ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်



စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွားတွေ ဖြစ်နေတဲ့အတွက် ရက် ၂၀ ကျော်အတွင်း ပြည်သူ ၂၀ ထက်မနည်း သေဆုံးပြီး၊ ရွာသူရွာသား တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဧပြီလ ၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သပြေအေးရွာက “ကျေးရွာပေါင်းစုံ ဆန္ဒပြသပိတ် ဦးဆောင် ဆရာတော်” ဖြစ်တဲ့ သပြေအေးဆရာတော်ကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးဖို့ ကြိုးစားတာကို ပြည်သူတွေက ပြန်လည်ခုခံရာကစလို့ ယင်းမာပင်နဲ့ ကနီမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရက်အနည်းငယ်စီခြားပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆရာတော်ကို လာဖမ်းဖို့ ကြိုးစားတဲ့ ဧပြီ ၂ ရက်ကနေ ဒီကနေ့ ဧပြီ ၂၃ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော် အတွင်းမှာ တိုက်ပွဲ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ပြည်သူတွေဟာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အင်အားကြီးတဲ့ စစ်ကောင်စီတပ်ကို ရရာလက်နက်နဲ့ တွန်းလှန်နေရတာဖြစ်လို့ CRPH အနေနဲ့ လက်နက်တွေ ထောက်ပံ့ပေးစေချင်တယ်လို့ အမည်မဖော်လိုတဲ့ ကနီမြို့ခံတစ်ယောက် ပြောပါတယ်။

စစ်တပ်ဘက်က စစ်အင်အား ရာနဲ့ချီပြီး ဒေသကို လာရောက်ပစ်ခတ်နေတဲ့အတွက်၊ ပြည်သူတွေဘက် ကလည်း ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်တဲ့ ကေတီဗွီနဲ့ စားသောက်ဆိုင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့သလို ရေခပ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေကို ပြန်လည်ခုခံနေတဲ့ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းက ကျေးရွာတွေဟာ တောင်တောင်တွေမှာ သားကောင်ကို တူးမီးသေနတ် အသုံးပြုပြီး ဖမ်းဆီးလေ့ရှိတဲ့ဒေသဖြစ်လို့ လက်နက်နဲ့ ရင်းနှီးသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ကို တူမီးသေနတ်နဲ့ ပြန်လည်တုံ့ပြန်ခဲ့တဲ့အတွက် နှစ်ဘက် အပြန်အလှန် တိုက်ပွဲတွေ ဖြစ်နေတာပါ။

ယင်းမာပင်နဲ့ ကနီမြို့နယ်အတွင်းမှာ တူမီးသေနတ်ကိုင်ဆောင်ထားသူ အနည်းဆုံး တစ်သောင်းကျော်ရှိနေပြီး စစ်ကောင်စီက လာရောက်ပစ်ခတ်တဲ့ ဒေသတွေကို ကျန်တဲ့ဒေသအားလုံးကနေ လာရောက်ကူညီပြီး တုံ့ပြန်ပစ်ခတ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို တုံ့ပြန်တဲ့အတွက် စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ကျေးရွာတွေထဲ ဝင်ရောက်လာတာကြောင့် ယင်းမာပင်နဲ့ ကနီမြိုနယ်အတွင်းရှိ ဝင်းကုန်း၊ သီးကုန်း၊ သပြေအေး စတဲ့ကျေးရွာတွေအပါအဝင် စုစုပေါင်း ကျေးရွာ ၁၀ ခုက ဒေသခံတစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သားတွေ အင်အား အလုံးအရင်းနဲ့ ရွာထဲဝင်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပုံကို ဝင်းကုန်း ကျေးရွာ က အမျိုးသမီးတစ်ဦး က အခုလို ပြောပြပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်တာနက်မရတဲ့ အဲဒီဒေသတွေမှာ ငွေကြေးတွေ လုယက်တာ၊ စားသောက်ဆိုင်က ဘီယာပုလင်းတွေ၊ ကြက်ကြော်တွေ၊ နေအိမ်တွေက ဆန်အိတ်တွေနဲ့ ဒေသခံတွေ မွေးမြူထားတဲ့ ဝက်တွေပါမကျန် လုယက်ကြတယ်လို့ အဲဒီ ဝင်းကုန်းရွာသူ အမျိုးသမီးက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့ကတော့ သပြေအေးရွာမှာ စစ်တပ်က ပစ်ခတ်လို့ သေဆုံးသူတွေကို ရွာသားတွေက အလောင်းသွားကောက်ယူဖို့ သွားရာမှာ ရွာသား ၄၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သပြေအေးရွာ ဒေသခံက ပြောပါတယ်။

ဒီနေ့မှာတော့ ဖမ်းဆီးထားသူကို ငွေပေးပြီးတော့ ပြန်လွတ်မြောက်လာတယ်လို့ သပြေအေးရွာခံတစ်ဦး က RFA ကို ပြောပါတယ်။

“သပြေအေးရွာသား လေးဆယ့်ငါးယောက်ဗျ၊ ဒီနေ့တော့ ပြန်လွတ်ပေးတယ် ။ငွေကြေးလေးတော့ နည်းနည်းပေးရတယ်တဲ့ဗျ။ စစ်တပ်နဲ့ ရဲတွေက စစ်ကား အများအပြားနဲ့ လာပြီးတော့ ကျေးရွာ အတွင်းက ဆန်၊ ဆီ၊ ကြက်တွေကိုလည်း ယူဆောင်သွားတယ်"လို့ ဝမ်းကုန်းဒေသခံတစ်ဦးက ပြောပါတယ်။

"ဆန်တွေ ဆီတွေ ယူတယ်။ ကြက်တွေ ယူတယ်။ လူတွေကိုတော့ ဒုက္ခမပေးသွားဘူးရယ်။ ဒီလို ဘေးလွတ်ရာကို ထွက်ပြေးသိမ်းရှောင်ရတာကြောင့် အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေလည်း အရိပ်မရှိတဲ့နေရာတွေမှာ ကလေးငယ်တွေနဲ့ အသက်ကြီးသူဟာ နေမကောင်းဖြစ်တာတွေ ရှိနေတယ်။”

ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီဘက်က “ရွာသားတွေ လက်နက် လာအပ်ရင် အေးအေးဆေးဆေး နေရမယ်ဆိုပြီး စည်းရုံးနေတယ်” လို့ ယင်းမာပင်မြို့နယ် ၊ကပိုင်ကျေးရွာက ဒေသခံတစ်ယောက်က ပြောပါတယ်။

ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်အောင်မေရီ ကတော့ ဒီခုခံ ကာကွယ်ရေး တိုက်ပွဲမှာ ပြည်သူတွေ အသက်တွေ ဆုံးရှုံးနေရပေမယ့် တိုက်ပွဲတစ်ခုလုံးကို ရှုံးမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်က ဒေသခံတွေကို RPG အသုံးပြုပြီးလည်း ပစ်ခတ်ကြောင်း၊ ပြည်သူတွေဘက်ကလည်း ရရာလက်နက် စွဲကိုင်ပြီး ခုခံနေတာကြောင့် စစ်ကိုင်းတိုင်း အတွင်းက ယင်းမာပင်နဲ့ ကနီမြို့နယ်မှာ နှစ်ဘက်အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပြကြပါတယ်။

RFA Burmese



ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ် ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.