မြန်မာကျန်းမာရေး လုပ်ငန်းတွေ တိုက်ခိုက်ခံရမှု ကုလထပ်မံသတိပေး

ဖေဖော်ဝါရီ ၃ ရက်နေ့က CDM လုပ်ကြတဲ့ ကျန်းမာရေးဝန်ထမ်းများ

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ဆေးရုံဆေးခန်းတွေ၊ ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေးလုပ်သားတွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက ဧပြီလ ၂၃ ရက် သောကြာနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

"ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို အကာကွယ်ပေးဖို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ ထပ်ပြီး တောင်းဆိုလိုက်ကြောင်း" ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစပြီး အတိုက်ခိုက်ခံရတဲ့ ကျန်းမာရေးစောင့်ရှောက်ကုသ ပေးတဲ့ ဌာနပေါင်းက ၁၂၀ ရှိနေပြီး ဒီလိုအတိုက်ခိုက်ခံရတဲ့ အတွက် သေဆုံးရသူ ၁၁ ယောက်နဲ့ ဒဏ်ရာရသူက ၄၈ ယောက် ရှိနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒါဟာ အလားတူအချိန်အတောအတွင်း ကမ္ဘာတလွှားမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အတိုက်ခိုက်ခံရတာ အားလုံးရဲ့ လေးပုံသုံးပုံ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတလွှားက ကျန်းမာရေးစောင့်ရှောက်တဲ့ဌာန အနည်းဆုံး ၃၈ ခုကို လုံခြုံရေးတပ်တွေက ဆက်ပြီး သိမ်းပိုက်ထားတာအတွက် ကုလသမဂ္ဂက အထူးစိတ်ပူသလို အထူးကုဆရာဝန်လို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအပါအဝင် ဆရာဝန်အနည်းဆုံး ၁၃၉ ယောက်ဟာ အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ဆိုပြီး အရေးယူခံနေရတယ်လို့လည်း ပြောပါတယ်။

ဆေးရုံတွေဟာ လူနာတွေအတွက် အားကိုးစရာနေရာတခု အဖြစ်ဆက်ရှိစေရမှာ ဖြစ်သလို ဆေးပညာရှင်တွေကလည်း သူတို့အလုပ်ကိုသူတို့ စိုးရိမ်မှုမရှိပဲ ခြိမ်းခြောက် ဖမ်းဆီးမှာတွေ ကြောက်မနေရအောင် သူတို့ကိုယ်တိုင်ရော ဆေးရုံဆေးခန်းတွေပါ အချိန်တိုင်းအန္တရာယ် ကင်းအောင် ထားပေးဖို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-health-workers-un-/5864908.html

မြန်မာကျန်းမာရေး လုပ်ငန်းတွေ တိုက်ခိုက်ခံရမှု ကုလထပ်မံသတိပေး မြန်မာကျန်းမာရေး လုပ်ငန်းတွေ တိုက်ခိုက်ခံရမှု ကုလထပ်မံသတိပေး Reviewed by THITHTOOLWIN on 06:17 Rating: 5

No comments:

Powered by Blogger.