ဆန္ဒပြပွဲတွေပစ်ခတ်ဖြိုခွင်းခံရမှု အနည်းဆုံး လေးဦးသေဆုံး


စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီမနက် ၈ နာရီလောက်က နန္ဒဝန်ရပ်ကွက်ကိုပိတ်ဆို့ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် သုံးဦး သေဆုံးပြီး၊ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေး နေသူတွေက ပြောပါတယ်။

သေဆုံးသူ သုံးဦးထဲက နှစ်ဦးရဲ့ရုပ်အလောင်းကို စစ်ကားပေါ်တင်သွားတာ မြင်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတစ်ဦးက ပြောပါတယ်။

“သုံးယောက်ကျသွားပြီလို့တော့ သိရတယ်ဗျ။ အဲဒီထဲကတစ်ယောက်ကတော့ ကျွန်တော်တို့လက်ထဲကို ရောက်နေတယ်။ နောက်နှစ်ယောက်ကတော့ သူတို့လက်ထဲကိုပါသွားပြီ ပြန်သယ်လို့ မရတော့ဘူး။ အခုဟာက ပြည်ထောင်စုလမ်းနဲ့ ကျောက်ကာလမ်းတောက်လျှောက်နဲ့ နန္ဒဝန်ရပ်ကွက်ကိုဝင်မယ့် လမ်းကြားကို အကုန်ပိတ်ထားတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဝင်လို့မရဘူး။ ဒီ့ပြင်ရပ်ကွက်တွေက အကူတွေလည်း ဝင်လို့မရဘူး။ အကုန်လုံးကိုတောက်လျှောက် သူတို့ စစ်ကားတွေနဲ့ လမ်းကြိုလမ်းကြား တွေကအစ အကုန်လုံးတပ်စွဲထားတော့ အဲဒီရပ်ကွက်ကို ဘယ်သူမှသွားကူလို့ မရဘူးဖြစ်နေတယ်ဗျ။ အဲဒီရပ်ကွက်တွေထဲကို ဒီနေ့မနက် ၈ နာရီလောက်ကနေ စဝင်ပြီးတော့ ပစ်နေခတ်နေတာပေါ့နော်”

ပေါင်၊ လက်မောင်းနဲ့ လည်ပင်းတွေမှာ ကျည်ထိမှန်သူ သုံးဦးရှိပြီး၊ အဲဒီအထဲက လည်ပင်း ကျည်ထိမှန်သူ ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

ဒီကနေ့ မုံရွာသပိတ်လမ်းကြောင်းတွေကို ဖြိုခွင်းရာမှာ နန္ဒဝန်၊ မြဝတီ၊ စက်မှုန်ဇုန်ရပ်ကွက်တွေကို ပိတ်ဆို့ပြီး အိမ်လမ်းကြားတွေထဲအထိ ဝင်ပစ်တာကြောင့် အိမ်တွေမှာ မနေရဲဘဲ ထွက်ပြေးကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ စစ်တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၃ ဦးရှိသွားပါပြီ။

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာလည်း ဗိုလ်ချုပ်ပန်းခြံရှေ့မှာ စစ်တပ်နဲ့ရဲက နေရာယူထားပြီး၊ မြို့အဝင်ကစလို့ ဆိုင်ကယ်နဲ့ ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပေမယ့် ဒီလိုအတားအဆီးတွေကြားကပဲ ဆိုင်ကယ် တွေနဲ့ လှည့်ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

မွန်ပြည်နယ် သထုံမြို့ ပေါ်တော်မူရွာမှာလည်း ဒီမနက် ၉ နာရီလောက်က သပိတ်စစ်ကြောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းလို့ အသက် ၅ဝ ကျော်အရွယ် ဦးသိန်းတန်ဆိုတဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူကို သထုံဆေးရုံမှာ အရေးပေါ်တင်ထေားရတယ်လို့ မျက်မြင်တွေ့ရှိသူ ကိုကိုကြီး က ပြောပါတယ်။

“ကျွန်တော်တို့ ဒီမနက် ဘုရားလမ်းကနေ သပိတ်စစ်ကြောင်းလာတယ်။ လာတော့အဲမှာ ကျွန်တော်တို့ ပေါ်တော်မူ စေတီလေးရှေ့မှာ သူတို့ကဖြိုခွင်းတယ်။ အဲလိုဖြိုခွင်းတော့ ကျွန်တော်တို့က ပြေးတယ်၊ ပြေးတော့ ကျွန်တော်တို့ လမ်းပေါ်ရပ်ကြည့်တော့ သူတို့က သေနတ်ကျည်အစစ်တွေနဲ့ ပစ်တော့တာပဲ။ အဲမှာ တစ်ယောက်က ကျဆုံးသွားတယ်။ အသက်ကတော့ ၅၀ ကျော်ပြီ။ သူ့နာမည်က ဦးသိန်းတန်ပါ။ တစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီးတော့ သထုံဆေးရုံပေါ်မှာရှိနေတယ်”

