေမယ့်၊ NUG အစိုးရကိုသာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ပြတ်ပြတ်သားသား ကြေညာတာမျိုးတော့ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အားပေးထောက်ခံလေ့ရှိတဲ့ နိုင်ငံတွေက နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်အချို့ကို RFA ကနေ ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာ တွေ့ရပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကြိုးပမ်း အားထုတ်မှုတွေကို ချီးကျူးဂုဏ်ပြုပါတယ်။ မကြာခင်က CRPH အဖွဲ့ဝင်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ရာမှာ CRPH အနေနဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာဖို့ စုစည်းညီညွတ်ပြီး မတူကွဲပြားတဲ့ အမြင်တွေအားလုံး ပါဝင်လာအောင် ကြိုးပမ်းနေတာ သိခဲ့ရပါတယ်။ CRPH အနေနဲ့ မြန်မာနိုင်ငံတဝှမ်းက တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေခဲ့တာကို အသိအမှတ်ပြုပါတယ်။”
ဒါကတော့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရ သဘောထားကို RFA က မေးမြန်းရာမှာ နိုင်ငံရေးခြားရေးဌာနပြောခွင့်ရသူတစ်ဦးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာရှင် စစ်ကောင်စီအစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အကြပ်အတည်းကို ဖြေရှင်းနိုင်တဲ့ အာဏာရှိနေတဲ့အတွက် အကြမ်းဖက်မှု အားလုံးကို အမြန်ဆုံး ရပ်တန့်ဖို့ လိုကြောင်းလည်း RFA အတွက် သီးသန့် ဖြေကြားချက်ထဲမှာ ပါရှိပါတယ်။
အလားတူပဲ ဥရောပသမဂ္ဂအီးယူကလည်း NUG အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့ အစီအစဉ်ရှိမရှိ RFA က မေးမြန်းရာမှာ ခုလို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
“CRPH ကနေ ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ထဲမှာ ထိမ်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပြင် တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ နဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေ ပါဝင်တာတွေ့ရပါတယ်။ အခုလို NUG အစိုးရ အဖွဲ့ကို ဖွဲ့လိုက်နိုင်တာဟာ မြန်မာ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြပ်အတည်းကို ဖြေရှင်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်မယ့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဥရောပသမဂ္ဂ (EU) အနေနဲ့ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာ ရှိနှင့်ပြီ ဖြစ်ပါတယ်။”
ဒါကတော့ ဥရောပသမဂ္ဂရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာမူဝါဒဌာနက ပြောခွင့်ရပုဂ္ဂိုလ် မစ္စ နာဘီလာ မက်စ်ရာလီက RFA မြန်မာပိုင်းအတွက် သီးသန့် ဖြေကြားချက် ဖြစ်ပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂ အနေနဲ့လည်း NUG အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်နေတာ ရှိနှင့်ပြီး ဖြစ်တယ်လို့လည်း မစ္စမက်စ်ရာလီက ပြောပါတယ်။
အလားတူပဲ ဧပြီလ ၂၀ ရက်က ယူကေနိုင်ငံ အာရှရေးရာ ဝန်ကြီး နိုင်ဂျယ်အဒမ်စ် က NUD အစိုးရရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနဲ့ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီမိုကရေစီအတွက် ရပ်တည်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့တာကို မြန်မာနိုင်ငံဆိုင်ရာ ယူကေနိုင်ငံသံရုံးကနေ ထုတ်ပြန်ခဲ့ပါတယ်။
NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရှိမရှိ ဆိုတာကို ကြေညာချက် ထုတ်ပြန်တာ တစ်ခုတည်းနဲ့ မဆုံးဖြတ်ပဲ၊ လက်တွေ့မှာ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့အချက်နဲ့ ဆုံးဖြတ်သင့်တယ်လို့ က NUD အစိုးရရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက မနေ့က RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။
“အသိအမှတ်ပြုတယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက် ထုတ်တာက အဓိက မဟုတ်ဘူး။ ဥပမာပေါ့ ကျွန်တော်တို့ NUG အစိုးရနဲ့ အမေရိကန်အစိုးရနဲ့ ဘယ်လောက် ပူးပေါင်းဆောင်ရွက်မှု ရှိသလဲဆိုတာပဲ ကြည့်ပေးပါ။ အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု များလေလေ၊ အသိအမှတ်ပြုမှု ဒီဂရီက များလေလေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥရောပသမဂ္ဂ နဲ့လည်း လုပ်စရာတွေ အများကြီး ရှိပါတယ်။ အသိအမှတ်ပြုခြင်းရဲ့ တကယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ လက်တွေ့မှာ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နေသလဲ ဆိုတာ အပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော် ပြောပါရစေ။”
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို တရားဝင် အသိအမှတ်ပြုတဲ့ နိုင်ငံအားလုံးဟာ ရွေးကောက်ပွဲ နိုင်ရတဲ့ လွှွတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ NUG အစိုးရကို အသိအမှတ်ပြုရာရောက်တယ်လို့လည်း ဒေါက်တာ ဆာဆာက ပြောပါတယ်။
အမေရိကန်နိုင်ငံ Carlton college က နိုင်ငံရေး သိပ္ပံ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ဒေါက်တာ ထွန်းမြင့်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုမှုတွေ များလာရင် မြန်မာ့နိုင်ငံရေးအခြေအနေဟာ အကောင်းဘက်ကို ပိုရောက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အကယ်၍၊ အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြုမှုတွေ ရှိမယ်ဆိုရင် မြန်မာ စစ်တပ်ထဲမှာ စစ်ခေါင်းဆောင်တွေ အချင်းချင်း ဖယ်ရှင်းရမှာတွေ ရှိလာမယ်။ အဲဒီနည်းနဲ့ လမ်းပေါက်လာနိုင်တဲ့အတွက် ကျွန်တော်ကတော့ ကောင်းတဲ့ဘက်ကို ပိုမြင်တယ်။ အကယ်၍ မကောင်းတဲ့ ဘက်ကနေ ကြည့်မယ်ဆိုရင်တော့၊ တပ်မတော်အနေနဲ့ ငါ သေလဲမထူးတော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်မယ်ဆိုရင်တော့ သွေးထွက်သံယိုမှုတွေ ပိုများလာမယ်။ ပြည်တွင်းစစ်ဖြစ်တဲ့ အနေအထားလောက်အထိ ရှိလာနိုင်တယ်။ အဲဒီပုံစံနဲ့ ကြည့်မယ်ဆိုရင်တော့ မကောင်းတဲ့ ဘက်ကို သွားနိုင်တာပေါ့ဗျာ။”
အမျိုးသားညီညွတ်ရေး NUG အစိုးရအနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှု ရှိဖို့ အရေးကြီးတဲ့အပြင်၊ ပြည်တွင်းမှာလည်း တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လက်ခံအသိအမှတ်ပြု လက်ခံမှုရဖို့ လိုအပ်တယ်လို့ ဒေါက်တာထွန်းမြင့်က သုံးသပ်ပြောကြားခဲ့ပါတယ်။

RFA Burmese



အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှု အခြေအနေ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှု အခြေအနေ Reviewed by THITHTOOLWIN on 07:02 Rating: 5

No comments:

Powered by Blogger.