ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဖမ်းဆီးခံရ

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဖမ်းဆီးခံရ ရုပ်ရှင် သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်။

Photo: PyayTiOo/Facebook

ရုပ်ရှင် သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို ဒီကနေ့ညနေမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ရန်ကုန်၊ ဗဟန်းမြို့နယ်ထဲက နေအိမ်မှာ ဖမ်းဆီးလိုက်တာလို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဒီည ထုတ်လွှင့်ကြေညာသွားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ရုပ်ရှင် သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး၊ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ CDM မှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကိုလည်း ငွေကြေးထောက်ပံ့ ကူညီခဲ့ပါတယ်။

ဒီလို ထောက်ပံ့ကူညီမှုတွေဟာ တိုင်းပြည်ဆူပူအောင်လုပ်တာဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ စွပ်စွဲ တရားစွဲထားတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာပါဝင်တဲ့ အနုပညာရှင်တွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ဆက်တိုက်တရားစွဲဆိုနေပြီး လိုက်လံဖမ်းဆီးနေပါတယ်။

စာပေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းက တရားစွဲခံရသူ အယောက် ၁၂၀ ကျော် ရှိနေပြီး အဲ့ဒီထဲက ၁၀ ယောက်ကျော် ဖမ်းဆီးခံထားရပါတယ်။

လက်ရှိ ဖမ်းဆီးခံနေရသူတွေထဲမှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာလူမင်း၊ စာရေးဆရာ မောင်သာချို၊ လူရွှင်တော်ဇာဂနာ၊ သရုပ်ဆောင် ရဲတိုက်၊ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်၊ အဆိုတော် စောဖိုးခွားနဲ့ ဖေ့စ်ဘွတ်မှာ နာမည်ကြီးတဲ့ ဘလော့ဂါ ဝင်းမင်းသန်းတို့လည်း ပါဝင်ပါတယ်။

အနုပညာရှင်အများအပြားက ဖမ်းဆီးခြင်း မခံရအောင် အခု ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/famous-actors-got-arrested-04092021113211.html

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဖမ်းဆီးခံရ  ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 00:56 Rating: 5

No comments:

Powered by Blogger.