သပိတ်စစ်ကြောင်းထဲမှာပါတဲ့ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး သုံးဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

RFA က သီးခြားပြုစုထားတဲ့စာရင်းအရ - အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ ဧပြီ ၃ ရက်နေ့အထိ သေဆုံးသူ ၅၈ဝ ကျော် ရှိသွားပါပြီ။

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်တံတားအနီးမှာလည်း ဘုရားကြီးသပိတ်စစ်ကြောင်း၊ ပညာရေး သပိတ်စစ်ကြောင်း၊ ဗကသများအဖွဲ့ချုပ်နဲ့ ရက်ကန်းလုပ်သားတွေ စုပေါင်းပြီး ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို လာရောက်ဖြိုခွင်းပေမယ့် ထိခိုက်ဒဏ်ရာရသူ အခုထိ မရှိသေးဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်သူ တချို့က ပြောပါတယ်။ မန္တလေးမြို့တွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှည့်လည်နေပြီး တချို့ နေရာတွေမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမှာလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ မနက်ပိုင်းမှာ လူမဲ့သပိတ် ဆင်နွှဲခဲ့ပြီး၊ နေ့ခင်းမှာ ဆိုင်ကယ်သပိတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် စစ်တပ်နဲ့ရဲတွေ ရောက်လာတာကြောင့် မလုပ်ဖြစ်ခဲ့ဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ လူမဲ့သပိတ်တော့ မနက် ၇ နာရီ ၈ နာရီလောက်က လုပ်ဖြစ်တယ်ဗျ။ နေ့လယ် ၁ နာရီလောက်မှာတော့ ဆိုင်ကယ်သပိတ်လုပ်ဖို့လုပ်တာ သူတို့ရောက်လာလို့ အကုန်လူစုခွဲလိုက်ရတယ်ဗျ”

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြမှုအတွင်း လူပေါင်း ၇၀ လောက် အထိ အဖမ်းခံထားရပြီး အကြိမ်းဖက်ဖြိုခွင်းခံရမှုကြောင့် နှစ်ဦးထပ်မနည်း သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါ တယ်။
ရှမ်းပြည်မြောက်ပိုင်းမှာလည်း ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့တာပါ။ ကျောက်မဲမြို့မှာတော့ ဒီမနက် ထိုင်သပိတ် ဆင်နွှဲခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်မတွေ့အောင် လူစုခွဲခဲ့ကြပါတယ်။

သီပေါမြို့ရဲ့ အချက်အချာကျတဲ့ စန်းမာလာဥယျာဉ်မှာလည်း မနေ့ညကတည်းက တပ်စွဲထားသလို၊ လုံခြုံရေး တင်းကျပ်ထားတာကြောင့် လူမဲ့သပိတ်သာ ဆင်နွှဲခဲ့ရတယ်လို့ စီစဉ်သူတစ်ဦးက ပြောပါတယ်။

အလားတူ လားရှိုးမှာလည်း နေ့ရောညပါ ဖမ်းဆီးမှုတွေရှိနေတာကြောင့် လူမဲ့သပိတ်နဲ့ ပျောက်ကျားသပိတ် တွေပဲ ဆင်နွှဲနေကြပါတယ်။

တရုတ်နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာလည်း မနေ့ကတည်းက ဆန္ဒပြသူတွေရဲ့ခံတပ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လိုက်လံဖျက်ဆီးခဲ့ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ သေဆုံးနေတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သတိပေးနေတဲ့ကြားကပဲ ဆက်လက်ဖြို ခွင်းနေတာကြောင့် သေဆုံးသူအရေအတွက် နေ့စဉ် တိုးလာနေတာဖြစ်ပါတယ်။

RFA Burmese



ဆန္ဒပြပွဲတွေပစ်ခတ်ဖြိုခွင်းခံရမှု အနည်းဆုံး လေးဦးသေဆုံး ဆန္ဒပြပွဲတွေပစ်ခတ်ဖြိုခွင်းခံရမှု အနည်းဆုံး လေးဦးသေဆုံး Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.