အင်းစိန်က ညကင်းစောင့်သူတဦး နှိပ်စက်ဒဏ်ရာများနဲ့ သေဆုံး



ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်မှာ ညကင်းစောင့်သူတဦး ကင်းချိန်အပြီး အိမ်အပြန်လမ်းမှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ မိသားစုက လိုက်လံစုံစမ်းရမှာတော့ လှိုင်သာယာဆေးရုံမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အလောင်းကို တွေ့ခဲ့ရတယ်လို့ မိသားစုဝင်တဦးက RFA ကို ပြောပါတယ်။

အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်မှာ ဧပြီလ ၁၂ ရက် တနင်္လာနေ့ မနက်ပိုင်းက ညကင်းစောင့်သူတဦး ဖြစ်တဲ့ ကိုကျော်လွင်ထွေးဟာ ရပ်ကွက်ထိပ်မှာ မသင်္ကာစရာ ကားတစီးကို တွေ့လို့ လိုက်ကြည့်ရာကနေ ပျောက်ဆုံးသွားခဲ့တာလို့ အမည်မဖော်လိုသူ ကင်းအဖွဲ့ခေါင်းဆောင်တဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ ကင်းချိန်အပြီး ၄ နာရီအကျော်မှာ သူကလည်း သူ့တာဝန်ရှိတဲ့အတွက် မသင်္ကာဖွယ်ရာ ကားတစီးက ဟိုလိုလို ဒီလိုလို ဖြစ်နေလို့ သူက လိုက်ကြည့်တာ။ လိုက်ကြည့်ရင်းနဲ့ အ.ထ.က ၃ ရှေ့မှာ ဖြစ်သွားတာပဲ။"

အင်းစိန်မြို့နယ် အောင်ဆန်းက အ.ထ.က ၃ အထက်တန်းကျောင်းထဲမှာ စစ်ကားသုံးစင်းနဲ့ စစ်သားအင်အား ၉ဝ ကျော် တပ်စွဲထားတာ ၂ ပတ်ကျော်ရှိပြီလို့လည်း သူက ဆိုပါတယ်။

"ကျနော်တို့ဆီကနေ ၅ နာရီနီးပါးလောက်က ဆိုင်ကယ်နဲ့ထွက်သွားတယ်။ ထွက်သွားပြီး အိမ်ပြန်မလာတဲ့အချိန်မှာ မနက်ပိုင်း ၈ နာရီလောက်မှာ သိရတယ်။ ဖုန်းတွေလည်း ဆက်လို့မရတဲ့အတွက် ကျနော်တို့နည်းနဲ့ ကျနော်တို့ လိုက်စုံစမ်းတော့မှ ကျောင်းထဲကို ခေါ်သွားတယ်ဆိုပြီး မြင်တဲ့သူတယောက်ကလည်း လာပြောပါတယ်။"

သေဆုံးသူ ကိုကျော်လွင်ထွေးရဲ့အစ်မကတော့ ပျောက်ဆုံးနေတဲ့ မောင်ဖြစ်သူသတင်းကို စုံစမ်းရင်း လှိုင်သာယာဆေးရုံကို သယ်သွားတယ်လို့ မျက်မြင်တွေ့သူတယောက်ရဲ့ ပြောဆိုချက်ကြောင့် ဆေးရုံကို သွားရောက်မေးမြန်းချိန်မှာ ရဲအရေးပိုင်က ရင်ခွဲရုံကို လိုက်လံပြသခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"မနက် ၇ နာရီလောက်က ရောက်လာချိန်မှာ ဦးနှောက်ကသေနေပြီတဲ့ နှလုံးကခုန်သေးတယ်တဲ့။ အခုတော့ဆုံးသွားပြီတဲ့။ ကျမတို့ အဲဒီကို ရောက်သွားတဲ့အချိန်မှာ ၁ဝ နာရီခွဲလောက်ရှိသွားပြီ။ ရင်ခွဲရုံကို ရောက်ပြီး ဖွင့်လိုက်တော့ ကျမမောင်လေးဖြစ်နေတယ်။ ဆိုင်ကယ်မှောက်တာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ယာဉ်ထိန်းရဲကပြောတာကကျတော့ ဆိုင်ကယ်မှောက်တယ်ဆိုပြီး ရဲကင်းက ဆက်လို့ ပရဟိတကား ခေါ်ပေးတယ်လို့ ပြောတယ်။ ဆိုက်ကယ်မှောက်တယ်ပုံဆိုရင်လဲ ပွန်းရာပဲ့ရာတွေရှိရမှာ။ ဦးထုပ်ကလဲ ပါသွားပေမယ့် အခုဦးထုပ်လဲ မတွေ့ဘူး။ ဆိုင်ကယ်ကလဲ မီးလုံးတခုတည်း ရိုက်ခွဲထားတဲ့ပုံမျိုးဖြစ်နေပြီး ကျန်တာက အကောင်းအတိုင်းပဲ။ ပြီးတော့ လက်သည်းခွံတွေကို ဆွဲချွတ်ထားတဲ့ ပုံစံမျိုး လက်သည်းခွံတွေ လန်ပြန်ပြီး လက်ထိပ်လေးတွေကလည်း အကုန်အညိုအမည်း စွဲနေတယ်။"

လောလောဆယ်မှာ ဆရာဝန်ဆီက ဆေးမှတ်တမ်း ထွက်မလာသေးဘူးလို့လည်း သေဆုံးသူ ကိုကျော်လွင်ထွေးရဲ့အစ်မက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ဖို့ အင်းစိန်မြို့နယ် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။ ဆုံးပါးသွားတဲ့ အသက် ၃၉ နှစ်အရွယ် ကိုကျော်လွင်ထွေးမှာ ဇနီးနဲ့ သမီးနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းအရ ဧပြီလ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်း ဖမ်းဆီး သတ်ဖြတ်တာကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၇ဝဝ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

RFA Burmese




အင်းစိန်က ညကင်းစောင့်သူတဦး နှိပ်စက်ဒဏ်ရာများနဲ့ သေဆုံး အင်းစိန်က ညကင်းစောင့်သူတဦး နှိပ်စက်ဒဏ်ရာများနဲ့ သေဆုံး Reviewed by THITHTOOLWIN on 06:46 Rating: 5

No comments:

Powered by Blogger.